နိုင်ငံတော်အနေဖြင့် ၁၉၈၈ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကိုစတင်ကျင့်သုံးခဲ့ပြီးနောက် ရန်ကုန်မြို့တွင် လက်ကားကုန်စည် ဒိုင်နယ်မြေကြီးတစ်ခုထူ ထောင်ရန်ရည်ရွယ်ပြီး ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဘုရင့်နောင်လက်ကားကုန်စည် ဒိုင်ကို ထူထောင်ခဲ့သည်။ ထိုစဉ်က လယ်ယာထွက်ကုန်နှင့် အခြေခံစားသောက်ကုန်ပွဲရုံလုပ်ငန်းအများစုမှာ ရန်ကုန်မြို့ လမ်းမ တော်၊ ကမ်းနား လမ်း၊ ဝါးတန်းစသည့်နယ်မြေတစ်ဝိုက်တွင်တည်ရှိကြသဖြင့် ပွဲရုံအချို့က ဘုရင့်နောင်ပွဲရုံနယ်မြေသို့ ရွှေ့ပြောင်း ဖွင့်လှစ်ရောင်းချလိုခြင်းမရှိခဲ့ကြကြောင်းသိရသည်။ ထို့ကြောင့်လည်း စတင်ထူထောင်စဉ်က ဘုရင့်နောင်ပွဲရုံဆိုင်ခန်းများ၏ ဈေးနှုန်းကို ပြန်လည်လေ့လာကြည့်ပါက ၄၀' x ၆၀' မြေကွက်တစ်ကွက်လျှင် လမ်းမီးတိုင်အပါအဝင် ကျပ်ငွေလေးသိန်းခန့်ရှိပြီး၊ ထိုစဉ်က RC နှစ်ထပ်တိုက်တစ်လုံး၏ ဆောက်လုပ်စရိတ်မှာကျပ် ၂၀ သိန်းဝန်းကျင်သာ ကုန်ကျကြောင်းသိခဲ့ရသည်။ နှစ်ပေါင်း ၂၀ ခန့်ကြာခဲ့ပြီးနောက် ယနေ့အချိန်အခါတွင်မူ ဘုရင့်နောင်လက်ကားကုန်စည်ဈေးကွက် နယ်မြေတွင် ဆန် လက်ကားပွဲရုံ ၁၈၉ ၊ ဆီ ၂၁ ရုံ၊ ပဲမျိုးစုံ ၂၉ ရုံ ၊ ငရုတ် ၊ ကြက်သွန်နီ ကြက်သွန်ဖြူပွဲရုံ ၄၂ ရုံ၊ ငါးပိငါးခြောက် ပွဲရုံ ၈၉ ရုံ နှင့် ကုန်မျိုးစုံပွဲရုံ ၁၇၅ ရုံထိဖွင့်လှစ်ရောင်းဝယ်လာနိုင်ပြီး၊ မြန်မာပြည်တစ်နံ တစ်လျားအသွားကုန်၊ အပြန်ကုန်မျိုးစုံကို သယ်ယူ ပို့ဆောင်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ကားဂိတ်ပေါင်း ၁၆၄ ကျော်ရှိကြောင်းသိရသည်။ ထို့အပြင် ကုန်အမျိုးမျိုးသို လှောင်ရုံ ၁၀၈ ရုံလည်းပါဝင်လျက်ရှိသည်။ ကုန်သွယ်မှုတွင်အရေးပါသည့် ငွေပေးငွေယူလုပ်ငန်းများအတွက် ပုဂ္ဂလိကဘဏ် (၉)ဘဏ်ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။ ပွဲရုံလုပ်ငန်းများ တိုးပွားလာ သည်နှင့်အမျှ စီးပွားရေးအရလည်း ဈေးကွက်ကြီးတစ်ခုအောင်မြင်စွာဖြစ်ထွန်းပေါ်ပေါက်လာခဲ့ရာ၊ ဆိုင်ခန်းများ၏ဈေးနှုန်းမှာလည်း နေရာအမျိုးအစားကိုလိုက်၍ ကျပ်သိန်း ၂၀၀၀ မှ ၃၀၀၀ ကြားထိမြင့်တက်ခဲ့ပါသည်။ပြည်တွင်းကူးသန်းရောင်းဝယ်မှုအတွက် အချက်အခြာလက်ကားဈေးကြီး ဘုရင့်နောင်ကုန်စည်ဒိုင်တွင် လက်ရှိရောင်းဝယ်လျက်ရှိသည့် အဓိကကုန်ပစ္စည်းများမှာ ဆန်၊ ပဲမျိုးစုံ၊ ငရုတ်၊ ကြက်သွန်ဖြူနီ၊ ဓါတ်မြေသြဇာ၊ ငါးပိ၊ ငါးခြောက်၊ အာလူး၊ ထန်းလျက်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး နှင့် စားသုံး ကုန်စည်မျိုးစုံတို့ဖြစ်ပါသည်။ မြန်မာ ပြည်တစ်နံတစ်လျား၊ အထက်အောက်အပြန်အလှန်ကုန်စည်စီးဆင်းရာတွင် အချက်အခြာကျသည့် ရန်ကုန်မြို့တွင်တည်ရှိသဖြင့် တိုင်းနှင့်ပြည်နယ်အသင်းမှ ကုန်းလမ်းမှ နေ့စဉ်ကုန်တင်ယာဉ် ၃၀၀ခန့်ဝင်ရောက်လျက်ရှိသကဲ့သို့ ဧရာဝတီတိုင်းရှိမြို့များ၊ ပခုက္ကူနှင့် မန္တလေးမြို့တို့မှလည်း နေ့စဉ်ရေယာဉ် ၂၀ စီးခန့်ဖြင့် ကုန်စည်များဝင်ရောက်လျက်ရှိပါသည်။ လက်ရှိအခြေအနေအရ လွန်ခဲ့သောအနှစ် ၂၀ က အခြေအနေပေါ်မူတည်၍တည်ထောင်ခဲ့သော လက်ကားဈေးကွက်ကြီးမှာ တစ်နေ့တခြားများ ပြားတိုးတက်လာသည့် ကုန်စည်ရောင်းဝယ်မှုပမာဏနှင့် အညီ အဝင်အထွက် ယာဉ်ကြောများပိတ်ဆို့ခြင်း၊ အရောင်းအဝယ်စည်ကားချိန်များတွင် ကုန်ပစ္စည်းများ၊ ယာဉ်များ၊ လူများနှင့်ပြည့်ကျပ်နေသည့်အခြေအနေမျိုးကြောင့် တိုးချဲ့ ရန်လိုအပ်နေကြောင်းတွေ့မြင်ရသည်။ပြည်ပကုန်သွယ်မှုအတွက် တစ်နေ့တခြားပိုမိုအရေးပါ ဘုရင့်နောင် လက်ကားဈေးကွက်ရှိ ကုန်စည်ဒိုင်၏နေ့စဉ်အဓိကအရောင်းအဝယ်လုပ်ငန်းမှာ ပဲမျိုးစုံအား ပြည်တွင်းကုန်သည် အချင်းချင်းအကြား အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ပြည်ပကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများအကြား FOB ပဲအရောင်းအဝယ်ပြု လုပ်ခြင်းဖြစ်ပါသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်အား လက်ရှိအခြေအနေထက်ပိုမိုအဆင့်မြင့်ပြီး၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတကာအဆင့်မီ ကုန်စည်ဒိုင် တစ်ခုအဖြစ် ထူထောင်နိုင်ရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိရာ လက်ရှိအဆောက်အဦတည်နေရာနှင့်ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန်အရ လိုအပ်ချက်များရှိနေသည်ကိုတွေ့ရပါသည်။ ၂၀၀၉ ခုနှစ်အတွင်းစတင်၍ အကောင်အထည်ဖော်ခဲ့သည့် ကုန်စည် ဒိုင်တွင် ပြည်ပ ဝယ်လက်ကုမ္ပဏီများနှင့် မြန်မာ ကုမ္ပဏီများအကြား FOB ပဲအရောင်းအဝယ်စာချုပ်ချုပ်ဆို ရောင်းဝယ်ရေး အတွက် သက်ဆိုင်ရာဌာနနှင့်အသင်းအဖွဲ့များက စည်းရုံးဆောင်ရွက်ခဲ့ကြစဉ်က ဘုရင့်နောင်ကုန်စည်ဒိုင်၏ လက်ရှိအနေအထား အရ ကုန်တင်ယာဉ်များ၊ လူစီးယာဉ်ငယ်များ၊ ပွဲစားကုန်သည်များနှင့် ပြည့်ကျပ်နေသည့် အနေအထားကြောင့် အတော်ပင်စည်း ရုံးခဲ့ရကြောင်းတာဝန်ရှိတစ်ဦးကပြောပြဘူးသည်။ ကုန်စည်ဒိုင်တွင် နေ့စဉ် နံနက် ၉း၃၀ မှ ၁း၃၀ အချိန်ထိ ကုန်သည်လုပ်ငန်းရှင် ၃၀၀ ဦးခန့်လာရောက်ပြီး၊ ပဲမျိုးစုံအရောင်းအဝယ်ပြုလုပ်ကြကြောင်းလည်းသိရပါသည်။နယ်စပ်ကုန်သွယ်မှုအတွက်လည်း ဘုရင့်နောင်ကအရေးပါ ဘုရင့်နောင်လက်ကားဈေးကွက် အနေဖြင့် ငရုတ်၊ ခေါက်ဆွဲခြောက်မျိုးစုံ၊ ထန်းလျက်နှင့် စားသောက်ကုန်များကို နေ့စဉ် ၁၂ ဘီးကားများဖြင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိသလို တစ်ဖက်နိုင်ငံ၏ သွင်းကုန် ပစ္စည်းများဖြစ်သော ဓါတ်မြေသြဇာ၊ အထည်အလိပ်မျိုးစုံ၊ ဖိနပ်၊ ကြွေပြား၊ ငါးဖမ်းပိုက်နှင့် ဆောက်လုပ်ရေးသုံးလုပ်ငန်းပစ္စည်း များတို့ကိုလည်းတင်သွင်း၍ ဘုရင့်နောင်လက်ကားဈေးကွက်မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးလျက်ရှိရာ နေ့စဉ် ၁၂ ဘီး ကားစီး ရေ (၅၀) ခန့်မှာ ဝင်ထွက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုရင့်နောင်နှင့်မြဝတီကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေသည့် မော်တော်ယာဉ်ဂိတ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ဘုရင့်နောင်ဈေးကွက်၏ မဟာဗျူဟာကျမှုနှင့်အားသာချက်များ လွန်ခဲ့သော အနှစ် ၂၀ က ထူထောင်ခဲ့သည့် ဘုရင့်နောင်လက်ကားကုန်စည် ဈေးကွက်ကြီးမှာ ယနေ့အခါတွင် အထက်တွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း ပြည်တွင်းပြည်ပကုန်သွယ်ရေးတွင် အရေးပါသည့်စီးပွားရေးအချက်အခြာ ဒေသတစ်ခုဖြစ်လာ ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့အဓိကကုန်စည်ဈေးကွက်တစ်ခု ဖြစ်လာရသည့် အားသာချက်များအား လေ့လာသုံးသပ်ကြည့်လျှင်- * တစ်ပြည်လုံးကုန်စည်စီးဆင်းမှု၏ အချက်အခြာဖြစ်နေခြင်း * ရောင်းဝယ်ဖောက်ကားသည့် ပမာဏနှင့် တန်ဖိုးနှစ်စဉ်တိုးတက်နေမှုရှိနေခြင်း * ပြည်တွင်းပြည်ပရောင်း (နယ်စပ်အပါ)အရောင်းအဝယ် နှစ်ရပ်စလုံးအတွက် ကွင်းဆက်သဖွယ် ချိတ်ဆက်နေမှုကြောင့် ကုန်သည်တိုင်းကပစ်ပယ်၍ မရသည့်ဈေးကွက် ဖြစ်နေခြင်းတို့ကိုတွေ့ရပေမည်။နိုင်ငံတကာအဆင့်မီဈေးကွက်ဖြစ်ပေါ်ရေးအတွက် လိုအပ်နေမှုများ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် လက်ကားဈေးကွက်အား နိုင်ငံတကာ အဆင့်မီသည့် ကုန်စည်ဒိုင်နှင့်ဈေးကွက်ကြီးအဖြစ် ရေရှည် ပ်တည်နိုင်ရေးအတွက်ဆိုလျှင် လိုအပ်ချက်များရှိ နေရာ- * အရောင်းအဝယ်နှင့် ဈေးကွက် ပမာဏနှစ်စဉ်တိုးတက် စည်ပင်ဖွံ့ဖြိုးလာသည်နှင့်အမျှ လက်ရှိနေရာ၏ ကျဉ်းကြပ်မှုကြောင့် မြေနေရာတိုးချဲ့ရန် လိုအပ်နေ ခြင်း * ကုန်စည်ဒိုင်နယ်မြေသို့ နေ့စဉ်ဝင်ရောက်လျက်ရှိသည့် ယာဉ်ကြီးများ၊ ပွဲရုံပိုင်ရှင်များနှင့် နိုင်ငံတစ်ဝန်းမှလာရောက်သည့် လုပ်ငန်းရှင်များ အသုံးပြုစီးနင်းသည့် ယာဉ်များဖြင့် မကြာခဏယာဉ်ကြော ပိတ်ဆို့မှုဖြစ်ကာ ကုန်တင်ကုန်ချသွက်လက် မြန်ဆန်မှုမရှိဘဲ အချိန်ငွေကြေးစရိတ်ကုန်ကျမှုရှိနေခြင်း * လက်ရှိကုန်စည်ဒိုင်အနေဖြင့် ပဲမျိုးစုံကိုသာ အဓိကကိုင်တွယ်ဈေးဖွင့် ရောင်းဝယ်နိုင်ပြီး၊ ဈေးကွက်အတွက် လက်တွေ့ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် ကုန်ပစ္စည်းအမယ်စုံအားဆောင်ရွက်မှုမရှိသေးခြင်း (အချို့ကုန်သည်များအား လက်ဖက်ရည် ဆိုင်တွင် စုရပ်ပြုလုပ်၍ ဈေးဖွင့်ရောင်းဝယ်နေသည့်အခြေအနေမျိုး) * နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်သည့် ရည်မှန်းချက်ဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင်များလာရောက် ဝယ်ယူနိုင်သည့် အဆင့်ရှိသော အဆောက်အအုံ၊ အခင်းအကျင်းနှင့် နိုင်ငံတကာ ကုန်စည်ဒိုင်များ တွင် ကျင့်သုံး လျက်ရှိသည့် လေလံနှင့်တင်ဒါ စနစ်များ ဆောင်ရွက်နိုင်သည့် ခေတ်မီ commodity exchange တစ်ခုဖြစ်ရန်လိုအပ် နေသေးခြင်းတို့ဖြစ်ပါသည်။ပြည်တွင်းပြည်ပကူးသန်းရောင်းဝယ်မှုတွင် အချက်အခြာကျသည့်နိုင်ငံတကာ အဆင့်မီလက်ကားကုန်စည်ဒိုင်အဖြစ် မျှော်မှန်းဖို့လို မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ကုန်သွယ်မှုပမာဏများတိုးတက်လျက်ရှိရာ အထူးသဖြင့်လယ်ယာကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် လယ်ယာထွက်ကုန်ပို့ကုန်များတိုးမြှင့်တင်ပို့ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဘုရင့်နောင်ကုန်စည်ဒိုင် အား ပြည်တွင်းပြည်ပကူးသန်းရောင်းဝယ်မှုတွင် အချက်အခြာကျသည့် နိုင်ငံတကာအဆင့်မီလက်ကားကုန်စည်ဒိုင် အဖြစ် ယခုကပင် မျှော်မှန်း၍ ဆောင်ရွက်သင့်သည်များ ကြိုတင်စဉ်းစားဖို့လိုပြီဟုပြောဆိုသံတွေကြားသိရသည်။ နာဂစ်မုန်တိုင်းလွန်ကာလ၌ စစ်ကိုင်းတိုင်းမှ ဆန်ကိုရန်ကုန်ထိ ဆွဲချဖြည့်ဆည်းရာတွင် သယ်ယူပို့ဆောင်ခ၊ လုပ်သား တင်ချခတို့ကြောင့် ကုန်ကျစရိတ်ပိုမိုပြီး ဈေးကြီးမြင့်သည့်အတွက် မီးရထားကုန်တင်ကုန်ချ ဝင်ရောက်ခြင်းဖြင့်ဖြစ်စေ၊ ရေကြောင်း မှ ပို့ဆောင်ခြင်းဖြင့်ဖြစ်စေ ဘုရင့်နောင်လက်ကား ကုန်စည်ဒိုင်အရောက် ပို့ဆောင်စရိတ်လျှော့ချရန် စဉ်းစားဖူးသည်။ သို့ရာတွင် မြေနေရာအခက်အခဲ ကြောင့် မလုပ်နိုင်ခဲ့ကြောင်းသိရသည်။ ရန်ကုန်ဆိပ်ကမ်းသည် ဆန်တင်ပို့ချိန်နှင့် ပဲမျိုးစုံတင်ပို့ချိန်တိုက်ဆိုင်ပါက အခက်အခဲကြုံလေ့ရှိရာ စီဘီ၊ ကွန်တိန်နာတင် ရေယာဉ်ငယ်တို့ဖြင့် ရေလယ်သင်္ဘောတင်စနစ်ကိုပါ စဉ်းစားနေရခြင်းအပါအဝင် ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူ များက စဉ်ဆက်မပြတ်စဉ်းစားညှိနှိုင်းနေကြောင်းလည်း ကြားသိနေရသလို လှိုင်သာယာစက်မှုဇုန်သိုလှောင်ရုံများမှ တံတား ဖြတ် ကူးခွင့်ပြုတန်ချိန်နှင့် ဖြတ်သန်းခတို့ကလည်း သင်္ဘောတင်လုပ်ငန်းအတွက် ကုန်ကျစရိတ်နှင့် အချိန်ပိုမိုကုန်သည့် အခြေအနေ ကိုလည်း ကျော်လွှားရန် စဉ်းစားညှိနှိုင်းနေကြကြောင်း လည်း ကြားသိရသည်။ ဤသို့သောအခြေအနေတွင် ဘုရင့်နောင်လက်ကားကုန်စည်ဒိုင်ကြီးကို ဆိပ်ကမ်းမြေအပါအဝင် မျက်နှာချင်းဆိုင် လှိုင်သာယာ ဘက်ကပါ ထည့်သွင်းတိုးချဲ့နိုင်ပါက ပြည်နယ်နှင့်တိုင်းများမှ ကုန်စည်များကို ရေကြောင်းမှကုန်ကျစရိတ်သက်သာစွာဖြင့် ဘုရင့် နောင်ကုန်စည်ဒိုင်သို့ ရောက်ရှိနိုင်သကဲ့သို့ ဘုရင့်နောင် ကုန်စည်ဒိုင်၌ ဆန်စပါး၊ ပဲမျိုးစုံ၊ သီးနှံစုံစုပေါင်းကုန်စည်ဒိုင်နှင့် သိုလှောင် ရုံကြီးများ၊ Bonded warehouse နှင့် ဆိပ်ခံတံတားများ တိုးချဲ့ရင်းနှီးမြှုပ်နှံတည်ဆောက်နိုင်ပါက ပြည်တွင်းကူးသန်းရောင်းဝယ် မှုနှင့် ပြည်ပကူးသန်းရောင်းဝယ်မှုအရှိန် အဟုန်များစွာတိုးတက်လာမည်ဖြစ်ပေသည်။ လက်ရှိ FOB ရောင်းဝယ်မှုကို လေ့လာကြည့်ရာတွင် နိုင်ငံခြားဝယ်လက်များအနေဖြင့်၊ ၎င်းမှတစ်ဆင့် ပြန်လည်ရောင်းချ မည့်နိုင်ငံ (Destination) သေချာသင်္ဘောလွှတ်၍ကုန်တင်ပြီးမှသာ ငွေရှင်းသည့်စနစ်ဖြစ်နေသည့်အတွက် မြန်မာကုန်သည် လုပ်ငန်းရှင်များလက်ဝယ်တွင် ကုန်ပစ္စည်းများကို ထိန်းသိမ်းပေးထားရသည့်အချိန်နှင့် စရိတ်များလျော့နည်းသက်သာစေပြီး၊ ငွေရရှိမှုလည်းမြန်စေရန်ရည်ရွယ်၍ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ပြည်ပကုမ္ပဏီနှင့် မိမိတို့ကုမ္ပဏီများ စာချုပ် ချုပ်ဆိုရောင်းဝယ်ပြီး နောက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီခွင့်ပြုထားသည့် Bonded warehouse များသို့ပေးပို့သိုလှောင်ပြီးပါက ပို့ကုန်ဝင်ငွေကို ထုတ်ယူရရှိသည့် စနစ်ကိုလည်းထူထောင်ဆောင်ရွက်သင့်ပါသည်။ သို့အတွက် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ဆက်စပ်မြေနေရာ၌ Bonded warehouse များဆောက်လုပ်၍ နိုင်ငံခြားဝယ်လက်ထံမှ ငှားရမ်းခပါရအောင် ဆောင်ရွက်ခြင်းဖြင့် (trade in goods) ဝင်ငွေသာမက နောင်တွင် trade in services အဖြစ် စင်ကာပူကဲ့သို့ ဆိပ်ကမ်းဝန်ဆောင်မှုများကို ရင်းနှီးမြှုပ်နှံထားသည့်အတွက် ရေရှည်အကျိုးအမြတ်ပိုမိုရလာနိုင်ပါသည်။ ထို Bonded warehouse ဝန်းကျင်၌ နိုင်ငံခြား ဝယ်လက်များ ဖိတ်ခေါ်ဈေးဖွင့်နိုင်သည့် နိုင်ငံတကာအဆင့်မီ commodities exchange များကိုလည်း တည်ထောင်ဖွင့်လှစ် သင့်ပေသည်။ ယင်းကဲ့သို့ ခေတ်မီဘုရင့်နောင်ကုန်စည်ဒိုင်ကြီးကိုတိုးချဲ့ တည်ဆောက်ရင်းနှီးမြှုပ်နှံပါက အိပ်မက်မက်မျှော်မှန်း ခဲ့ရသော မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီဆန်နှင့် ပဲမျိုးစုံဈေးကွက်ကြီးအဖြစ်ပေါ်ထွန်းလာနိုင်ပေသည်။ မြန်မာ့ကျောက်မျက် ဈေးကွက်၊ သစ်ဈေးကွက်တို့နှင့်အတူ လယ်ယာထွက်ကုန်ဈေးကွက်ကြီးအဖြစ်ပါ မြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကာလများနှင့်မတူဘဲ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် လယ်ယာထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်နေချိန်တွင် ကုန်စည် ကုန်သွယ်မှုကဏ္ဍအနေဖြင့်လည်း အချိုးညီစွာဖွံ့ဖြိုးတိုးတက်လာရေးမှာမလွဲမသွေ လိုအပ်ချက်တစ်ရပ်ဖြစ်သည့်အလျောက် ဘုရင့် နောင်လယ်ယာထွက်ကုန်ကုန်စည်ဒိုင်ကြီး commodities exchange centre အဖြစ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ မြန်မာနိုင်ငံပဲနှမ်းအသင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားဖိုဆောင်သုံးသီးနှံအသင်း၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူအားလုံးကပူးပေါင်း၍ နည်းလမ်းများရှာကြံကာ စုပေါင်း ရင်းနှီးမြှုပ်နှံမှုများဖြင့် ညီညွတ် စွာဆောင်ရွက်သင့်သည့်အချိန်ရောက်ပြီဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပေသည်။
Background