Main menu

Background

စင်ပေါ်ရောက်နေလား သတိရှိပါကြက်သွန်နီ

Mon, 03/16/2020 - 12:00 -- journal_editor

    ကြက်သွန်နီသည် မည်သည့်ပစ္စည်းဖြစ်၍ မည်သို့သုံးစွဲသည် တို့ကို အသေးစိတ် ပြောစရာမလိုအောင် အမြင်အမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုးက ပြောကြားကြသည်ကို မကြာခဏ ဖတ်ရကြားရသည်။ သို့ဖြစ်၍ ကြက်သွန်နီအကြောင်းကို စာတစ်စောင်  ပေတစ်ဖွဲ့ မရေးတော့ဟု စဉ်းစားခဲ့သော်လည်း ၂၀၁၉ ကုန်ခါ နီးတွင်ဖြစ်ပေါ်ခဲ့သော အလှည့်အပြောင်းကြောင့်   ရေးစရာပေါ်လာသကဲ့သို့ တောင်သူ အချို့က စိုးရိမ် စိတ်ဖြင့်ဆောင်ရွက်နေသည့် ကိစ္စတချို့ကိုလည်း ကြားသိနေရသဖြင့် ကျွန်တော်သိသမျှ  ကြားသမျှ လေးများကို မျှဝေလိုစိတ် ဖြစ်ပေါ်လာသဖြင့် ဤစာကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။ ကြက်သွန်နီသည်  ပုပ်သိုးပျက်စီးလွယ်သော  သီးနှံ၊ အထား မခံသော သီးနှံ၊ သာမန်သိုလှောင်ရုံများဖြင့် ထားသိုရခက်သောသီးနှံ၊ သယ်ယူပို့ဆောင်ရာတွင်လည်း ခက်ခဲသော သီးနှံဖြစ်သဖြင့် ကြက် သွန်နီနှင့် ပတ်သက်သူများအားလုံးသည် အကျိုးအမြတ် ရရှိစေရန် အလွန်သတိထား ဆောင်ရွက်သွားနေရ သည်ကို သိရှိနေကြပြီးဖြစ် သည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီကို ပြည်တွင်းဈေးကွက်အတွက် စိုက်ပျိုးထုတ်လုပ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချနေကြရာ တွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က  တင်ပို့နေရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်( ၁-၁၀-၂၀၁၈ မှ ၃၀-၉-၂၀၁၉ ထိ) တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့  တင်ပို့လာသည်ကို  တွေ့ရပါ သည်။ ယခုနောက်ပိုင်း ၁-၁၀-၂၀၁၉ ရက်မှ  ယခုအချိန်အထိလည်း ဆက်လက်တင်ပို့လျက်ရှိသည်ကို တွေ့နေရပါသည်။ ကြက်သွန်နီကို နိုင်ငံအလိုက် တင်ပို့မှုများမှာ ၂၀၁၇-၂၀၁၈ မှ  လက်ရှိအချိန်အထိ အောက်ပါအတိုင်းဖြစ်သည်ဟု သိရှိရပါသည်-

အဆိုပါစာရင်းများအရ ကြက်သွန်နီကို တရုတ်နိုင်ငံမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  ထူးထူးခြားခြား  များစွာဝယ်ယူသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့မှလည်း  ဝယ်ယူလာသည်ကို တွေ့နိုင် သည်။ တောင်ကိုရီးယားနိုင်ငံသို့လည်း  စမ်းသပ်တင်ပို့ထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှ ကြက်သွန်နီ တင်ပို့မှုသည် စိုက်ပျိုးထုတ် လုပ်မှုအပိုင်းတွင်  များစွာတိုးတက်မလာသော်လည်း တစ်ဧက ထုတ် လုပ်မှု  ကုန်ကျစရိတ်များမှာ များစွာတိုးတက်လာသည်ဟု သိရပြီး ယခုနှစ်တွင် ကြက်သွန်နီမျိုးဈေး များစွာကြီးမြင့်သဖြင့် စိုက်ပျိုးဧက ကိုလည်း များစွာတိုးချဲ့နိုင်ခြင်းမရှိဟု သိရှိရပါသည်။ သို့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးထုတ်လုပ် သော ကြက်သွန်နီများမှာ မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်း လဲခြင်း စသည်တို့ကြောင့် အထွက်နှုန်းတိုးတက်လာသည်ဟု စစ်ကိုင်း တိုင်းဒေသကြီး တောင်သူများထံမှ သိရသည်။ အဆိုပါ  နည်းစနစ် သည် စစ်ကိုင်းတိုင်း ဒေသကြီးမှတစ်ဆင့် ဂန့်ဂေါ၊ ယောဒေသများ သို့ပါ ပျံ့နှံ့ပြီး တောင်သူများအတွက် အကျိုးရှိ ကြောင်းလည်း သိရ သည်။ မြင်းခြံဒေသမှ ကုန်သည်များသည် အဆိုပါ ဒေသများသို့ပင် သွားရောက်ပြီး ဝယ်ယူနေကြကြောင်းလည်း သိရှိရပါသည်။ အထွက် နှုန်း တိုးတက်လာသဖြင့် အကျိုးအမြတ်ပိုမိုရရှိပြီး တောင်သူများ အကျိုးရှိနေသည်ဟု ဆိုသည်။ ကြက်သွန်နီဈေးနှုန်းများ၏ တစ်နှစ်အတွင်း  ဈေးနှုန်းပြောင်းလဲသည့် အခြေအနေကို လေ့လာ ကြည့်ရာတွင်  များသောအားဖြင့် ဆောင်းခေါ် နွေကြက်သွန်နီထွက်ရှိသည့် မတ်၊ ဧပြီ၊ မေလများတွင် ဈေးလျော့နည်းလေ့ရှိပြီး ဇွန်လမှစတင်ကာ တဖြည်းဖြည်း ဈေးတက် လာကာ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင်  မြန်မာ့ပွဲတော် ကာလဖြစ်သဖြင့် ဈေးအများအပြား တက်လာတတ်ပါသည်။ အဆိုပါ ကာလတွင် တောင်သူ၊ ကုန်သည်များလက်ဝယ်၌ ကြက်သွန်နီ လက် ကျန်များပြားလျှင် ဈေးအတက်နည်းတတ်ပြီး လက်ကျန်နည်းပါးပါက ဈေးတက်တတ်သည်။  ထို့နောက်တွင်  ကြက်သွန်နီ လက်ကျန်နှင့် ပြည်ပတင်ပို့နိုင်မှုတို့အပေါ် မူတည်ပြီး ဈေးတက်လာတတ်သည်။ ထိုအချိန်တွင် မိုးကြက် သွန်နီပေါ်လာသဖြင့် ဈေးကျဆင်းလာတတ်ပါ သည်။  

ဆက်လက်၍ မြစ်သားဒေသစိုက်သော ကြက်သွန်နီများ ပေါ် လာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းသည် တအိအိ ကျဆင်းလာတတ်သည်။ ထိုအချိန်လွန်သော် ဆောင်းကြက်သွန်နီပေါ်လာသော မတ်၊ ဧပြီလ များတွင် ဈေးအနည်းဆုံးဖြစ်ပေါ်လေ့ ရှိပါသည်။ ကြက် သွန်နီဈေးနှုန်းသည် အထွက်နှုန်း၊ ထွက်ရှိသည့် အရွယ်အစားကိုလိုက်ပြီး တစ်နှစ်အတွင်း အခြေခံဈေးများ အနည်းအများ ဖြစ်တတ်ပြီး နယ်စပ်ချင်း ထိစပ်သည့်  နိုင်ငံများနှင့်  အခြားနိုင်ငံများသို့ တင်ပို့မှု အနည်းအများကိုလိုက်ပြီး ကြက်သွန်ဈေးသည်  ပြောင်းလဲတတ်ပါသည်။  အဆိုပါ ဈေးအတက်အကျများကိုလိုက်ပြီး တောင်သူ၊ ကုန် သည်များအနေဖြင့် တိုက်ပေါ်တက်ရမည်လား၊ တဲပေါ်ပြောင်းပြေး ရမည်လားဆိုသည့် အခြေအနေအထိ အမြတ်အရှုံး အခြေအနေသည် ကြီးမားတတ်ပါသည်။ သုံးနှစ်တာကာလ ၂၀၁၇ ခုနှစ်မှ ယခု ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလလယ်အထိ လအလိုက်ဈေးနှုန်းအခြေအနေ များကို လေ့လာနိုင်ရန် တင်ပြထားသည်။ သို့ဖြစ်၍  ကြက်သွန်နီ   တောင်သူကုန်သည်များအနေဖြင့် ၂၀၁၉ ခုနှစ်သည် ကံအထူးကောင်းသော နှစ်ဟုပင် ဆိုရမည် ထင်ပါ သည်။ အဘယ်ကြောင့်ဆိုသော် ဈေးနှုန်းအပြောင်းအလဲကိုကြည့်မည် ဆိုပါက ၂၀၁၈ နိုဝင်ဘာလမှစပြီး ကြက်သွန်နီသည် ဘုရင့်နောင်၊ မကွေး၊ မန္တလေးတို့တွင် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ဈေးအောက် ရောက်သွားကာ ၂၀၁၉ မေလအထိ တဖြည်းဖြည်းချင်းဈေးကျဆင်း ခဲ့ကာ  ဇွန်လတွင်  ဈေးပြန်လည်မြင့်တက်လာခဲ့သည်ကို တွေ့နိုင် သည်။ စက်တင်ဘာလ ကုန်ပိုင်းခန့်မှ စတင်ကာ ဈေးတက်ခြင်း အရှိန် ရလာပြီး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ အထက်သို့ ပြန်လည်ရောက် ရှိလာသည်။ နိုဝင်ဘာလတွင် ဈေးအမြင့်ဆုံးဖြစ်လာပါသည်။ဒီဇင်ဘာလတွင် မိုးကြက်သွန်နီများ ပေါ်လာသဖြင့် ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာသည်ကို တွေ့နိုင်ပါသည်။ သို့ရာတွင် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဇန်နဝါရီလထက်ဈေးအနည်းငယ် ပြန်လည်ကျဆင်း၍  ယခုအခါ ဈေးအနည်းငယ်ပြန် တက်လာသည်ကိုတွေ့ရသည်။ ဖေဖော်ဝါရီလလယ်ပိုင်းတွင် ဈေး ကျဆင်းမှု နှင့်အတူ ကြက်သွန်အနုများကို နုတ်၍ဈေးကွက်တင်ကြ သည်ကို ကြားသိလာရသည်။ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကြက်သွန်နီ အနုနုတ်၍ ဈေးကွက်တင်သည်နှင့်အမျှ ဈေးကျဆင်းမှုလည်း ပေါ် ပေါက်လာသဖြင့် အဆိုပါ အခြေအနေသည် တစ်နှစ်လုံးကို မရိုက် ခတ်စေရန် လိုအပ်သည် ဟုထင်မြင်မိသည်။ ဆိုလိုသည် မှာ ကြက် သွန်နီအနုများကို နုတ်ပြီး ဈေးကွက်သို့ရောနှောတင်ပို့ခြင်းဖြင့် သို လှောင်ရာတွင် ကြီးမားစွာထိခိုက်မည့် အခြေအနေမျိုး  ဖြစ်ပေါ်နိုင် သည်။ ဈေးကောင်းမရမည်ကို စိုးရိမ်ပြီး စော၍နုတ်ကာ ဈေးကွက် တင်ခြင်းက အန္တရာယ်ကြီးသည်ကို သိလျက်လုပ်ကိုင်နေကြသည်ကို သတိရှိကြစေလိုသည်။

ပွဲစားကုန်သည်များအနေဖြင့် ရောင်းပေးလျှင် ရေရှည်တွင် ထိခိုက်မည်ကို သတိပြုစေလိုသည်။ အကယ်၍   ပြည်ပသို့တင်ပို့ ရောင်းချရာတွင်  ပါဝင်သွားပါကလည်း   မြန်မာ့ကြက်သွန်နီသည်  အရည် အသွေးမကောင်း၊ အထားမခံ ပုပ်လွယ်သည်ဟူသော နာမည် ဂုဏ်သတင်းပျက်ယွင်းမည်ကိုလည်း ကြုံ ရနိုင်သည်။ သို့ဖြစ်၍ ကြက် သွန်နီကိုကောင်းစွာ မရင့်မှည့်မီ မနုတ်ကြရန် ကုန်သည်၊ ပွဲစားကြီး များက အများအကျိုး မျှော်ကိုးကာ ပညာပေးစေလိုသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်ပိုင်းခန့်မှ   စတင်ကာ ဈေး တက်ခြင်း အရှိန်ရလာပြီး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ အထက်သို့ ပြန်လည်ရောက်ရှိလာကြောင်း၊ နိုဝင်ဘာလတွင် ဈေးအမြင့်ဆုံး ဖြစ် လာကြောင်း အထက်တွင်တင်ပြခဲ့ပါသည်။ ထိုအချိန်မှာ ဘင်္ဂလားဒေ့ရှ် သို့ စစ်တွေလမ်းကြောင်းမှ တင်ပို့မှုမြင့်တက်လာချိန်လည်းဖြစ်ပါ သည်။ တရုတ်နိုင်ငံဘက်တွင်လည်း   ကြက်သွန်နီသည် ယခုနှစ်တွင် အိန္ဒိယကဲ့သို့ပင် အထွက်နည်းပါးခဲ့သည်ဟု သိရသည်။ သို့ဖြစ်၍ ယခင်ကကဲ့သို့ မြန်မာနိုင်ငံတွင်  ကြက်သွန်နီ တစ် ပိဿာလျှင် ကျပ် ၂၀ဝ၀၊ ကျပ်  ၂၅၀ဝ ဖြစ်လျှင် တရုတ်ဘက်မှ နည်း မျိုးစုံဖြင့် ပြန်လည်ဝင်ရောက်လာခြင်းမျိုး နည်းပါးခဲ့သည်ကို တွေ့နိုင် သည်။ အိန္ဒိယတွင် ကြက်သွန်နီ အထွက်နည်းသဖြင့်လည်း ဘင်္ဂလား ဒေ့ရှ်ဈေးကွက်ကို မြန်မာ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ တစ်နည်းဆိုရ လျှင် ဘင်္ဂလားဒေ့ရှ်ဈေးကွက်သည် မြန်မာ့ကြက်သွန်နီ အတွက် ပုံမှန် ဈေးကွက်မဟုတ်ဘဲ အခါအားလျော်စွာ ပေါ်ပေါက်လာသော ဈေး ကွက်ဖြစ်သည်။  မြန်မာ့ကြက်သွန်နီ၏ ပြိုင်ဘက်များဖြစ်သော အိန္ဒိယနှင့်   တရုတ်ကြက်သွန်နီများ  အထွက်နည်းခဲ့ခြင်း ကြောင့် အသာစီးရခဲ့ခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေကို ယခု ၂၀၂၀ တွင်လည်း ဆက်လက် ထိန်းသိမ်းနိုင်ရန်  လိုအပ်ပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဈေးကွက်သည် လိုအပ်ချက် ခေတ္တပေါ်လာသော ဈေး ကွက်ဖြစ်ပြီး အိန္ဒိယမှ ကြက်သွန်နီ ပြန်လည်ရောင်းချလျှင် ပြန်လည် ပျောက်ဆုံး သွားနိုင်သော ဈေးကွက်ဖြစ်သည်။ အဆိုပါ ဈေးကွက်ကို မြန်မာ့ ကြက်သွန်နီလုပ်ငန်းရှင်များက ထိန်းသိမ်းထား နိုင်မည်ဆိုပါက မြန်မာနိုင်ငံအတွက် ဈေးကွက်တစ်ခုဖြစ်ပြီး တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ယှဉ်ပြိုင် လာနိုင်မည်ဖြစ်ပါသည်။ မြန်မာ့ကြက်သွန်နီ ထုတ်လုပ်မှုနှင့် ကြက်သွန်နီကဏ္ဍတစ်ခုလုံးအတွက် အကျိုးရှိရှိ တိုးတက်လာစေမည် ဖြစ်သည်။ အဆိုပါဈေးကွက်ကို စဉ်ဆက်မပြတ်ရောင်းချနိုင်ရေးမှာ ကြက်သွန်နီဈေးနှုန်းအား   အလွန်အကြူး  မမြှင့်တင်ရန်၊ အရည် အသွေးကောင်းသော ကြက်သွန်နီ များကိုသာ  ရောင်းချရန် စသည့် ရေရှည်ခရီးအတွက်   မျှော်မှန်းကာ  ကြက်သွန်နီသမားအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ပါစေကြောင်း အကြံကောင်းပေးလိုပါသည် ခင်ဗျား။

 

မျိုးသူ(ကုန်သွယ်မြှင့်)