Background
ပြည်ဈေးကွက်ကိုဝင်တဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများမှာ ပစ္စည်း အရည်အသွေး ကောင်းနေတဲ့ အတွက် ပွဲရုံများမှာ လက်လီ - လက်ကားရောင်း ဝယ်သူများ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါ အဝင်တစ်နေ့ကို ပျမ်းမျှပိဿာချိန် ၆၅၀ ခန့်နဲ့ အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ ဝင်ရောက်မှုအား ဖြင့်လည်း ယခုတစ်ပတ်မှာ ပိဿာချိန် ၃၀ ဝင် အိတ် ၈၀၀ခန့်နဲ့ ယခင်အပတ်ထက် အဝင်များလျက်ရှိနေပါတယ်။ ချင်းများလှိုင်လှိုင် ထွက်ပေါ်နေတဲ့အတွက် ဈေးနှုန်းအနေနဲ့လည်း ယခင်အပတ်ဈေးအတိုင်း ချင်း(ရှယ်) တစ်ပိဿာ ၈၅၀ ကျပ်၊ (ဂျွန်) ၆၅၀ ကျပ် - ၇၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် စားသုံးသူရော၊ ရောင်းဝယ်သူများပါ အဆင်ပြေ နေတဲ့ ဈေးနှုန်းဖြစ်လို့ ယခင်နှစ် ကာလတူ ချင်းဈေး တစ်ပိဿာ(ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်တို့နဲ့ နှိုင်းယှဉ်ပါက ပစ္စည်းအရည်အသွေးကောင်းပြီး ဈေးချိုလျက်ရှိကြောင်း သိရပါတယ်။ ပွဲရုံများမှ ချင်းဓါးလှီးအလုပ်သမားများခေါ်ယူ၍ ကိုယ်တိုင်ရောင်းချလျက်ရှိပြီး တစ် ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
မန်းပဲဈေးကွက်သို့ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲတိုင်ပေတို့ ပစ္စည်း အဝင်နည်းကာ လက်ကျန်လည်း နည်းလာပြီလို့သိရပါတယ်။ နိုဝင်ဘာလ ပထမ ပတ်နဲ့ ဒုတိယပတ်တို့မှာ တောင်သူတွေ မျိုးပြန်လည်ဝယ်ယူခဲ့ခြင်း၊ ခွဲစက်များနဲ့ ရန်ကုန်ဝယ်လို အားကောင်းလာခြင်းတို့ကြောင့် ဈေးကွက်အတွင်း ကုလားပဲဖြူလုံး ကြီးတစ်ပိဿာ ၁၁၅၃ ကျပ်၊ ထိုင်ဝမ် ၁၀၄၀ ကျပ်နဲ့ ဈေးမြင့်ကာ အရောင်းအဝယ် လည်း သွက်တယ်လို့ ဈေးကွက်ကသိရပါတယ်။ တတိယပတ်နဲ့ စတုတ္ထပတ်တို့မှာတော့ ဈေးကွက်အတွင်း ရန်ကုန်ဝယ်လက် အားပျော့လာကာ၊ တောင်သူတွေစိုက်ပျိုးပြီးစီးခဲ့တာကြောင့် ခွဲစက်များကလည်း အောက်ဈေးနဲ့ဝယ်ယူနေပါတယ်။ တတိယပတ်မှာ ကုလားပဲဖြူတစ်ပိဿာ ၁၀၁၃ ကျပ်၊ တိုင်ပေ ၉၄၂ ကျပ်နဲ့ အမြင့်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက်ဆုံးပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၇၈ ကျပ်နဲ့ ထိုင်ဝမ် ၈၈၉ ကျပ်ထိ ဈေးအေး လာကာ အရောင်းအဝယ်လည်း အေးလာကြောင်း ဈေးကွက်မှသိရပါတယ်။ မန်း ဈေးကွက်မှာ ကုလားပဲလက်ကျန်နည်းလာတာကြောင့် လှောင်လက်အချို့ ထုတ်ရောင်းတာနည်းပါတယ်။ ရန်ကုန်လက် အဝယ်ပြန်လိုက်လာရင်တော့ ကုလားပဲဈေး ပြန်လည်ဦးမော့လာနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ နိုင်ထွန်း
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုမှာ လျော့ကျလက်ရှိရာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၁-၂၅ ရက်) အတွင်းမှာလည်း လက်ကျန်တန်ချိန် ၂၄၄ သာ တင်ပို့မှုရှိခဲ့ပါတယ်။ FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုမှာလည်း နိုဝင်ဘာ ၃၀ ရက်မှာ ၇၂ တန်သာ စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်မှာ ဈေးလျော့ကျပြီး ဝယ်လိုအားနည်းခြင်းနဲ့အတူ ပြည်တွင်းဈေးကွက်မှာလည်း ပဲခွဲစက်များအဝယ်ရှိလို့ လက်ကျန်နည်းလာပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ပြောင်းလဲမှုမရှိဘဲ ဒီဇင်ဘာလ ၂ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၉၆၀-၉၈၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းများ နယ်စုံမှဝင်ရောက်လျက်ရှိပြီး၊ တစ်ရက်အိတ် ၃၀၀ ခန့် အဝင်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းထိပ်စ ၁၇၃၀၀ ကျပ်၊ ရိုးရိုးစတစ်တင်း ၁၅၀၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ အိတ် ၅၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
နိုဝင်ဘာလ ၂၈ ရက်မှာ မန္တလေးပဲဈေးကွက်မှာ ပဲတီစိမ်းထိပ်စကို ၃ တင်းတစ်အိတ် ၄၈၀၀၀ ကျပ်၊ တစ်ပိဿာ ၈၅၃ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်၊ အောင်လံထွက် ပဲတီစိမ်းများ အရည်အသွေး ကောင်းတဲ့အတွက် နိုဝင်ဘာလ ၂၉ ရက်မှာ ပဲတီစိမ်းကြီးထိပ်စ ၃ တင်းတစ်အိတ် ၅၇၀၀၀ ကျပ်၊ တစ်ပိဿာ ၁၀၁၃ ကျပ် အမြင့်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တာကို တွေ့ရပြီး၊ နိုဝင်ဘာလ ၃၀ ရက်မှာ ၃ တင်းတစ်အိတ် ၅၄၀၀၀ ကျပ်၊ တစ်ပိဿာ ၉၆၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လို့ ဈေးအနည်းငယ် အေးသွားပါတယ်။ တရုတ်ဝယ်လက်မှ အမြင့်ဈေးရော၊ အနိမ့်ဈေးနဲ့ပါ ပုံမှန် အရောင်းအဝယ်ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ၁၆ မိုင်စစ်ဆေးရေးဂိတ်မှ ပဲတီစိမ်း ၂၈၀၉ တန်ခန့် အထွက်ရှိလို့ တစ်ရက်ကို တန် ၉၀ ကျော် စီးထွက်သွားကြောင်း၊ ယခုနိုဝင်ဘာလ ၂၇ ရက်နေ့ထိ ၂၇၄၈ တန်ခန့် စီးထွက်သွားလို့ တစ်ရက်ကို တန် ၁၀၀ ကျော်အထွက်ရှိနေတာမို့ ယခုလ ပဲတီစိမ်းတင်ပို့မှု ပိုမိုကြောင်း၊ တစ်ရက်ကို ပျမ်းမျှ ၁၀ အိတ်ခန့် အထွက်ပိုကြောင်း သိရပါတယ်။ ဈေးအနိမ့်၊ အမြင့် မြန်ဆန်တာကြောင့် အရောင်းအဝယ်ကိုလည်း သွက်သွက် လက်လက် လုပ်ကိုင်ရ ကြောင်း၊ အချိန်နဲ့အမျှ ဈေးပြောင်းလဲမှုကြောင့် အမြတ်အစွန်းအနည်းငယ်ဖြင့်သာ ရောင်းဝယ်ရကြောင်း ပဲတီစိမ်း ဈေးကွက်က သိရပါတယ်။ စိုးအောင်
အိန္ဒိယဈေးကွက်များကို ရာဂျက်စသန်ဘက်မှ ပဲတီစိမ်းများ တစ်ရက်အိတ် ၄၄၀၀၀-၄၅၀၀၀ ခန့်အဝင်ရှိလို့ ပဲတီစိမ်း ဈေးကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ပဲခွဲစက်များမှ ဝယ်လိုအားမရှိဘူးလို့ သိရပါတယ်။ ဈေးကွက်တွေမှာ သိုလှောင်ပဲများနေခြင်းနဲ့ ဝယ်ယူမှုနည်းခြင်းတို့ကြောင့် လာမယ့် ရက်တွေမှာလည်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးနှုန်းဟာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းလာတယ်လို့ သိရပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၃၀-၁၁-၁၁ ၂၉-၁၁-၁၁ ၂၈-၁၁-၁၁ ၂၆-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၇၇၉-၇၈၄ ၇၈၃ ၇၈၃-၇၈၈ ၇၈၀-၇၈၅ဒေလီ ၄၂၃-၆၃၅ ၄၀၄-၆၁၅ ၄၂၃-၆၃၄ ၄၂၁-၆၃၅အာကိုလာ ၆၇၃-၈၂၇ ၆၇၃-၈၀၇ ၇၃၀-၈၄၆ ၇၈၅-၈၄၂MIRT(MAPT)
ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်)အတွင်း ပဲတီစိမ်း တန်ချိန်၁၂၀၀ ခန့်သာ စာချုပ်ချုပ်ဆို အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက်လျော့နည်းရောင်းဝယ်ခဲ့ပါတယ်။ အိန္ဒိယ ဝယ်လက်အချို့မှ အရည်အသွေးကောင်းတဲ့ ပခုက္ကူ၊ အောင်လံဘက်က ပဲတီစိမ်းအသစ်များ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။လတ်တလောမှာ အိန္ဒိယဈေးကွက်တွေမှာ အိန္ဒိယထွက် ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေဆဲဖြစ်လို့ ဝယ်လိုအားနည်းနေပေမဲ့ လာမယ့်ရက်တွေမှာတော့ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ အဝယ်လိုက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း FAQ(အညာ) တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ အသီးသီးရှိကြောင်းသိရပါတယ်။MIRT(MAPT)
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာယခင်သီတင်းပတ်က တန်ချိန် ၁၆၀၀ ကျော်သာရှိရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ၂၁ ရက်-၂၅ ရက်)အတွင်းမှာတော့ တန် ၃၀၀၀ အထိအနည်းငယ်ပိုတင်လာခဲ့ပါတယ်။ အရည်အသွေးကောင်းပဲတီစိမ်းများ အဝယ်ဆက်ရှိနေသေးလို့ တင်ပို့မှုပိုလာခြင်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၅ ရက်အထိ ပဲတီစိမ်း စုစုပေါင်းတန်ချိန် ၂၁၂၆၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့်ကန် ဒေါ်လာ ၂၀၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၁၆၁၂၀၀ ကျော်သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈၉ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT(MAPT)
ပြည်ပွဲရုံများကို ရွှေတောင်မြို့နယ်မှ ပဲလွန်းဖြူအသစ်များ ဝင်စပြု နေပြီး၊ ပဲတစ်တင်း အဖွင့်ဈေးမှာ ၁၅၀၀၀ ကျပ်ဖြစ်ကြောင်းသိရပါတယ်။ အဝင် နည်းနေသေးသလို အရောင်း အဝယ်ကလည်း အေးနေလို့ မြို့တွင်း ဝယ်လက်အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ ယခင်နှစ်က နိုဝင်ဘာ လလယ်မှာ ပဲဟောင်းတစ်တင်း ၃၀၀၀၀ ကျပ်ဈေး ပိတ်ခဲ့ပြီး၊ ဒီဇင်ဘာ လလယ် ပဲသစ်ပေါ်ချိန်မှာတော့ တစ်တင်း ၂၃၀၀၀ ကျပ်ဈေးဖွင့်ခဲ့တယ် လို့ သိရပါတယ်။ မိမိအေး
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတင်ပို့ရာမှာ ယခင်သီတင်းပတ်က တန်ချိန် ၃၂၀ ကျော်ရှိခဲ့ရာမှ ယခု သီတင်းပတ် (နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်)အတွင်းမှာတော့ တန်ချိန် ၁၆၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း ပြည်ပတင်ပို့မှုမှာ တန်ချိန် ၁၆၇၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူ အတွင်း တင်ပို့ခဲ့တဲ့ ပမာဏနဲ့ ကွာခြားမှု မရှိပေမဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄ သန်းသာရရှိခဲ့လို့ ယခုနှစ်မှာ ၁ သန်း ကျော်ပိုမိုခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခု တစ်ပတ်မှာ တန်ချိန် ၃၇၅ တန်ရှိခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးအတွင်း အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု တန်ချိန် ၁၃၇၀ ခန့်ရှိတာ တွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်းပြောင်းလဲခြင်း မရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန် ဒေါ်လာ ၉၀၀-၉၂၀ ရှိကြောင်းသိရပါ တယ်။ MIRT(MAPT)