Background
''အမှတ် မမှားစေဘို့ '' ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၇)၊ အမှတ် (၃၇)၊ စက်တင်ဘာ ၂၉၊ အောက်တိုဘာ ၅၊ ၂၀၁၁ အထူး အချပ်ပိုမှာ ဆောင်းပါးရှင် ဇော်ထိုက်ရဲ့ '' ပို့ကုန်အတွက် ပြည်ပမှ ကြိုတင်ပေးပို့ငွေကို သင်္ဘောမထွက်မီ အကောက်ခွန်က စစ်ဆေးပြီးသည့်နှင့် ထုတ်ပေးတော့မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား '' ဆောင်းပါးတွင် နောက်ဆုံးအပိုဒ်၌ '' လက်ရှိအချိန် တွင် လုပ်ငန်းများအတွက် ပြည်ပမှ ဝယ်လက်အများစုသည် L/C (ကုန်ရောက်မှ ငွေပေးသည့်စနစ်) ဖြင့်သာ လက်ခံ ရောင်းဝယ်နေသော်လည်း ဌာနကT/T (ငွေကြိုပေးသည့်စနစ်) ဖြင့်သာ လိုင်စင်ချပေးမှု များသောကြောင့် ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် ပြည်ပတွင် ကုမ္ပဏီခွဲဖွင့်၍ တစ်ဆင့်ခံ ငွေပေးငွေယူ ဆောင်ရွက်နေကြရသဖြင့် Transaction Cost (မလိုလားအပ်သည့် ကုန်ကျစရိတ်များ) ကျသင့်လျက်ရှိကြောင်း ကုန်သည် အသိုင်းအဝိုင်းမှ သိရသည် '' ဟု ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ ကုန်သည်လုပ်ငန်းရှင်များ အမှတ်မမှားစေဘို့ ဌာနအနေဖြင့် လက်ရှိ ဆောင်ရွက် နေသည့် အခြေအနေမှန်များအား လေ့လာမေးမြန်း၍ အောက်ပါအတိုင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ ပြည်ပနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ကုန်ရောင်း ကုန်ဝယ်ပြုကြတဲ့နေရာမှာ ကုန်တန်ဖိုးအတွက် ငွေပေးချေမဲ့စနစ် ကို နှစ်ဖက် အကြေအလည် ညှိနှိုင်းပြီး သဘောတူ စာချုပ်ချုပ်ဆို အရောင်းအဝယ်ပြုကြရပါတယ်။ လက်ရှိနိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ မြန်မာနိုင်ငံမှာလည်း ပို့ကုန်လုပ်ငန်းအားလုံးအတွက် ကုန်သည်လုပ်ငန်းရှင်များ စိတ်ကြိုက် ငွေပေးချေမှုစနစ်ကို Normal LC/ TT စနစ် နှစ်မျိုးစလုံးနဲ့ ဆောင်ရွက်ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ငွေပေးချေမှုစနစ် နှစ်မျိုးစလုံးရဲ့ အားနည်းချက် အားသာချက်တွေ ရှိကြပါတယ်။ အကယ်၍ Telegraphic Transfer (TT) စနစ်နဲ့ ရောင်းချမယ်ဆိုရင် တစ်ဘက် ကုန်ဝယ်သူမှ ကုန်ဖိုးငွေကို ကုန်ရောင်းသူရဲ့ ဘဏ်စာရင်းထဲ ကို သက်ဆိုင်ရာ ဘဏ်မှတစ်ဆင့် ကြိုတင် ငွေလွှဲပေးပို့တဲ့ စနစ်ဖြစ်ပါတယ်။ ပို့ကုန်ကြိုတင်ရငွေလို့ သုံးနှုန်းပါတယ်။ ဒီစနစ်မှာ တစ်ဘက်ကုန်ဝယ်သူက ကုန်ရောင်းသူကို ယုံကြည်မှုအရ ကြိုတင်ငွေလွှဲ ပို့ပေးထားတာ ဖြစ်ပါတယ်။ သေချာတာကတော့ မိမိဘက်က ကုန်ပစ္စည်း သင်္ဘောတင်ပြီးတာနဲ့ ကြိုတင်ငွေလွှဲ ပို့ထားတဲ့ငွေကို တရားဝင် ပို့ကုန် ကြောင့်ရငွေ (Export Earning) အဖြစ် သုံးစွဲခွင့် ရရှိပါတယ်။ ကုန်တင်ပို့ပြီးတာနဲ့ ချက်ချင်းငွေရတဲ့ သဘောပါ။ Letter of Credit (LC) စနစ်နဲ့ ငွေပေးချေတာမှာတော့ တစ်ဘက် ကုန်ဝယ်သူကို မိမိကုန်ရောင်းသူဘက်က ယုံကြည်စိတ်ချရမှု ရှိမှ လုပ်လို့ရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ကုန်ပစ္စည်းကို သင်္ဘောတင်ပို့ပြီး သင်္ဘောတင် အထောက် အထားအပြည့်အစုံ ရရှိမှ မိမိဘက်ဘဏ်ကို Document များ ပေးပို့ရပါတယ်။ မိမိဘဏ်က တစ်ဘက်ကုန်ဝယ်သူ ဘဏ်ကို အထောက်အထားတွေ လွှဲပို့ပေးပြီး မှားယွင်းမှု/ လိုအပ်မှု တစ်စုံတစ်ရာမရှိမှ အားလုံးမှန်ကန်မှ တစ်ဘက်က LC လွှဲပေးတာပါ။ လွှဲပေးလာတဲ့ LC မှာ အမှားအယွင်း တစ်စုံတစ်ရာမရှိမှ မိမိဘက်မှာ ဘဏ်ကနေ Credit ထုတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ LC စနစ်နဲ့ ရောင်းဝယ်ရာမှာ ငွေရနောက်ကျတဲ့ အခြေအနေ တစ်ခုကတော့ ရှိနေတာ အမှန်ပါ။ ပို့ကုန်ပစ္စည်းများအတွက် လိုင်စင်လျှောက်ထားရာမှာ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ကုမ္ပဏီလုပ်ငန်း ရှင်များ စိတ်ကြိုက် ငွေပေးချေမှု နည်းလမ်းများနဲ့ လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။Normal LC, Normal TT, Normal LC (or) TT စသည်ဖြင့် ငွေပေးချေမှု နည်းလမ်းအားလုံးဖြင့် ခွင့်ပြုပေးနေတဲ့အကြောင်း ကုမ္ပဏီလုပ်ငန်းရှင်များ အမှတ်မမှားစေဖို့ ရှင်းရှင်းလင်းလင်း သိရှိစေဖို့အတွက် ဗဟုသုတ မျှဝေလိုက်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး အားလုံး အောင်မြင်တိုးတက်နိုင်ကြပါစေ ...... သက်နိုင်ဦး(ပို့ကုန်)
ပြည်စားတော်ပဲ အဝယ်လိုက်ပြီး ဈေးကောင်းရ ပြည်စားတော်ပဲမှာ ပဲဈေးကွက်တွင် ဈေးရအကောင်းဆုံးဖြစ်နေပါတယ်။ ယခုတစ်ပတ်မှာတော့ စားတော်ပဲ ပိဿာ ၂၀ တစ်တင်းကို ၂၃၅၀၀ ကျပ်ဈေးရှိပြီး၊ ရန်ကုန်ဝယ်လက်အဝယ်လိုက်နေတာကြောင့် ဈေးကောင်း နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့နိုင်မှုအခြေအနေမှာ တစ်နေ့ကို အိတ် ၂၀၀ လောက်တင်ပို့နိုင် ပြီး ဝင်ရောက်မှုအနေဖြင့် ပြည်ဈေးကွက်သို့ မင်းတုန်းဘက်မှ ပဲများအဝင်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
ပြည်ကုလားပဲ အရောင်းအဝယ်သွက်နေ ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၂၁၅၀၀ ကျပ်၊ ယခုတစ်ပတ်တွင် တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အဝင်အနည်းငယ်သာရှိပြီး ပဲဈေးကောင်း ရလာတဲ့အတွက် လှောင်လက်သမားများ ထုတ်ရောင်းမှုရှိကြောင်း သိရပါတယ်။ ခွဲခြမ်းသမားများ ပုံမှန် အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ်ရှိပြီး မန္တလေး ဝယ်လက်ရှိတဲ့ နေ့များမှာ တစ်နေ့ အိတ် ၇၀၀ မှ ၈၀၀ ခန့်အထိ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာ V2 အဝယ်အားပျော့ စီးထွက်မှုလျော့လာ ပြီးခဲ့တဲ့တစ်ပတ်က တက်ဈေးနဲ့ အဝယ်အရောင်းသွက်ခဲ့တဲ့ မုံရွာ V2 ဈေးကွက်ဟာ စက်တင်ဘာလကုန်ပတ်မှာအဝယ်အရောင်းအနည်းငယ်လေးသွားပြီး ဈေးလည်းအေးလာခဲ့ပါတယ်။ ဒီလ V2 ပေါက်ဈေး အနေအထားက မနှစ်ကနဲ့ကာလတူ နှိုင်းယှဉ်ရင် အမြင့်ဈေးရခဲ့ပေမဲ့ ဒေသခံလှောင်လက်တွေအနေနဲ့ ပဲဝယ်ချိန် ပေါက် ဈေး ကွာခြားနေတဲ့အတွက် အကျိုးအမြတ်လည်း တူညီမှုမရှိဘဲ ယခုဈေးထက် ပိုမိုလာဖို့ မျှော်လင့်နေဆဲဖြစ်တာတွေ့ရပါတယ်။ မနှစ်က ဒီကာလ V2 ပေါက်ဈေး မှာ တစ်တင်း ၂၀၅၀၀ ကျပ်ဖြစ်ပြီး၊ ယခု ၂၄၈၀၀ ကျပ်ထိရပေမဲ့ ကျန်ကုလားပဲ တွေကတော့ မနှစ်ကနဲ့ ဈေးကွာခြားမှုမရှိဘဲ၊ ကုလားပဲတိုင်ပေတစ်တင်း ၂၀၄၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၉၀၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၂၀၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ် အသီးသီးဈေးပေါက်လျက်ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်အဆွဲအနေနဲ့ တစ်နေ့ပျမ်းမျှအိတ် ၁၀၀၀ မှ ၁၅၀၀ အတွင်းရှိခဲ့ပြီး ကျန်ကုလားပဲများကတော့ ဒေသတွင်း စက်သမားနဲ့ လက်လီအသုံးတစ်နေ့ အိတ် ၅၀၀ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးထွက်မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၃၀၀၀ ခန့် လျော့နည်းသွားပြီး၊ မန္တလေးကို တင်း ၅၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာရှိတယ်လို့သိရပါတယ်။ ထွန်းလှိုင်
ကုလားပဲတင်ပို့မှု နည်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်းလျော့လာ ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁၇၀၀ ကျော်သာ ရှိလာတာတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် FOB ဈေးကွက်မှာလည်း အရောင်းအဝယ်ဖြစ်မှုက ယခုစက်တင်ဘာ နောက်ဆုံး ပတ်မှာ တန်ချိန် ၂၀၀ ခန့်သာ ရှိတော့တာတွေ့ရပါတယ်။ ပြည်တွင်းလက်ကျန် နည်းလာတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုနည်းသလို တင်ပို့မှုလည်း တဖြည်းဖြည်း ကျဆင်း လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကုလားပဲပြည်ပ တင်ပို့မှု မှာ တန်ချိန် ၆၀၀၀၀ ကျော်ရှိတာ တွေ့ရပါတယ်။ ရန်ကုန် FOB တစ်တန် ကန်ဒေါ်လာ ၁၁၀၀-၁၁၂၀ ရှိကြောင်း သိရပါတယ်။ MIRT-MAPT
ပြည်ပဲကြီး ဈေးနှုန်းအနည်းငယ်မြင့် ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲကြီးကမ်းနားဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်၊ ပဲကြီး(ရွှေကျွန်း)မှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်ကထက် တစ်တင်း ၁၀၀၀ ကျော်ခန့် ဈေးမြင့်ခဲ့ပါတယ်။ ပြည် ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ကံမဘက်မှ ပဲကြီးအဝင် အနည်းငယ်ရှိလာခဲ့ပြီး၊ ဒေသတွင်းလက်ကျန်ပဲများလည်း ထုတ်ရောင်းချမှုများရှိတာကြောင့် တစ်ရက်လျှင် ပဲကြီးရွှေကျွန်းအိတ် ၃၀၀ ကျော်နဲ့ပဲကြီးကမ်းနားအိတ် ၂၀၀ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ဒေသတွင်းပဲကြော်ပဲလှော်ဖို လုပ်ငန်းများမှလည်း ပုံမှန်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းလက်ကျန်နည်းလာ ပြည်ဈေးကွက်သို့ ပဲတီစိမ်းအဝင်ပါးလာပြီဖြစ်သလို ပဲလက်ကျန်လည်း နည်းလာခဲ့ပြီဖြစ်ပါတယ်။ စက်တင်ဘာလဆန်းမှစ၍ ပဲတီစိမ်းကို မျိုးစိုက်ပျိုးရန် ဝယ်ယူမှုများရှိတာကြောင့် အိတ် ၃၀ ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုစက်တင်ဘာလ ကုန်မှာတော့ အရောင်းအဝယ်အေးလာခဲ့ပါတယ်။ နေ့စဉ် အရောင်းအဝယ် မဖြစ်တော့ဘဲ တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့်သာ ဈေးအေးနေခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပဲတီစိမ်း တင်ပို့မှု ဆက်လက်လျော့နည်းဆဲ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ ရွှေလီသို့ ကန်ဒေါ်လာ ၀ ဒသမ ၈၅၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၉၈၂ တန်ကျော်ကို စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တော့ တန် ၃၆၀ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းကား ပျမ်းမျှ တစ်နေ့ ၁၀ စီးခန့် အတက်ရှိတယ်လို့ သိရပါတယ်။ သယ်ယူပို့ဆောင်ခတွေကလည်း ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ်လျှင် ၁ ပိသာကို ၁၆ ကျပ်နှုန်းပိုလာတာတွေ့ရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၅၈၀၄၃ ၆၄၇၀၉၉ ၁၀၉၄၄ ၂ ၉၀၈ ၈၉၃ ၁၅ ၂MIRT (DOBT)
ပဲတီစိမ်း FOB အရောင်းအဝယ်တန်ချိန် တစ်ထောင်ကျော်လျော့လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုကတော့ တန်ချိန် တစ်ထောင်ကျော်ကို လျော့ကျလာခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၂၉ ရက်အတွင်း FOB အရောင်းအဝယ်ဖြစ်မှု ဟာ စုစုပေါင်းတန်ချိန် တစ်သောင်းကျော်သာရှိပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ အရည်အသွေးနိမ့် ပဲအသစ်များ ဝင်ရောက်နေရာယူထားတဲ့အတွက် မြန်မာပဲတီစိမ်းကို ယခုရက်ပိုင်း အဝယ်မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့စက်တင်ဘာလ ၃၀ ရက်မှာပဲတီစိမ်းအညာ (FAQ ) တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ နဲ့ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၀၅၀-၁၀၇၀ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT
ပဲတီစိမ်းတင်ပို့မှု ပမာဏ နည်းနေဆဲ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်)အတွင်းမှာလည်း တန်ချိန် ၃၅၀၀ ခန့်နဲ့ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပြည်တွင်းအရည်အသွေးနိမ့် မိုးမိပဲများဝင်လာနေသလို မြန်မာ ပဲတီစိမ်းများလည်း အန္ဒိယဈေးကွက်တွေမှာ ကျန်နေသေး တာမို့ လတ်တလော မြန်မာပဲတီစိမ်းကို အဝယ်အေးနေတယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၃ ရက် အထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၉၀၀၀၀ ကျော်ပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၂၇၀၀၀ ခန့်သာ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလောအဝယ်အေး လို့ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု နည်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT