Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်စခန်းမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပြောင်းဖူးစေ့ တန် ၃၅၀ ကို ကန်ဒေါ်လာ သုည ဒသမ ၁၁၄ သန်းဖိုးစတင်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် စခန်းမှ ယခုအပတ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၄၂၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၅၉၄ တန်ကျော်နဲ့ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာသုည ဒသမ ၂၃၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၇၀ ကိုတင်ပို့ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှယခုအပတ် တင်ပို့မှု မရှိခဲ့ပါဘူး။ နှစ်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက် ပါတယ် -
ဒီဇင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၈၂၂ တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါ ၈၂၂ တန်အနက် စင်ကာပူနိုင်ငံ သို့ ၇၂ တန်တင်ပို့ နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန် ၇၅၀ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင် အပတ်က ၅၇၆ တန်သာ တင်ပု့ိခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄၆ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOBပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၇၀-၂၈၀ ဖြစ်ပါတယ်။MIRT (DOBT)
ဒီတစ်လမှာ ရှမ်းနနွင်းက အနည်းငယ်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒီဘက်နှစ်တွေမှာတော့ ပြည်ပတင်ပို့မှုမရှိဘဲ၊ ပြည်တွင်းသုံးအတွက် ဟင်းခတ်အမွှေးအကြိုင်ရယ်၊ ခြင်ဆေးခွေပြုလုပ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်သာ ဝယ်ယူမှုရှိတာ ကြောင့် အနည်းအကျဉ်းလောက်သာ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ လက်ကျန်နနွင်းတွေကလည်း အတော်များများ ကျန်နေ သေးတာကြောင့် ဒီနှစ်နနွင်းကိုလည်း ဖော်ချင်မှ ဖော်တော့မယ်လို့လည်း နနွင်းစိုက်တောင်သူတွေထံက သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၄ သန်းတန်ဖိုးရှိ နနွင်းတက် ၂၈ တန်ခန့်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၅ သန်းဖိုးရှိ နနွင်းတက် ၅၉ တန်ကျော်ကို ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်က မြဝတီစခန်းမှသာ ၅ တန်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နနွင်းတက် ၈၅ တန်နီးပါး ပိုမိုခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)
ဒီဇင်ဘာပထမပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်နေ့တာကာလအတွင်း နနွင်း ၆၄ ဒသမ ၅ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ အိန္ဒိယနိုင်ငံကို ၄၉ ဒသမ ၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုက တန်ချိန်တစ်ရာ့ နှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်ချိန်ခြောက်ဆယ်ကျော် လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ခြောက်ရာကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ကြက်သွန်နီဆိုတာ မြန်မာစားဖိုဆောင်သာမက ကမ္ဘာ့စားဖို ဆောင်ထိ ခြေဆန့်တတ်တဲ့ သီးနှံမျိုး။ အရောင်ကလဲ ရဲတယ်၊ ရသာ ကလဲ ကဲတယ်။ လျှာကိုသာမက ကျန်းမာရေးအတွက် အပြည့်အ၀ အထောက်အပံ့ပေးတဲ့ သီးနှံမျိုး။ မွှန်တယ်၊ စပ်တယ်၊ ကြည်တယ်၊ သန့်တယ်။ ရသာနဲ့သွေးသား ကွဲပြားတဲ့အကျိုးကိုပြုတတ်တယ်။ ရံဖန် ရံခါ ဈေးသက်သာတယ်၊ ရံဖန်ရံခါဈေးကြီးတယ်။ စိုက်သူရှုံးရင် သုံးသူ ပြုံးတယ်။ စိုက်သူပြုံးရင် သုံးသူမဲ့တယ်။
သုံးသူမဲ့အောင် စိုက်သူက ဖန်တီးခြင်းမဟုတ်သလို၊ စိုက်သူမဲ့ အောင်လည်းသုံးသူက ဖန်တီးခြင်းမဟုတ်ဘူးဖူးလို့ သုံးသပ်မိတယ်။ မတောက်တစ်ခေါက်အတွေးနဲ့ ဆွေးနွေးရရင်အဓိကဖန်တီးရှင် က ဈေးကွက်။ စိုက်ပျိုးမှုအထွက်နဲ့ စားသုံးမှုအသုံး၊ တစ်ရာသီစာချိန်ခွင်နဲ့ ဆုံးဖြတ်တဲ့အခါ စားသုံးအားက သာပြီး ပစ္စည်းနည်းရင် ဈေးတက် မယ်။ ပစ္စည်းလက်ကျန်ကသာပြီး စားသုံးမှုကလျော့ရင် ဈေးကျမယ်။ ပြောကြတယ် စိုက်သူကလူနည်းစု၊ စားသုံးသူကလူများစု၊ ဘယ် သူ့မျက်နှာကြည့်မလဲတဲ့။ ကြားဖူးတဲ့သတင်းတစ်ခုရှိတယ်။ လာမယ့် အနာဂတ်မှာ လကမ္ဘာကို သွားချင်ရင် လူတစ်ဦးကို ဒေါ်လာသန်း ၁၀၀ ခန့်နဲ့ ပို့ဆောင်ပေးမယ်တဲ့။ ထုတ်လုပ်သူ အမြတ်ရရှိရေးပေါ့။ ဒေါ်လာသန်း ၁၀၀ ကို ကျုပ်တို့အိပ်မက်တောင် မမက်သင့်ပေမယ့်၊ ထုတ်လုပ်မှု စရိတ်ကျသင့်တဲ့ပေါက်ဈေးကိုများတယ်လို့များ ကျုပ်တို့ ဝေဖန်ရဲသလား။ သမာသမတ်ဆိုတဲ့ ဝေါဟာရဟာ မြန်မာ့ဈေးကွက်ရဲ့အသက် ပါ။ အကောင်းမြင်ဝါဒဟာ ဗုဒ္ဓရဲ့အသက်ပါ။ ကိုယ်ချင်းစာတရားဟာ သတ္တဝါတို့ရဲ့ အသက်ပါလို့ ထင်မြင်မိပါတယ်။ တောင်သူတွေရဲ့ ကိုယ်စား၊ ပြောရဲတာကတော့ တောင်သူဟာ ဈေးကွက်ကို ဘယ် တော့မှ ချုပ်ကိုင်ခြင်းမရှိဘူး ဆိုတာပါပဲ။ သဘာဝနဲ့ဈေးကွက်က ဆုံးဖြတ်တဲ့နှုန်းကိုသာ ရယူနိုင်ခွင့် ရှိသူလို့ထင်မြင်ရပါတယ်။ ဒီရာသီဒီအချိန်မှာ အရင်နှစ်တွေက စိုက်ပျိုးမှုအရှုံးကြောင့် ကျ ဆင်းသွားတဲ့ စိုက်ဧကနဲ့ အထွက်အရ အလိုပြနေပြီ။ ဝယ်လိုအား လည်း ကောင်းနေတယ်။ ဈေးကွက်မှာ တက်ဈေးဖြစ်နေတယ်။ မုံရွာ နယ်ရဲ့ ကြက်သွန်နီ ခရေစီလို့ပြောရမယ့် မြေနဲက ကြက်သွန် တောင် သူ တွေပြီးခဲ့တဲ့မိုးရာသီအဆုံးမှာ စိုက်ခဲ့ကြတဲ့ မိုးကြက်သွန်တွေ ပေါ် ပြီ၊ အသစ်ပေါက်ဈေးက တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၂၀၀ ကျပ် စိုက်ပျိုးစရိတ်က တစ်ဧက ၈ သိန်းခန့် အထွက်က တစ်ဧက ၂၅၀၀ ကနေ ၃၅၀၀ ပိဿာ ပျမ်းမျှတစ်ဧကကျပ်သိန်း ၃၀ ဝင်မယ်။ အကျိုး အမြတ်က ကျပ်သိန်း ၂၀ ကျော်ပစ္စုပ္ပန်ကြက်သွန်ဈေးကွက်ကြောင့် ဖြစ်ပေါ်ခံစားရတဲ့ အခြေအနေက အရင့်အရင်ကြက်သွန် တောင်သူ တွေရဲ့ အရှုံးရာသီကိုတော့ စာမဖွဲ့တော့ပါ။ တောင်သူတွေ က အတိတ်ကို အတိတ်မှာ ထားခဲ့ကြတယ်။ " စွန့်လွတ်သူသာ အောင်မြင်ရာ"ဆိုတဲ့ ဆောင်ပုဒ်လို "နာ တစ်ခါသာတစ်လှည့်" မငြီးစတမ်းစားသုံး သူတွေထံ အရောက်ကမ်းဖို့ မမျှော်မှန်းနိုင်တဲ့ ဈေးကွက်ကို လျစ်လျူရှု ကုန်ကျမှုကို အရင်းတည်၊ ရာသီကိုအံတု ပေးဆပ်မှု အဖုံဖုံနဲ့ မုံရွာနယ် မြေနဲအပါအဝင် မြန်မာ ပြည် ယာအစုစုက ကြက်သွန်နီ တောင်သူတို့ရဲ့ အောင်ပွဲကို စိတ်ရဲရဲ ပေးဝေခံစားရင် ဂုဏ်ပြုစားသုံးကြပါ ခင်ဗျာ.....လို့။ထွန်းလှိုင် - မုံရွာ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်း ကျော်တန်ဖိုးရှိ မန်ကျည်းစေ့ ၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ မန်ကျည်းစေ့ကို ဆောက် လုပ်ရေးလုပ်ငန်းများတွင် ဘိလပ်မြေနဲ့ရောပြီး အသုံးပြုတယ်လို့ သိရပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ်မှပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။MIRT (DOBT)
ချင်းအသစ်က အခုချိန်မှာ အဝင်လှိုင်နေပါတယ်။ တစ်ရက်ကို ပိဿာချိန် သောင်းချီအဝင်ရှိနေပါတယ်။ အဝင်ရှိသလောက်လည်း ပြန်ရောင်းနေရတယ်လို့ သိရပါတယ်။ ဥမတွေကတော့ ကုန်သလောက်ဖြစ်နေပါပြီ။ ချင်းထိုးသမားတွေနဲ့ နေကြာစေ့ဖိုတွေကလည်း ချင်းတက်ကို ပိုပြီးဝယ်ယူလာကြတယ်လို့လည်း သိရ ပါတယ်။ ဟိုပုံးချင်းက အဝင်မရှိသေးတာကြောင့် အောင်ပန်းချင်းကိုသာ ဝယ် လက်တွေကအဓိကထားပြီး ဝယ်ယူနေကြ တယ်လို့လည်းသိရပါတယ်။ ပင်းတယ၊ ဟဲဟိုး၊ တီကျစ်၊ ကလောစတဲ့ ဒေသတစ်ဝိုက်ကပါဝင်လာတာကြောင့် အောင်ပန်း ဈေးကွက်မှာ ချင်းကိုပြည်တွင်းသုံး၊ ဒေသသုံးအတွက် လက်လီ၊ လက်ကားရောင်း ဝယ်ဖောက်ကားတဲ့ ဈေးကွက်ကြီးဖြစ်ပါတယ်။
ပြည်ဈေးကွက် ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေပြီး၊ ယခင်အပတ် ကအတိုင်းတစ်ပိဿာ ကိုအနိမ့်ဆုံး ၄၅၀ ကျပ်မှအမြင့်ဆုံး ၆၀၀ ကျပ်ထိရှိပြီး၊ ပုံမှန် ရောင်းဝယ်လျက်ရှိနေပါတယ်။ ယခုအချိန်ဟာ အောင်ပန်း ချင်းများ အရင့်ဆုံးအချိန် ဖြစ်ပြီး၊ သိုလှောင်အထားခံတဲ့အတွက် ပြည်ဈေးကွက်ရှိ ချင်းရောင်းဝယ် သူများ အနေနဲ့ ပိုမို မှာယူခြင်းများကြောင့် အဝင်လည်းများလာတာတွေ့ရပါတယ်။ ယခင် က တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် အထိသာဝင်ပြီး၊ ယခုတစ်ပတ် အိတ် ၃၀၀ ထိ အဝင်ရှိလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို မိတ္ထီလာချင်း များ ဒီဇင်ဘာလဆန်းပိုင်းမှာ ဝင်ရောက်မယ်လို့လည်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
ဒီဇင်ဘာလဆန်းမှစပြီး၊ ပြည်ပဲဈေးကွက်အတွင်းမှာ ပဲကြီးဈေးနှုန်းများ ဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံမှာ ဈေးကွက်အတွင်း ပဲလက်ကျန် နည်းလာသလို ပဲအဝင်လည်းမရှိဘဲ ဒေသတွင်းခွဲစက်သမားများ ပုံမှန်အဝယ်ရှိတာ ကြောင့် တစ်ရက်အိတ် ၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း ပဲကြီး(ရွှေကျွန်း)မှာ ယခင်အပတ်ကအတိုင်း ဈေးအမြင့်နဲ့ ဈေးငြိမ်နေသော် လည်း ပဲကြီး(ကမ်းနား)ကတော့ ယခုတစ်ပတ်မှာ ဈေးပိုရတဲ့အတွက် တစ်တင်း ၃၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးရွှေကျွန်း ကတော့ တစ်တင်း ၃၂၀၀၀ ကျပ်နဲ့ ဈေးငြိမ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း-ပြည်