၀ါးပင်သည် သစ်ပင်မျိုးနွယ်ဝင် အပင်မျိုးဖြစ်၍ ဝါးသည် မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား တွေ့ရသော အရေးပါသည့် အပင်တစ်မျိုးဖြစ်သည်။ ကြီးထွားနှုန်းမြန်ပြီး သဘာဝပတ်ဝန်းကျင် နှင့်ကိုက်ညီစွာ ကြီးထွားနိုင်သောကြောင့် လူသားဘဝတွင် အကျိုး ကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။ ဝါးကို အိမ်/ အဆောက်အအုံ ဆောက်လုပ်ရာတွင် အသုံးများပြီး တံတားများ၊ အမိုး/ အကာအရံ များ ပြုလုပ်ရာတွင်လည်း အသုံးဝင်သည်။ ထို့အပြင် ဝါးဖြင့် ပရိ ဘောဂများ၊ တောင်းခြင်းများ၊ ခြံစည်းရိုးများပြုလုပ်နိုင်သည်။ ကျေး လက်ဒေသများတွင် ဝါးသည် နေ့စဉ် အသုံးအဆောင်ပစ္စည်းအဖြစ် အရေးပါသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ အလူးလေးကျေးရွာ၊ အလူးကြီးကျေးရွာ၊ ပိုင်ဒဝယ်ကျေးရွာများသည် ဝါးအများဆုံးထွက် ရှိသော ဒေသများဖြစ်ကြသည်။ ထိုဒေသများမှ ထွက်ရှိသော ဝါးများ သည် ဒေသခံပြည်သူများ၏ နေ့စဉ် အသုံးအဆောင်နှင့် အခြေခံ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော သဘာဝအရင်းအမြစ် တစ်ရပ်ဖြစ်သည်။ ထိုဒေသတွင်းထွက်ရှိသော ဝါးများတွင် ဝါးပိုးဝါး နှင့် သိုက်ဝါးကို အများဆုံးတွေ့ရသည်။ ထိုဒေသရှိ ဝါးပင်များသည် သဘာဝအလျောက် ပေါက်နေသော အပင်များအများဆုံးဖြစ်ပြီး ထိုဝါးပင်အား မျိုးတုံးပျောက်ကွက် မသွားစေရန် ဒေသခံများမှ ဆက် လက်ထိန်းသိမ်းခြင်း၊ ပြုပြင်စိုက်ပျိုးခြင်းတို့ပြုလုပ်ကြသည်။ ဝါးပင် များသည် မိုးရာသီတွင် မျှစ်စို့ငုတ်လေးများ စတင်ထွက်ရှိပြီး သက် တမ်းခုနစ်နှစ်ခန့်တွင် အသုံးပြုရန် သင့်တော်သည့် ဝါးရင့်များ ဖြစ် လာပြီး ဒေသခံများမှ ခုတ်ယူ၍ အသုံးပြုခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ကြသည်။
ဝါးပိုးဝါးပင်သည် လုံးပတ်ကြီးမား၍ ခိုင်ခံ့သောကြောင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အဓိကတိုင်အဖြစ် အသုံး များသည်။ ၎င်း၏ အချင်းမှာ ၆လက်မ/၇လက်မ ဝန်းကျင်ခန့်ရှိသည်။ သိုက်ဝါးမှာ သေးငယ်သော်လည်း ခိုင်ခံ့မာကြောပြီး အသုံးပြုရ လွယ် ကူသဖြင့် အဆောက်အဦး၊ လမ်း၊ တံတားများ ဆောက်လုပ်ရာတွင် များစွာ အထောက်အကူဖြစ်စေသည်။ ဒေသတွင်း ထွက်ရှိသော ဝါးများအား ဒေသအတွင်းအသုံးပြုရန် ဝါးအလုံးများအတိုင်း ရောင်း ချခြင်း၊ ဝါးဖြင့်ပြုလုပ်၍ရသော ဝါးကုလားထိုင်၊ ဝါးခုတင်များ၊ ဝါးတောင်း၊ ဝါးခြင်းများ ပြုလုပ်ရောင်းချကြပြီး၊ အများအားဖြင့် ဒေသ တွင်းထွက်ရှိသော တောင်းထန်းရွက်များနှင့် တွဲဖက်အသုံးပြုရသော ဝါးသက်ငယ်တံပြုလုပ်၍ အိမ်ခေါင်မိုး မိုးရန် ရောင်းချကြသည်။ အဆိုပါ တောင်ထန်းအမိုးလုပ်ငန်းသည် ၎င်းဒေသ၏ မိရိုးဖလာ လုပ်ငန်း ဖြစ်သည့်အတွက် ဒေသနေ ကျေးလက်ပြည်သူများ၏ အလုပ်အကိုင် ဖန်တီးနိုင်သည့် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ် သည်။
ထိုသို့ ဒေသတွင်းထွက်ရှိသော ဝါးများအား ဒေသတွင်း အသုံး ပြုပြီး ပိုလျှံသော ဝါးများအား ပဲခူးတိုင်းဒေသကြီးသို့ အများဆုံး တင်ပို့ရောင်းချကြ၍ ဒေသအပြင်ဘက် ဈေးကွက်နှင့်လည်း ချိတ် ဆက်နိုင်လျက်ရှိသည်။ လက်ရှိဒေသတွင်းဈေးကွက်တွင် ဝါးပိုးဝါး အရှည် (၂၅/၂၇)ပေ တစ်လုံးလျှင် ကျပ် ၈၀ဝ၀၊ သိုက်ဝါးရှည် (၂၅/ ၂၇) ပေ တစ်လုံးလျှင် ကျပ် ၃၅၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ထို့ပြင် ဝါးကုလားထိုင် (တစ်ယောက်ထိုင်)တစ်လုံးလျှင် ကျပ် ၁၀ဝ၀ဝ၊ နှစ်ယောက်ထိုင်တစ်လုံးလျှင် ကျပ် ၁၅၀ဝ၀၊ ဝါးခုတင် အသေးတစ်လုံးလျှင် ကျပ် ၃၀ဝ၀ဝ၊ ဝါးခုတင်အကြီး တစ်လုံးလျှင် ကျပ် ၄၀ဝ၀ဝ ဖြင့်ရောင်းချရာ ဒေသနေပြည်သူများနှင့် ဘုရားဖူးလာ ခရီးသွားများမှ ဝယ်ယူကြကြောင်း သိရှိရသည်။ အဆိုပါ လုပ်ငန်းများ မှ ရရှိသောဝင်ငွေများသည် ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်းကျောင်းအတွက် များစွာအထောက်အကူဖြစ်သကဲ့သို့ ဒေသ စီးပွားလည်ပတ်မှုကိုလည်း အထောက်အပံ့များစွာ ဖြစ်လျက်ရှိသည်။
ထိုကဲ့သို့သော ဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုလုပ်ငန်းသည် ဘီးလင်းမြို့နယ်အတွင်း ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိ နေပြီး ဒေသနေကျေးလက်ပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေး အတွက် အရေးပါသော သဘာဝအရင်းအမြစ်တစ်ရပ်ဖြစ်သည့် ဝါးပင်များအား ထိန်းသိမ်း၊ စိုက်ပျိုး၊ အသုံးချနိုင်ပါက ရေရှည် တည် တံ့သောဒေသ၏ အရေးပါသည့် စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။
ဇင်ဖြူဝင်း (ဘီးလင်း)
