ကချင်ပြည်နယ်တွင် နာနတ်ကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းဒေသများတွင် ခြံများဖြင့် စီးပွားဖြစ်အများဆုံးစိုက်ပျိုးပြီး အိမ်ခြံဝင်းများအတွင်း၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။
ကချင်ပြည်နယ်တွင် နာနတ်ကို ဒေသမျိုးအပြင် အသီးအရွယ်ကြီးမားပြီး အသားထူအရည်ရွှမ်းကာ သယ်ယူပို့ဆောင်ရေးဒဏ်ခံနိုင်သည့် ထိုင်းမျိုး smooth Cayenne နှင့် Queen မျိုးတို့ကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။ ကချင်ပြည်နယ်တွင် စိုက်ပျိုးသည့် နာနတ်သီးများအနက် မြစ်ကြီးနားဒေသထွက် နာနတ်သီးသည် အရသာချိုမွှေး၍ ချက်ဆံတိမ်သောကြောင့် ဈေးကွက်အတွင်း နာမည်ရလျက်ရှိပြီး မန်ခိန်၊ ရွှေပြည်သာ၊ နန့်ကျင်၊ နောင်နန်း၊ ရွှေစက်များရှိ ခြံများ၊ ယာခင်းများတွင် အများဆုံးစိုက်ပျိုးကြသည်။
နာနတ်သီးပင်သည် မြေသြဇာထက်သန်ပြီး ရေစီးစိမ့်မှုကောင်းသော သဲဆန်သောမြေ၊ နုန်းမြေ၊ ဂဝံမြေနီများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ နာနတ်စိုက်ပျိုးနည်းစနစ်မှာ စိုက်ကျင်းပြုလုပ်စိုက်ပျိုးခြင်းနှင့် ထယ်ရေးမြောင်းပြုလုပ်၍ စိုက် ပျိုးခြင်း နှစ်နည်းရှိပြီး ကချင်ပြည်နယ်တွင် ထယ်ရေးမြောင်း ပြုလုပ်စိုက်ပျိုးနည်းသာအများစု အသုံးပြုလေ့ရှိသည်။ စိုက်ပျိုးရာတွင် ၁၂ လက်မ-၁၆ လက်မ အနက်ရှိ ထယ်ရေးမြောင်းအတွင်း အပင်စိုက်ပျိုးကြ၍ စိုက်စနစ်အားလုံးအတွက် ပင်ကြား ၁၀ လက်မ၊ တန်းကြား ၂၄ လက်မ၊ စိုက်မြောင်းအကွာအဝေး ၃၆ လက်မဖြင့် စိုက်ပျိုးလျှင် တစ်ဧကအပင်ရေ ၂၄၀ဝ၀ မှ ၃၀ဝ၀ဝ အထိဝင်ဆံ့သည်။ စိုက်ပျိုးချိန်ပုံမှန်ခြား၍ ဇူလိုင်လမှ ဒီဇင်ဘာလအထိ စိုက်ပျိုးခြင်း ဆောင်ရွက်နိုင်ပြီး အပင်စိုက်ပြီး ၁၀-၁၂ လအကြာ ပန်းပွင့်ပြီး ၁၅-၁၈ လ အကြာတွင် ရိတ်သိမ်းနိုင်သောအဆင့်သို့ ရရှိနိုင်သည်။
လတ်လတ်ဆတ်ဆတ် စားသုံးရန်အတွက် အသီးအရောင် ရွှေဝါရောင်ဖြစ်လာသည်အထိ ထားရသည်။ စိုက်ပျိုးသည့်မျိုး၊ စိုက်ပျိုးစနစ်၊ စိုက်ပျိုးသည့်ဒေသနှင့် သက်တမ်းလိုက်၍ တစ်ဧကအထွက်နှုန်း အသီးအရေအတွက် ၂၅၀ဝ၀ မှ ၃၂၀ဝ၀အကြား ထွက်ရှိကြောင်း နာနတ်စိုက်ပျိုးသူတစ်ဦးထံမှ သိရှိရသည်။
မြစ်ကြီးနားဒေသထွက် နာနတ်သီးများသည် ဇွန်လနှောင်းပိုင်းတွင် စတင်ထွက်ပေါ်ပြီး ဇူလိုင်လတွင် လှိုင်လှိုင်ထွက်ရှိကာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ မြစ်ကြီးနားဒေသထွက် နာနတ်သီးများကို သီးနှံကုန်သည်များအနေ ဖြင့် အခင်းပြတ် ဝယ်ယူမှုရှိသလို အလုံးလိုက် ဝယ်ယူမှုများလည်းရှိသည်။ အခင်းပြတ် ဝယ်ယူရာတွင် အခင်းအတွင်း အသီးအရေအတွက်ပေါ် မူတည်၍ အပင်ရေ ၁၀ဝ၀ဝ ပါ အခင်းကွက်အား ကျပ် ၁၃၀ဝ၀ဝ၀ဝ မှ ကျပ် ၁၄၀ဝ၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အလုံးလိုက်ဝယ်ယူရာတွင် အလုံးအကြီးအသေးရောရာ တစ်လုံးလျှင် ကျပ် ၁၄၀ဝ မှ ကျပ် ၁၅၀ဝ အထိ ဝယ်ယူရကြောင်း၊ အခင်းပြတ်ဝယ်ယူရာတွင် အလုံးလိုက်ဝယ်ယူသည့်ဈေးနှုန်းထက် လျော့နည်းရခြင်းမှာ ရိတ်သိမ်းခူးဆွတ်လုပ်သားခကို ခုနှိမ်ဝယ်ယူရခြင်းကြောင့် လျော့နည်းရခြင်းဖြစ်ကြောင်း၊ အပင်ပေါ်ရှိ Crown ပါသည့် အသီးကို ခူးဆွတ်ပါက ၁၀ ရက်မှ ၁၅ ရက်အထိ အပျက်အစီးမရှိထားသိုနိုင်ကြောင်း သီးနှံကုန်သည်တစ်ဦးထံမှ သိရသည်။
မြစ်ကြီးနား နာနတ်သီးလက်လီဈေးအနေဖြင့် အလုံးကြီးတစ်လုံးလျှင် ကျပ် ၂၅၀ဝ၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၂၀ဝ၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၁၅၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း နာနတ်သီး လက်လီရောင်းချသူတစ်ဦးထံမှ သိရသည်။
မြစ်ကြီးနားနာနတ်သီးကို ဈေးကွက်အတွင်းရှိ သစ်သီးအရောင်းဆိုင်များ၊ ဈေးများတွင် လက်လီရောင်းချလျက်ရှိသလို ပြည်တွင်းဈေးကွက်အနေဖြင့် မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဒေသအတွင်း MSME လုပ်ငန်းရှင်များကလည်း ဒေသတွင်းထွက်ရှိသော နာနတ်သီးများကို နာနတ်သီးဖျော်ရည်၊ နာနတ်သီးခြောက်၊ သကြားမပါ နာနတ်သီးယို၊ နာနတ်သီးဝိုင် (Pineapple Wine) များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်၍ ဈေးကွက်ထိုးဖောက်နိုင်ရေး ဆောင်ရွက်လျက်ရှိနေသောကြောင့် နာနတ်သီးဈေးကွက်မှာ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားထွက် နာနတ်သီးသည် ဒေသတွင်းနှင့် ပြည်တွင်းဈေးကွက်သာမက တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လာသောကြောင့် နာနတ်သီးစိုက်ပျိုးသူတောင်သူများအနေဖြင့် ဈေးနှုန်းပိုမိုရရှိကာ အကျိုးအမြတ် ရရှိသောကြောင့် စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း ရေးသားလိုက်ရသည်။
အိမွန် (ကချင်)
