Main menu

Background

ပြန်လည်ကုစားရမည့်  ကမ္ဘာ့စီးပွားရေး

Mon, 01/30/2023 - 16:18 -- journal_editor

၂၀၂၂ ခုနှစ် ကမ္ဘာ့ဈေးကွက်နှင့် ပထဝီနိုင်ငံရေး အ‌ခြေအနေသည် ပရမ်းပတာဖြင့် ပြည်ဖုံးကားချခဲ့ခြင်းကြောင့် တစ်စုံတစ်ယောက်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် မည်သို့ဖြစ်လာမည်ဆိုသည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်မည်ဆိုပါက အပြစ်မဆိုထိုက်ပါ။ ငွေဖောင်းပွမှုနှုန်းမှာ အဆုံးတွင် တည်ငြိမ်သွားမည်လား၊ ဗဟိုဘဏ်များ၏ အတိုးနှုန်းမြင့်တက်မှုများ ရပ်တန့်သွားပြီး တည်ငြိမ်ပြီး လျော့ရဲသည့် ငွေကြေးမူဝါဒ  (Dovish Policy)များကို မည် သည့်အချိန်တွင် မြင်တွေ့ရမည်နည်း။  ယူကရိန်းစစ်ပွဲ မည်သည့် အချိန်တွင် ပြေလည်ငြိမ်အေးသွားနိုင်မည်နည်း။ တရုတ်၏ ပိတ် ဆို့ထားမှုများ မည်သို့ပြန်လည်ဖွင့်လှစ်မည်နည်း။ မည်သည့်ဘေး အန္တရာယ်များက  မပေါ်သေးဘဲ ငုပ်လျှိုးနေပြီး ဈေးကွက်ကို မည်သည့်အချိန်တွင်  ထပ်မံတိုက်ခိုက်ဦးမည် စသည့် မေးခွန်း များစွာရှိနေသည်။ 
မသေချာ   မရေရာမှုများ   လွန်စွာမြင့်မားဆဲဖြစ်သည်။ ဒုတိယနှစ်အတွင်း ဝင်လာသည့်တိုင် စီးပွားရေးအလားအလာ များကို ခန့်မှန်းသည့်ရလဒ်များ၏ အနိမ့်အမြင့် ကွာဟချက်မှာ ကြီးမားနေဆဲဖြစ်သည်။Bloomberg ကပြုလုပ်ခဲ့သည့် စီးပွားရေး အလားအလာခန့်မှန်းချက် စစ်တမ်းကိုကြည့်မည်ဆိုပါက အမေရိကန် စားသုံးသူ ဈေးဆနှုန်းကိန်း CPI သည် အမြင့်ဆုံး ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံး ၂ ဒသမ ၄ ရာခိုင်နှုန်းကြားတွင် ရှိမည် ဟုခန့်မှန်းခဲ့သည်။ တစ်ဖက်တွင် ဥရောပဒေသ၏  GDP တိုးတက်မှုနှုန်းခန့်မှန်းချက်မှာလည်း  သုည ဒသမ ၉ ရာခိုင်နှုန်းနှင့် (-) သုည ဒသမ ၉ ရာခိုင်နှုန်းကြားတွင်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ 
စီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ‌နှေးကွေးမှုများ ဖြစ်ပေါ် ခြင်း၊ အမေရိကန်နှင့် ယူရိုဇုန်တို့၏တိုးတက်မှုကို သုည ဒသမ ၅ ရာခိုင်နှုန်း လျှော့ချခြင်းများကြောင့် ယခုတစ်ကြိမ် စီးပွာရေးကျ ဆင်းမှုသည် အနည်းဆုံး သုံးနှစ်ခန့် ကြာမြင့်နိုင်ကြောင်း ကမ္ဘာ့ ဘဏ်က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ဘဏ်အနေဖြင့် စွမ်းအင်နှင့် ကုန်စည်ဈေးနှုန်းများ နိမ့်ကျလာခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု  ဖိအားအချို့ စတင်ကျဆင်းလာသည်ကို  သတိပြုမိသော်လည်း  ထောက်ပံ့ပို့ဆောင်မှု  ကွင်းဆက်ပြတ် တောက်မှု  အန္တရာယ်များ မြင့်မားလာနိုင်ကာ အခြေခံငွေကြေး ဖောင်းပွမှု မြင့်မားလာနိုင်သည်ဟု သတိပေးခဲ့သည်။ သို့အတွက် ကြောင့် ဗဟိုဘဏ်များသည် မူဝါဒအတိုးနှုန်းကို လက်ရှိမျှော်မှန်း ထားသည်ထက် ပိုမိုမြှင့်တင်ခြင်းဖြင့် တုံ့ပြန်မှုများဆောင်ရွက်လာ နိုင်ပြီး ကမ္ဘာ့လုံးဆိုင်ရာ နှေးကွေးမှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုခဲ့သည်။
ကံအကြောင်းမလှစွာပင် ဤသည်မှာ ရင်းနှီးမြှုပ်နှံသူများ အတွက် စိတ်ချရမှုမရှိသည့် အခင်းအကျင်းဖြစ်သည်။ အကယ်၍ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခြေအနေ ဆိုးရွားမည်ကို သေချာ ပေါက်သိရှိမည်ဆိုပါက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အစု(Portfolio) ကို စိတ်ချရသည့်နေရာများတွင် ခွဲခြမ်းစိတ်ဖြာ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ သို့ရာတွင် အ‌ခြေအနေမှာ  ကောင်းသည့်ဘက်သို့ ပြန်ရောက်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ မျှော်လင့်ထားသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုတွင် ရွေးချယ်မြှုပ်နှံနိုင်ရေးအတွက် အခွင့်အရေး မရရှိနိုင်‌တော့ပါ။ 
သို့ဖြစ်ရာ မည်သို့ဆက်လုပ်မည်နည်း။ လောလောဆယ် တွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဈေးကွက်အတွင်း ပြင်းထန်စွာ ပြိုင်ဆိုင်နေသည့် မေခရိုအမြင်နှစ်ခုထဲမှ တစ်ခုကိုရွေးချယ်ရမည် ဖြစ်သည်။  ပထမတစ်ခုမှာ ငွေဖောင်းပွမှုနှုန်းကို အပြုသဘော ဆောင်သည့် အမြင်ဘက်ကကြည့်ပြီး  ငွေဖောင်းပွမှုလျှော့ချရန် ကောင်းမွန်သည့် နည်းလမ်းများအသုံးပြု၍ ဖြေရှင်းသည့် အခင်းအကျင်းဖြစ်သည်။  ဒုတိယတစ်ခုမှာ ဗဟိုဘဏ်များအနေဖြင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် အလုပ်အကိုင်ဈေးကွက်  ယိုယွင်း ပျက်စီးမှုမဖြစ်မီ ဘဏ်အတိုးနှုန်းကိုချကာ လွယ်ကူသည့် ငွေ ကြေးမူဝါဒကို ကျင့်သုံးသင့်သည်ဆိုသည့်အချက်ကို လက်ခံယုံကြည်လာရေးတို့ဖြစ်သည်။ 
အခြားနည်းလမ်းတစ်ခုမှာ အကျကြမ်းသည့်ပုံစံ မဟုတ် လျှင်တောင်မှ ပိုမိုကြမ်းတမ်းပြီး အခက်အခဲများပါမည်။ ငွေ ဖောင်းပွမှုနှုန်းကို မြင့်တက်စေသည့် သတင်းအချက်အလက်နှင့်  တွန်းအားများ လုံလောက်စွာ မရှိသည့်တိုင် ဗဟိုဘဏ်များသည် ကြမ်းတမ်းသည့်  ငွေကြေးမူဝါဒကို ဆက်လက်ကျင့်သုံးကာ စီးပွားရေးကို လုံးဝရပ်တန့်သွားစေခြင်းဖြစ်သည်။ အဆိုပါ အက်ကြောင်းသည်  လုပ်သားဈေးကွက်တွင် ဦးစွာသက်‌ရောက်မှု မရှိနိုင်ဘဲ  မူဝါဒချမှတ်သူများ၏  တင်းကျပ်သည့် ငွေကြေးမူဝါဒ (Hawkish)  ကိုသာ ထင်ဟပ်စေမည်ဖြစ်သည်။ သို့ရာတွင် တစ်စုံ တစ်ခု တစ်နေရာရာတွင်ဖြစ်ပျက်မှုတစ်ခု ရုတ်ခြည်း စတင်လိုက် သည်နှင့် စီးပွားရေးစနစ်ကြီး တစ်ခုလုံးကို ပျက်စီးစေသည့် မောင်းခလုတ် ဆွဲတင်လိုက်သလိုဖြစ်ကာ ရိုက်ခတ်မှုဒဏ်ခံနိုင် သည့်အဆင့်မှသည် ပျက်စီးခြင်းဆိုသည့်အဆင့်သို့ ကူးပြောင်း သွားနိုင်ပေသည်။
လွန်ခဲ့သည့် သုံးလကျော်ကတည်းက ယုံကြည်မှုလျော့ကျ နေခဲ့သော်လည်း ကျွန်ုပ်တို့အနေဖြင့် ပထမ အခင်းအကျင်းကို အားသာနေဆဲဖြစ်သည်။ ငွေဖောင်းပွမှုနှုန်းကို စိုးမိုးနေသည့် ကိန်းဂဏန်းများ၊ အညွှန်းကိန်းများ အတော်ကောင်းမွန်လာ သည်ကို တွေ့မြင်ရသော်လည်း အမေရိကန်ဗဟိုဘဏ် (Fed)  နှင့် ဥရောပဗဟိုဘဏ်များအနေဖြင့် တင်းကျပ်သည့် ငွေကြေးမူဝါဒ ကျင့်သုံးရန်သာ အားသန်နေဆဲဖြစ်သည်။ ချေးငှားစရိတ်များ မြင့်မားလာခြင်း၊ အပိုစုဆောင်းငွေများ ပျောက်ဆုံးသွားခြင်း၊ ဝယ်လိုအားများ လျော့ကျသွားခြင်း၊ ဘဏ္ဍာငွေ တိုးချဲ့ရန် နေရာ  အနည်းငယ်သာရှိခြင်းနှင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများက ၂၀၂၃ ခုနှစ်ကိုဝင်ရောက်လာသည့်အချိန်တွင် မြင်တွေ့ရသည့် ကားချပ်တစ်ခုဖြစ်သည်။ 
ဂျပန်ဗဟိုဘဏ် (Banks of Japan)၏ မူဝါဒ အပြောင်းအလဲတစ်ခုက မသေချာ မရေရာမှုများ၏ အရင်းအမြစ် အသစ်တစ်ခု ကို မိတ်ဆက်ခဲ့သည်။  မျှော်လင့်ထားသည့်အတိုင်း ငွေဖောင်းပွမှု နှုန်းသည် သင့်တင့်သည့်နှုန်း ရောက်ခဲ့လျှင်တောင် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြင့်တက်မှု ရပ်တန့်ခဲ့လျှင်တောင် ဂျပန်ဗဟိုဘဏ်BOJ နှင့် တရုတ်တို့အနေဖြင့် Fed ၏ ငွေတိုက်စာချုပ် ဝယ်လိုအား လျော့ကျသွားနိုင်မည်လား။ ငွေတိုက်စာချုပ် ပြန်ရနှုန်း (Yield)များ လွဲချော်သွားမည်လားဆိုသည့် စိုးရိမ်မှုများ ရှိနေသည်။ 
လက်ရှိအနေအထားအရ တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက် မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျခဲ့သည်။ ဤသည်မှာ နှစ် ၃၀ အတွင်း အနိမ့်ဆုံးဖြစ်ပြီး စီးပွားရေးကျဆင်း မှုအမှန်တကယ်ဖြစ်ပေါ်ခဲ့သည့် ၂၀ဝ၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များ နှင့် လုံးဝကွဲပြားခြားနားပါသည်။ အံ့အားသင့်ဖွယ်ကောင်းသည့် အချက်မှာ US နှင့် ယူရိုဧရိယာအတွက် တိုးတက်မှုခန့်မှန်းချက် သည် စက်တင်ဘာလကတည်းက ဝ ဒသမ ၄ ရာခိုင်နှုန်းနှင့် သုည ဒသမ ၃ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အမေရိကန်၏ စီးပွားကျဆင်းမှု  (Recession) မှာ နောက်ဆုတ် သွားပြီဟုမယုံကြည်သေးပါ ။ ယင်းအစား ဖြစ်နိုင်ခြေမှာ ၅၀/၅၀ ရှိသည်ဟု မျှော်မှန်းထားသည်။
ယူကေ၊ ကနေဒါနှင့် သြစတြေးလျတို့၏ စီးပွားရေးတိုးတက်မှု အလားအလာမှာ စိုးရိမ်ဖွယ်ဖြစ်သော်လည်း ဂျပန်နိုင်ငံသည် အလားအလာကောင်းများဖြင့် ရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံ သည် ပြန်လည်ဖွင့်လှစ်ရန်ကြိုးပမ်းမှုများနှင့်အတူ ဒဏ်ခံနိုင်ရည် ရှိသည့် အနေအထားတွင် ရှိနေသည်။ အခြားသောနိုင်ငံများစွာအား စီးပွား‌ရေးတိုးတက်မှုအဆင့်ကို လျှော့ချထားသော်လည်း ထွန်းသစ်စ စီးပွားရေးနိုင်ငံများ၏ တိုးတက်မှုကို လာမည့်နှစ် အတွင်း မြင်တွေ့ရမည်ဟု ခန့်မှန်းထားသည်။
အချုပ်အားဖြင့် ယခုအချိန်သည် အန္တရာယ်ကြီးမားသည့် အချိန်ဖြစ်ကာ မူဝါဒချမှတ်သူများအနေနှင့် ဂရုတစိုက် ကိုင်တွယ်‌ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။  သို့သော် လုံခြုံစိတ်ချရသည့် စီးပွားရေးဝန်းကျင်တစ်ခု ပြန်လည်ရရှိရန် အချိန်မနှောင်းသေးပါ။ 
Reference:www.businesstimes.sg