Main menu

Background

မွေးမြူရေး တန်ဖိုးကွင်းဆက် လုပ်ငန်းများတွင် ရင်းနှီးကြရန် ဖိတ်ခေါ်

Tue, 01/31/2023 - 12:48 -- journal_editor

မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အသား၊ ငါး ဈေးနှုန်းများ ကြီးမြင့်မှုကို လျှော့ချနိုင်ကာ ဒေသတွင်း ဖူလုံမှုကို ဦးစွာစဉ်းစားဆောင်ရွက်ပြီး အသားငါးထွက်ကုန်များကို  ကုန်ချောထုတ်ကုန်အဖြစ်စီမံ၍   ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ၌  နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းလျက်ရှိသည့်အတွက်  နွားမွေးမြူရေးလုပ်ငန်းများမှ  နို့နှင့်နို့ထွက်ပစ္စည်းများ အောင်မြင်အောင် ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်၊ ဈေးကွက်လိုအပ်ချက်ကို  စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စဉ်းစား တွက်ချက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်မီပြီး နည်းစနစ်ကျနသည့်  မွေးမြူရေးလုပ်ငန်း ဖြစ်ပေါ်လာအောင်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း  နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။ 
    တိုးပွားလာသော လူဦးရေနှင့်အညီ စားနပ်ရိက္ခာဖူလုံရန်အပြင် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို တိုးတက်ထုတ်လုပ်ရန် လိုအပ်သည်။ အသား ကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ပြည်သူများ အစား အစာအာဟာရ ပြည့်ဝစေပြီး အစားအစာ  ဘေးကင်းလုံခြုံမှု ရှိစေခြင်း၊   ပိုလျှံသည်များအား ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ တိရစ္ဆာန်မှထွက်သော အညစ်အကြေးများကို စိုက်ပျိုးရေးလုပ်ငန်းအတွက် သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်သဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်သည်။
    မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်မွေးမြူထုတ်လုပ်နိုင်သည့်  နိုင်ငံအဖြစ် ရပ်တည် နေဆဲဖြစ်ပြီး ပြည်တွင်းစားသုံးမှု လုံလောက်သည့်အပြင် ပြည်ပသို့တင်ပို့နိုင်သော အခြေအနေရှိသည်။  နည်းပညာနှင့်  အရင်းအနှီးများအား  ထပ်မံပေါင်းထည့်နိုင်ပါက  ပြည်ပတင်ပို့နိုင်ရန်အတွက်  ထုတ်လုပ်နိုင်မှု ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပမွေးမြူထုတ်လုပ်မှုအပေါ်  ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်  မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်း၊ တိရစ္ဆာန် အစာထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများအပြင် မွေးမြူရေးတန်ဖိုးကွင်းဆက်လုပ်ငန်းများတွင် လာရောက်ရင်းနှီးကြရန် တာဝန်ရှိသူများက ဖိတ်ခေါ်ထားသည်။
    မွေးမြူရေးလုပ်ငန်းသည် ကာလတိုအတွင်း အကျိုးရှိ သည့်လုပ်ငန်းဖြစ်ပြီး  ရာသီဥတုပြောင်းလဲမှု  ဖြစ်စဉ်အပေါ်  မှီခိုမှုအနည်းဆုံး လုပ်ငန်းဖြစ်သဖြင့် ကောင်းမွန်သည့် မွေးမြူရေးလုပ်ငန်းကျင့်စဉ်ကို အသုံးပြုကာ ဆုံးရှုံးမှုနည်းပါးစွာဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။ 
    မြန်မာနိုင်ငံအနေဖြင့် မွေးမြူရေးလုပ်ငန်းတွင် အသားစားကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအဖြစ်လုပ်ကိုင်လျက်ရှိသည်။  ဝက်မွေးမြူရေးတွင် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအပြင် အလယ်အလတ် နှင့် အသေးစား  မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။ ကျွဲ၊ နွား၊ သိုးမွေးမြူရေးလုပ်ငန်းများကို ကျေးလက်ဒေသများ၌ တစ်ပိုင်တစ်နိုင် မွေးမြူရေးစနစ်ကို အခြေခံထားဆဲဖြစ်သည်။ COVID-19 ရိုက်ခတ်မှုကြောင့် စားနပ်ရိက္ခာနှင့်  စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ်  သက်ရောက်မှုများရှိ အခြားကဏ္ဍများ နည်းတူ မွေးမြူရေးကဏ္ဍတွင် ထိခိုက်မှုများရှိခဲ့သည်။ မွေးမြူရေးကဏ္ဍ  တိုးတက်စေရေးအတွက် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသခြင်း၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ ရရှိလာစေရန် မေထုန်မဲ့သားစပ်ခြင်း၊ မျိုးမြှင့်သားစပ်ခြင်း၊ တိရစ္ဆာန်နှင့်အသားကိုစစ်ဆေးခြင်း၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူရန် ပညာပေးခြင်းတို့ သက်ဆိုင်ရာဌာနက ဆောင်ရွက်လျက်ရှိသလို  မွေးမြူရေးချေးငွေများ စီစဉ်ပေး လျက်ရှိသည်။
ရောဂါကာကွယ်ကုသခြင်း
    ကာကွယ်ဆေး  ပုံမှန်ထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ပြီး၊ ကာကွယ်ဆေး အမျိုးအစားတစ်ခုသည် ရောဂါတစ်မျိုးကိုသာ  ခုခံကာကွယ်နိုင်သည်။ ရောဂါ ဖြစ်ပါက တစ်ကောင်မှ တစ်ကောင်သို့ ကူးစက်ကာ သေဆုံးသည်အထိ ဖြစ်နိုင်ခြင်း၊ ရောဂါဖြစ်ပြီး သေဆုံးသည့်အသားကို လူများစားသုံး၍မရခြင်းတို့ကြောင့် ရောဂါကာကွယ်တားဆီးခြင်းသည် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြစ်သည်။  ဖျားနာနေသောတိရစ္ဆာန်ကို ရောင်းချခြင်းမှ ရှောင်ရှား ရန်နှင့်   အသစ်ဝယ်ယူထားသော   တိရစ္ဆာန်ကိုလည်း အနည်းဆုံး  နှစ်ပတ်ခွဲခြားထားရှိရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းစဉ်များကို လိုက်နာရမည်။  ပဋိဇီဝဆေးများ အလွန်အကျွံ  အသုံးပြုခြင်းနှင့် လွဲမှားစွာသုံးစွဲခြင်းကြောင့် ဆေးမတိုးသည့် ဇီဝပိုးမွှားများတိုးပွားလာပြီး အစားအစာများမှတစ်ဆင့် ပိုးမွှားများသည် လူသို့ကူးစက်ခံရပြီး ကုန်သွယ်မှုနှင့် ကူးသန်း သွားလာမှုမှတစ်ဆင့် ရောဂါပိုးများပျံ့နှံ့လာနိုင်သည့်အတွက် ဆေးယဉ်ပါးသော ရောဂါကို အလေးထား ဂရုပြု၍ စနစ်တကျ ဆောင်ရွက်ရမည်။ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မွေးမြူသည့်နေရာ၊ သယ်ဆောင်သည့်ယာဉ်၊ အဝင်အထွက်များသော နေရာများ၊ အသုံးပြုသော အစာခွက်ရေခွက်များကို ပိုးသတ်ဆေး ဖျန်းပေးရသည်များလည်းရှိသည်။ 

ရီလင်းထွဋ်(မုံရွာ)

(ဆက်လက်ဖော်ပြပါမည်)