Main menu

Background

သီးကင်းစမှ မှည့်ချိန်ထိ ဝင်ငွေရရှိသည့် မရန်းပင်

Mon, 02/27/2023 - 16:03 -- journal_editor

မရန်းသီးသည်  ဟင်းလျာအဖြစ်  စား၍ ရသလို သရေစာအဖြစ်လည်း စားသုံး၍ရသည့် ကျန်းမာရေး  အထောက်အကူပြု အစားအစာ တစ်မျိုးဖြစ်သည်။
မရန်းသီးသည် ဈေးကွက်သို့ ဇန်နဝါရီလ ကုန်ခန့်မှစ၍ ဝင်ရောက်လာကြပြီး ဖေဖော်ဝါရီလ တွင် ဝင်ရောက်မှုများလာသည်။  ဈေးမှာလည်း ပေါ်ခါစအချိန်ထက် လျော့နည်းလာခဲ့ကာ ၁၀ ကျပ်သားလျှင် ကျပ် ၂၀ဝ၀ ခန့်ထိ ဈေးကောင်း ပေး၍ ဝယ်ယူစားသုံး ကြသည်။
မရန်းသီးမှာ သီးကင်းပေါ်စကဆိုလျှင် ၁၀ ကျပ်သား ကျပ် ၅၀ဝ၀ ကျော် ဈေးရှိခဲ့သော်လည်း ပေါ်ဦးပေါ်ဖျား ဈေးကောင်းပေးရသည်။ ထမင်း ဝိုင်းများတွင် အခြားဟင်းများနှင့် တွဲဖက်၍ သုပ်၍ လည်းကောင်း၊ ပုစွန်ခြောက်နှင့်ကြော်၍၊ ချက်၍ လည်းကောင်း တွဲဖက်၍ စားသုံးကြကာ အရသာ ထူးကဲသည့် ထမင်းမြိန်စေသော ဟင်းလျာတစ်မျိုး ဖြစ်သည်။ မရန်းသီးအမှည့်မှာလည်း သကြားနှင့် စိမ်၍ မရန်းယိုအဖြစ် လည်းကောင်း အချဉ်ထုပ်များ  ထုပ်၍လည်းကောင်း၊  ဈေးကွက်အတွင်း ရောင်းချကြသည်။ မရန်းပြားခြောက်များကိုလည်း ငါး၊ ဝက်သားတို့နှင့် တွဲဖက်၍ ချက်စားကြသလို ချဉ်ရည်ဟင်းများတွင်လည်း ထည့်၍ချက်ပြုတ်ကြ သည်။
မရန်းသီးတွင် ရေဓာတ်ရော၊ အမျှင်ဓာတ်ပါ ပါဝင်သလို အချဉ်ဓာတ်ကဲခြင်းကြောင့် ပါဝင်သည့် အာဟာရဓာတ်တန်ဖိုးများအနေဖြင့် Caloric 60, Vitamin C 17%, Vitamin A 7%, Calcium 1%, Iron 5%  နှင့် Carbohydrate 16 mg  ပါဝင်ကြောင်း သိရသည်။ Vitamin C များစွာပါဝင်သောကြောင့် အသားအရေ ကြည်လင်လှပစေသလို Vitamin A ပါဝင်သည့်အတွက် ဓာတ်တိုးဆန့်ကျင်နိုင်ခြင်း၊ ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သလို အသား အရေလည်း တင်းရင်းလှပစေနိုင်သည်။ သံဓာတ် နှင့် ကယ်ဆီယမ်ဓာတ်တို့ အချိုးကျ  ပါဝင်သည့် အတွက် ကျန်းမာရေးအတွက် အကျိုးများသည်။
အချဉ်ဓာတ်ကဲသော မရန်းသီးရှိသလို အချိုသီးလည်းရှိပြီး   အချဉ်ကဲသော မရမ်းသီးသည် ခံတွင်းမြိန်စေပြီး အစာစားချင်စိတ်ကို များစွာ ဖြစ်ပေါ်စေသည်။
မရန်းပင်သည် နှစ်ရှည်ပင် အမျိုးအစားဖြစ် သောကြောင့် အိမ်ခြံဝင်းများအတွင်း စိုက်ပျိုးထား ရှိကြကာ သီးကင်းစမှ အသီးမှည့်ချိန်ထိ ဝင်ငွေ ရရှိစေသည့်  အပင်တစ်မျိုးဖြစ်သည်။ အပင်ကြီး တစ်ပင်လျှင် အပင်အရွယ်အစားပေါ်  မူတည်၍ ပိဿာချိန် ရာချီထွက်ရှိသည့်အတွက် ခြံဝန်းကျယ် ရှိသူများ မိမိတို့ခြံဝင်း၊ အိမ်ဝင်းအတွင်း စိုက်ပျိုး နိုင်မည်ဆိုလျှင် နှစ်စဉ်ဝင်ငွေရရှိစေသော နှစ်ရှည် ပင်သီးပင် စားပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း(ပြည်)