Main menu

Background

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးကျော်သူနှင့်တွေ့ဆုံမေးမြန်းခြင်း(၂)

Fri, 12/09/2022 - 15:47 -- journal_editor

ပြည်တွင်းတွင် စီးပွားဖြစ်သစ်သီးဝလံ အမျိုးအစားပေါင်း ၇၀ ခန့် စိုက်ပျိုးလျက်ရှိသည်။ ယင်းသစ်သီးဝလံ  အမျိုးအစားများတွင် ပြည်တွင်း၌ စားသုံးမှုများပြားသည့် သစ်သီးဝလံများအကြောင်းနှင့် ပြည်ပနိုင်ငံရှိ ဈေးကွက်များသို့ ထိုးဖောက်တင်ပို့နေသည့် သစ်သီးဝလံများ၏ ဈေးကွက်ရရှိမှုအခြေအနေ ဘယ်လိုရှိပါသလဲ။ ပြည်တွင်းစားသုံးမှုမြင့်မားသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေ မည်သို့ဖြစ်ပေါ်နေပါသလဲဆိုခြင်းအား မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ဒုဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းထားသည်များ ကို ဖော်ပြလိုက်ရပါသည်။
ပြည်တွင်း သစ်သီးဝလံတွေရဲ့ ဈေးကွက် ရရှိမှု အခြေအနေလေး ပြောပြပေးပါဦး။
တရုတ်နဲ့မြန်မာကုန်သွယ်မှုမှာက တရုတ်ရဲ့ကွာရန်တင်းပရောဆက်တွေရှိတယ်။ ရောဂါကွာရန်တင်း  မဟုတ်ဘဲ သီးနှံကွာရန်တင်းပေါ့။ အဲဒီထဲမှာ မြန်မာက ကုန်သွယ်ခွင့်ရထားတဲ့သီးနှံက နဂိုတုန်းက  ရှစ်မျိုးရှိတယ်။  ဖရဲ၊  သခွားမွှေး၊ သရက်၊ ဆီးသီး၊  လိုင်ချီး၊ လောင်ကန်၊ ကြက်မောက်၊ မင်းကွတ် အဲဒီရှစ်မျိုးက ကုန်သွယ်ခွင့် ရထားပြီးသား။တလောက တစ်သျှူးငှက်ပျော ထပ်ရတော့ ကိုးမျိုးဖြစ်သွားတယ်။  အဲဒီထဲမှာမှ တစ်သျှူးငှက်ပျောက မြန်မာတိုင်းရင်းသား စိုက်တာနည်းတယ်။ အဲတော့ သူ့ရဲ့ ကုန်သွယ်မှုဝင်ငွေပမာဏကလည်း အရင်တုန်းကဆို  သန်း ၁၅၀ နဲ့ ၂၀ဝ ကြားလောက်ရှိတယ်။ ကျန်တဲ့ ရှစ်မျိုးထဲမှာလည်း ဖရဲသီး၊ သရက်၊ သခွားရယ်ကပဲ အများဆုံးတင်ပို့တာ။ ဆီးသီးက တစ်ခါတစ်ရံပေါ့။ ကျန်တဲ့ လိုင်ချီး၊ လောင်ကန်၊  မင်းကွတ်၊ ကြက်မောက်တို့ဆိုတဲ့ဟာက  ကျွန်တော်တို့က ပို့နိုင်ဖို့နေနေသာသာ ပြန်တောင်ဝင်နေတာ။ထိုင်းကရော၊  တရုတ်ကရော ပြန်ဝယ်နေတာဆိုတော့ တကယ်တမ်း ရထားတဲ့ထဲမှာ သုံးမျိုးလောက်ပဲ တကယ်တမ်းပို့နိုင်တဲ့ အနေအထားရှိတယ်။ ရှိတော့ ဒီကုန်သွယ်ခွင့်တွေ ဂျီအေစီစီမှာ ပါဖို့ဆိုပြီးတော့မှ ၂၀၁၇ လောက်ကတည်းက ကြိုးစားတယ်။ ကျွန်တော်တို့ဘက်က တင်ထားတာ သီးနှံ ၂၂ မျိုးရှိတယ်။ အဲမှာ ဦးစားပေးအစီအစဉ်အနေနဲ့ တင်ထားတဲ့အထဲ ငှက်ပျောတစ်ခုထဲပဲ ကျတာပေါ့။ ငှက်ပျောကတော့ ဦးစားပေး အစီအစဉ်မဟုတ်ဘူးပေါ့။ တရုတ်ဘက်က လုပ်ချင်တာပါ။ ကျွန်တော်တို့ဘက်က ဦးစားပေးတင်ထားတဲ့ ငှက်ပျော၊ ကျွဲကော၊ ထောပတ်တို့ကျတော့ မကျတဲ့အတွက် အဲဒါတွေက တရားဝင် တရုတ်ဘက်ကို ရောင်းလို့မရဘူး။ အဲတော့ တရားမဝင် ရောင်းတာတွေ ဖြစ်လာတော့ ဈေးကွက်မှာ အနှိမ်ခံရတာပေါ့။ အဲတော့ ထောပတ်သီးကတော့ အိန္ဒိယနဲ့ ထိုင်းဘက်ကို ဖြန့်ပြီးတော့ ထွက်တယ်။ ထိုင်းဘက်ထွက်တဲ့ဟာဆို ကမ္ဘောဒီးယားထိရောက်တယ်။  အာလူးဈေးကွက်ကို ကြည့်မယ်ဆိုရင် ဟိုတလောက အာလူးဈေး နည်းနည်းပြန်ကောင်းလာတယ်ပေါ့။ အခုတော့ တရုတ်အာလူး ဝင်တယ်ပေါ့။ ဒါပေမဲ့ တကယ့်ဈေးကွက်ထဲမှာတော့    ကျွန်တော်လေ့လာမိသလောက် လက်ရှိ ဘုရင့်နောင်ကို   ဝင်နေတဲ့တရုတ်အာလူးက မြန်မာအာလူးထက် ဈေးပိုကြီးနေတဲ့အတွက် မြန်မာအာလူးစိုက်တောင်သူတွေအတွက် ဒီလောက်ကြီး ထိခိုက်မှုတော့ မရှိသေးဘူးပေါ့။ သူ့ဟာနဲ့သူ  အဆင်ပြေနေတယ်ပေါ့။  အခုကတော့ အာလူးထွက်တဲ့ ရာသီဖြစ်နေတော့ ပြည်ပကအာလူး   မဝင်ရင်တော့   ပိုပြီးတော့ ကောင်းတာပေါ့။

ပြည်ပတင်ပို့မှု မြင့်မားတဲ့ ဖရဲဈေးကွက် အခြေ အနေ ဘယ်လိုရှိပါသလဲ။
ဖရဲသီးနဲ့ ကျန်တဲ့သီးနှံတွေ မတူတာက ပဲနှမ်းတို့၊ ဆန်တို့လိုမျိုးလည်း မဟုတ်ဘူး။မတူဘူးဆိုတာက ပဲနှမ်းမှာဆိုလည်း စိုက်တဲ့သူက သတ်သတ်၊ ဆန်မှာဆိုလည်း စိုက်တဲ့သူက သတ်သတ်ပြီးလို့ရှိရင်  Exporter  ကသတ်သတ်ပေါ့။ များသောအားဖြင့် ကုန်သည်ကြီးတွေက Exporter  လုပ်ကြတယ်။ ဖရဲသခွားမှာPrimary Producer တွေကိုယ်တိုင်ကိုက သူတို့ကိုယ်တိုင်  Export ကို တင်ပို့တဲ့သူတွေဖြစ်နေတဲ့အခါကျတော့ တစ်ယောက်တည်းကပဲ  စိုက်လည်းစိုက် Export လည်း လုပ်ဖြစ်နေတဲ့အခါကျတော့ ပိုပြီးတော့ ဆိုးလာတာပေါ့။ အဲတော့ သေးတဲ့သူရော ကြီးတဲ့ သူပါ  အကုန်လုံး ထိကြတာပေါ့။   ထိကြတဲ့အတွက်  ဖရဲသခွားကဏ္ဍကြီး တစ်ခုလုံးက ပျက်စီးသလောက်နီးပါး ဖြစ်သွားပြီးတော့ အဲကဏ္ဍက  လူတွေလည်း အခြားအလုပ်တွေကို ပြောင်းလဲလာကြတယ်။ တချို့လည်း ဟင်းသီးဟင်းရွက်ပြောင်းစိုက်တယ်။ တချို့လည်း ပဲနှမ်းဘက်ပြောင်းတယ်။ တခြားအလုပ်တွေဘက် ပြောင်းတယ်။ တချို့လည်း နိုင်ငံခြားထွက်သွားတဲ့သူတွေလည်းရှိပြီး  လက်ရှိမှာတော့ စိုက်ပျိုးတဲ့သူက ၁၀ ရာခိုင်နှုန်းအောက်ကို  လျော့သွားပြီ။ အထူးသဖြင့် စိုက်ပျိုးတဲ့နေရာကလည်း စစ်ကိုင်းတိုင်း ပေါ့။ အဲဒီဘက်မှာက  စိုက်ပျိုးတဲ့သူက  တော်တော်လေး  နည်းသွားပြီ။ မန္တလေးတိုင်းမှာက နည်းနည်းပါးပါး စိုက်တဲ့သူရှိတယ်။ ဒါပေမဲ့ ဈေးကွက်အရလည်း မကောင်းတဲ့အခါကျတော့ စိုက်ပျိုးတဲ့သူတွေက တော်တော်လေး လျော့သွားတဲ့ အနေအထားရှိတယ်။ ဒီနှစ် အခြေအနေအရ လည်း အခုချိန်ထိ စောင့်ကြည့်နေရတုန်း အခြေအနေပေါ့။ ပုံမှန်ဆိုရင်တော့ ဒီအခြေအနေက  ဖရဲသီးတွေ  တွင်တွင်ကျယ်ကျယ် ပို့နေကျပြီ။ အရင်တုန်းကဆို ကားအစီးရေ  ၅၀ဝ ကနေ တစ်ထောင်ကြား သွားတာပေါ့။  အခု  တစ်ရက်ကို  တစ်စီး ထွက်နိုင်ဖို့တောင် မလွယ်ဘူးပေါ့။ 

ဝဥ တင်ပို့နိုင်မှု အခြေအနေလေး သိပါရစေ။
နောက် တရုတ်ပြည်ကို ပို့နေတဲ့ အထဲမှာ ဝဥ ခြောက်လည်း ပါတာပေါ့။ ဒီနှစ် ဂျီအေစီစီ စာရင်းထဲမှာ  ဝဥနဲ့ပတ်သက်လာလို့ရှိရင် ဝဥ အစိုနဲ့ အေးခဲကိုပဲ နယ်စပ်ကနေ ပို့ခွင့်ပေးလိုက်တဲ့အခါကျတော့ ဝဥခြောက်က နယ်စပ်ကနေ ထွက်လို့မရတော့ဘူး။  အဲတော့ ပင်လယ်ရေကြောင်းက ပြန်ထွက်တာတို့ဖြစ်တဲ့  အခါကျတော့ ကုန်ကျစရိတ်တွေ  ပိုများတာပေါ့။ ဝဥရဲ့ ကုန်သွယ်မှုကလည်း ဒီနှစ်ပိုင်းတွေမှာတော့ ကျသွားတဲ့အနေအထားမှာရှိတယ်။ ကိုရီးယားကထုတ် တဲ့ ဝဥခေါက်ဆွဲက ၂၀၂၂ ရဲ့ အင်နိုဗေးရှင်းမှာ ဆုရတယ်။ သူက ခေါက်ဆွဲပဲထုတ်တာ။  ကုန်ကြမ်းဖြစ်တဲ့ ဝဥအမှုန့်ကိုကျတော့ တရုတ်ပြည်က ဝယ်တယ်။ တရုတ်ပြည်ဝယ်တဲ့ ကုမ္ပဏီကြည့်လိုက်တော့  သူက မြန်မာပြည်က ဝယ်တယ်။  ပြန်ဆန်းစစ်ကြည့်လိုက်ရင် ကုန်ကြမ်းအစစ်က မြန်မာပြည်က ဖြစ်နေတာပေါ့။ အတိအကျတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့သာ ထုတ်ကုန်ကို ထုတ်နိုင်တယ်ဆိုရင်  တော်တော်လေး အဆင်ပြေမယ့်အနေအထားရှိမယ်။အဲဒီအတွက်  နည်းပညာတို့၊  စက်တို့ကတော့ လိုဦးမှာပေါ့။ 

ပြည်တွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေလေး ပြောပြပေးပါဦး။ 
အထူးသဖြင့်တော့  ဟင်းသီးဟင်းရွက် စိုက်တဲ့သူတွေက အရင်းအနှီးအများကြီး သိပ်မရှိကြတော့ နှစ်ခါ၊ သုံးခါ ရှုံးပြီးသွားရင် ပြန်မလုပ်နိုင်ကြဘူး။ ဟင်းသီးဟင်းရွက်ထဲမှာဆို ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်သမားတွေ တော်တော် ထိတယ်။ ဘာလို့ထိလဲဆိုတော့ ဒီဟာတွေက  export မသွားဘူး။ Value added လည်းမလုပ်ဘူး။ အစိမ်းပဲ ရောင်းကြတာဆိုတော့  ဂေါ်ဖီတို့ ဟင်းသီးဟင်းရွက်တို့က စားသောက်ဆိုင်တွေမှာ သုံးတယ်။ အသုပ်တို့ အကြော်တို့ထဲမှာလည်း ထည့်ကြတော့ ကိုဗစ်ဖြစ်လိုက်တော့ ဆိုင်တွေလည်း အကုန်ပိတ်ကြတဲ့အခါမှာ ဝယ်လိုအားလျော့တယ်။ အလှူတွေ၊ မင်္ဂလာဆောင်တွေ မလုပ်ကြတော့ လူဦးရေကန့်သတ်ချက်နဲ့ ဘယ်နှယောက်ပဲ လုပ်ရမယ်လို့ရှိလာတဲ့အခါကျတော့ သူ့ရဲ့ ဝယ်လိုအားက ကျသွားတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
သစ်သီးဝလံကဏ္ဍမှာ အများစုက နယ်စပ် ကုန်သွယ်ရေး Border Trade ပဲ အများဆုံးဖြစ် တယ်။ Normal Trade လို့ခေါ်တဲ့ လေကြောင်း၊ ရေကြောင်းတို့ကနေ ပို့တဲ့ဟာမှာ အတွေ့အကြုံ အားနည်းကြတော့ သစ်သီးဝလံထဲက Export လုပ်နေကြတဲ့သူတွေထဲက အများကြီးလုပ်ရဦးမှာပေါ့။ အခုက မြေစမ်း ခရမ်းပျိုးဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ပြောရမှာပေါ့။ နောက်ပြီး ကျွန်တော်တို့ဆီမှာက ကုန်ကြမ်းကို ရောင်းစား။ အချောကို ပြန်သွင်းစားဆိုတဲ့ဟာ မျိုးဖြစ်နေတာပေါ့။ အသီးအနှံဆိုရင် ကုန်ချောတောင်မဟုတ်ဘဲနဲ့ အသီးစိမ်းကိုပဲ ပြန်သွင်းစားနေရတဲ့ဟာတွေက အများကြီးပဲ။ ကိုယ့်ဆီက ထွက်နိုင်တယ်ဆိုပေမယ့် ပြန်သွင်းနေရတဲ့ဟာတွေက သခွားသီးလိုဟာမျိုးတောင် ယိုးဒယားက  ပြန်ဝင်တာတွေရှိတယ်။ ရုံးပတီသီး၊ မုန်လာဥနီ လိုဟာမျိုး ယိုးဒယားက ပြန်သွင်းတယ်။ လိမ္မော်သီးကလည်း တရုတ်လိမ္မော်သီးတွေပဲ ဝင်နေတာပေါ့။ ကိုယ့်ဆီမှာလည်း စိုက်လို့ ဖြစ်နိုင်ရဲ့သားနဲ့ ဈေးကွက်အရရော ထွက်နှုန်းအရ ရော မယှဉ်နိုင်တဲ့အခါမှာ ဒီလိုမျိုးဖြစ်တယ်လို့ ထင်ပါတယ်။ နည်းပညာအရ ကျွန်တော်တို့က အထွက်နှုန်းမှာ မယှဉ်နိုင်ဘူး။ တခြားသီးနှံတွေဆိုလည်း ဒီအတိုင်းပဲ သရက်သီးမှာလည်း ထွက်နှုန်းမယှဉ်နိုင်ဘူး။ ထောပတ်သီးလည်း ဒီအတိုင်းပဲ။ သီးနှံအားလုံးမှာ ထွက်နှုန်းမယှဉ်နိုင်ဘူး။ တစ်ဖက်ကပြန်ကြည့်ရင်လည်း သွင်းအားစု ၁၀ဝ ရာခိုင်နှုန်းက နိုင်ငံခြားကို အားကိုးနေရတယ်။ နိုင်ငံခြားက သွင်းလာတဲ့  သွင်းအားစုတွေကို သုံးရတယ်။ နဂိုတုန်းက မြေသြဇာတစ်အိတ် ကို နှစ်သောင်းခွဲလောက်ရှိတဲ့ဟာ အခု တစ်သိန်း ခွဲလောက်ဖြစ်သွားတယ်။  အဲတော့ တောင်သူ တွေက သွင်းအားစုကို ထည့်နိုင်တဲ့သူက အရမ်းနည်းသွားတယ်။ နည်းသွားတော့ တချို့ကလည်း သဘာဝမြေသြဇာနဲ့ သုံးတာတို့ လုပ်လာတယ်။ ဒါလေးတွေက အစားအသာက် ဘေးအန္တရာယ် ကင်းရှင်းရေးဘက်က ကြည့်မယ်ဆိုရင်လည်း ကောင်းတာပေါ့။ ဒါပေမယ့် တကယ့်စီးပွားဖြစ်ကြီးလုပ်နိုင်ဖို့ ကျတော့လည်း ဒီဟာကို ပြန်ကြည့်ရင် အခက်အခဲ ရှိနေသေးတယ်။ သစ်သီးဝလံကExport ကဏ္ဍမှာ ပြန်ကြည့်ရင်တော့ ဆန်တို့ ပဲတို့နဲ့  ယှဉ်ရင်တော့ ဝင်ငွေက သူတို့လောက်တော့ မများဘူး။ သို့သော်လည်းပဲ ရောင်နီသန်းနေတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်တယ်။ ကိုဗစ် ဖြစ်သွားတဲ့အချိန်မှာ သိသာတဲ့အချက်က တစ်ကမ္ဘာလုံးမှာ ကျန်တဲ့စီးပွားရေးတွေ ရပ်သွားပေမယ့် သစ်သီးဝလံ၊ စားသောက်ကုန်တို့ရဲ့ ကုန်သွယ်မှုနဲ့ စီးပွားရေးက ရပ်မသွားဘူး။
တိဗ္ဗ