Main menu

Background

Farmer Auto ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း 

Tue, 12/27/2022 - 09:44 -- journal_editor

ပြည်တွင်းတွင် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီအား ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ ယင်းအပြင် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်အား ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းထားများအား သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့သည်။ လက်ရှိတွင် ပြည်ပနိုင်ငံများမှ လျှပ်စစ်ကားတင်သွင်းရောင်းချရန် တင်ပြလာသည့်ကုမ္ပဏီများလည်း ရှိနေသည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်သို့ လျှပ်စစ်သုံးယာဉ်များ  ဝင်ရောက်လာပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်းပြီး လျှပ်စစ်ကားတင်သွင်းရန် ပြင်ဆင်နေသည့်  Farmer Auto ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြ လိုက်ရပါသည်။
လျှပ်စစ်သုံးယာဉ် (EV)ကားတွေ ပြည်တွင်းကို ဝင်လာမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်မယ့် ကားဈေးကွက်အခြေအနေ သုံးသပ်ပြောကြားပေးပါဦး။
လက်ရှိကတော့ အီးဗွီလျှပ်စစ်ကားတွေကတော့ ကမ္ဘာမှာတော့ ခေတ်စားနေပြီ။ကျွန်တော်တို့ဆီမှာတော့ မရှိဘူးလားဆိုတော့ ရှိပါတယ်။  ၂၀၂၀-၂၁ ယာဉ်အို  ယာဉ်ဟောင်း တင်သွင်းခွင့်ပြုကတည်းကိုက ကျွန်တော်တို့က Nissan Leaf  သွင်းတာရှိတာပေါ့။အီးဗွီက၂၀၁၆ မော်ဒယ်အဟောင်းပေါ့။ သက်တမ်းက ရှစ်နှစ် ဆိုပေမယ့်လည်း အဲ့တုန်းကတော့ ကားမော်ဒယ်တွေက ဟောင်းနေပြီ။ အခုဆိုရင် ၁၆နှစ်လောက်ရှိပြီ။ ကမ္ဘာမှာတော့ အီးဗွီကားတွေနဲ့ ပတ်သက် ရင် ခေတ်စားလာတယ်။ ဖန်လုံအိမ် အာနိသင်နဲ့ သဘာဝပတ်ဝန်းကျင်ပေါ့။    လောင်စာတွေ သုံးခြင်းအားဖြင့် ကမ္ဘာကြီး  ပူနွေးလာတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးတဲ့အနေနဲ့ အီးဗွီကားတွေကို သုံးစွဲလာကြ တာဖြစ်တယ်။  ဥရောပမှာဆိုရင် ၂၀၃၅ ခုနှစ်မှာ အင်ဂျင်ကနေ အီးဗွီပြောင်းမယ်ပေါ့။တရုတ်ကတော့ ၂၀၃၀ မှာ ပြောင်းမယ်။ နိုင်ငံအလိုက်ပေါ့ အီးဗွီကားတွေ ပြောင်းလဲသုံးစွဲကြမယ့်သဘော ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လျှပ်စစ်ကားတွေနဲ့ သွားတော့မှာပေါ့၊ ပြောစရာတစ်ခု ရှိတာကတော့ လျှပ်စစ်မီး မလုံလောက်ရင် ဘယ်လိုလုပ်မလဲပေါ့။ ဒါတော့လည်း မှန်ပါတယ်။မီးအားက လိုအပ်ချက်ရှိနေပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ လူတွေရဲ့ အီလက်ထရွန်နစ်သုံးစွဲမှုများလာတဲ့အခါကျတော့ လျှပ်စစ်သုံးစွဲမှုက များလာတယ်။ အစိုးရအဆက်ဆက် လျှပ်စစ်နဲ့ပတ်သက်ပြီး  တိုးချဲ့ဆောင်ရွက်တယ်။ သို့သော်လည်းပဲ  ရေအားလျှပ်စစ်က အဓိကပေါ့။  ကျန်တာကတော့ သဘာဝဓာတ်ငွေ့ပေါ့။ သုံးစွဲမှုနဲ့ ထုတ်လုပ်မှုမှာ ထုတ်လုပ်မှုတက်တဲ့ဟာက  သုံးစွဲမှုကို မမှီတဲ့အတွက်ကြောင့် အမြဲတမ်း လိုအပ်ချက်ရှိတယ်။ ဒါဆိုရင် အီးဗွီကားတွေ မသုံးရတော့ဘူးလားဆိုတော့ အဲလိုလည်းမဟုတ်ဘူး။ ဘာလို့မဟုတ်လဲ ဆို ကျွန်တော်တို့နိုင်ငံမှ မီးအားလိုအပ်ချက်က  ရှိပေမယ့်လည်း  တစ်ကမ္ဘာလုံးက ပြောင်းလဲနေတဲ့အတွက်ကြောင့်မို့ အီးဗွီကားစနစ်က မဖြစ်မနေ  ပြောင်းလဲရမှာဖြစ်တယ်။  အဲလိုဖြစ်တဲ့အတွက်  အီးဗွီလျှပ်စစ်ကားကို ပြည်တွင်းမှာ စတင်အသုံးပြုဖို့ လုပ်ဆောင်နေပြီပေါ့။ လက်ရှိ အနေအထားမှာ ၂၀၂၃ မှာ အီးဗွီလျှပ်စစ်ကားတွေရောက်မယ့်သဘော ရှိနေတာပေါ့။  အခုတော့ သက်ဆိုင်ရာ လျှပ်စစ်ယာဉ်နှင့်အပိုပစ္စည်း တင်သွင်းကြီးကြပ်ရေးဆိုင်ရာ ဦးဆောင်ကော် မတီဖွဲ့စည်းတာရှိတယ်။ အီးဗွီနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ၊   ကားတင်သွင်းမယ့်သူတွေ၊ Charging Station  ဆောက်မယ့်သူတွေကိုဖိတ်ခေါ်ပြီး အကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့အခါ ကျတော့ အပြီးသတ်တော့ တင်သွင်းဖို့အတွက် စီမံချက်တွေချတယ်။ အခုတော့ အီးဗွီကားတွေ တင်သွင်းဖို့ မူအားဖြင့်တော့ခွင့်ပြုတယ်။ နောက် Charging Station ပေါ့။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အမြန်လမ်းတစ်လျှောက်ပေါ့။ ဒါကိုလည်း Public Charging Station  ပေါ့။ ဒါတွေကို တည်ဆောက်သွားမှာမျိုးတွေရှိတယ်။အဲဒါတွေပါ ပူးတွဲပါတာပေါ့။ အီးဗွီတင်သွင်းမယ့်  ကုမ္ပဏီတွေကတော့ အဓိကတော့ လူစီး ကားတင်မကဘူး။ တက္ကစီပါတင်သွင်းရတာပေါ့။အနည်းဆုံး အစီး ၂၀ ၊ ၃၀ ၊ ၅၀ စသည်ဖြင့်ပေါ့။အီဗွီရောင်းတဲ့အခါမှာလည်း အပိုပစ္စည်းတွေပါ ရောင်းချပေးရမယ်ပေါ့။ လက်ရှိမှာတော့ ၂၀၂၃ ဇန်နဝါရီလဆန်းမှာတော့ ပြည်တွင်းမှာ အီးဗွီ ကားသစ်တွေ တွေ့ရမယ့်သဘောတော့ရှိတယ်။အိမ်နီးချင်းနိုင်ငံတွေမှာလည်း   ပြီးခဲ့တဲ့နှစ် ကတည်းက စပြီးတော့ လုပ်နေတာတွေရှိ တယ်။ မီးမှန်တာ မမှန်တာ အသာထား အီးဗွီကတော့ မဖြစ်မနေ သွားနေတဲ့သဘောတော့ရှိတယ်။

လျှပ်စစ်သုံးယာဉ် (EV)ကားတွေရဲ့ ဈေးနှုန်း အခြေအနေလည်း သိပါရစေ။
ဈေးကတော့ ဒေါ်လာဈေးက များနေတဲ့အတွက်ကြောင့်မို့ အီးဗွီမှမဟုတ်ဘူး။ ဒေါ်လာဈေး ဘယ်လောက်ရှိလဲအပေါ် မူတည်တယ်။ဆိုလိုတာက  ဒေါ်လာဈေး။  တစ်ဒေါ်လာ သုံးထောင်ပေါက်နေတဲ့ အချိန်မှာတော့ ဘယ်ကား ဖြစ်ဖြစ်ပေါ့။ ဒေါ်လာဈေး အနေအထားကြောင့် အီးဗွီကားလည်း ဈေးအများကြီး မပေါနိုင်ဘူး။ကားတစ်စီးရဲ့ တန်ဖိုးက ဒေါ်လာနှစ်သောင်းခွဲ လောက်ရှိတဲ့အတွက်ကြောင့် သိန်း ၇၀ဝ ကျော် အထက်မှာရှိတယ်။ ဒါတွေကလည်း နောက်ပိုင်း သွင်းလာဖို့ရှိတယ်။ မီနီအီးဗွီတွေ အနေအထား ကလည်း  ဈေးတန်းက တစ်သောင်းပတ်ဝန်း ကျင်လောက်ရှိတယ်။ အီးဗွီတစ်စီးရဲ့ အကွာ အဝေးက  အကြမ်းဖျင်းကတော့  ကီလိုငါးရာ၊ ခြောက်ရာရှိတယ်။     မီနီအီးဗွီတွေကတော့ အဲလောက်မရဘူး။ ကီလိုမီတာ တစ်ရာကျော် နှစ်ရာလောက်ရှိ တယ်။ အဲကားတွေဆိုရင်တော့ ဈေးကသက်သာတယ်။  ဒေါ်လာတစ်သောင်း ဝန်းကျင်လောက်ရှိတယ်။ ပြည်တွင်းက လူတွေကလည်း  ဒေါ်လာနှစ်သောင်းခွဲ  သုံးသောင်း လောက်မှကြိုက်တာ။  အဲလောက်စုံမှ။  လက်ရှိဈေးကတော့အရမ်းကြီးတော့ မသက်သာဘူး။ အရစ်ကျစနစ်တို့ ဘာတို့လည်းရှိလာမှာပေါ့။အီးဗွီက အဆင်ပြေမလားဆိုတော့ တကယ်တမ်းကျတော့ အီးဗွီတစ်စီးက ကီလိုမီတာ လေးငါး ခြောက်ရာရှိတဲ့အတွက်ကြောင့်မို့  နေ့တိုင်းအား သွင်းစရာမလိုဘူးပေါ့။ လူတိုင်းအဆင်ပြေမလား ဆိုရင် အားလုံးတော့အဆင်မပြေနိုင်ဘူး။ တချို့ တိုက်ခန်းဆိုရင်လည်း အောက်ထပ် တိုက်ခန်းတို့၊ ခြံနဲ့ ဝန်းနဲ့တို့ ဒါမျိုးတွေကတော့အဆင်ပြေတာ ပေါ့။ ဒါပေမဲ့  အီးဗွီကတော့ စသင့်နေတာပေါ့။အားလုံး အီးဗွီပြောင်းဖို့ကတော့ မဖြစ်နိုင်သေးဘူး။ သို့သော်လည်းပဲ  တစ်ကမ္ဘာလုံးမှာ စတဲ့အတွက်  မြန်မာပြည်လည်း  ပါလာမှာပေါ့။နောက်အာမခံကတော့ ဘက်ထရီသက်တမ်းက ရှစ်နှစ်လို့ပြောတယ်။ ရှစ်နှစ်ပြည့်လို့ ရှိရင်လည်း ဘက်ထရီ လွှင့်ပစ်ရတာမဟုတ်ဘူး။ Capacity ကျသွားတာပဲ ဆက်သုံးလို့ရတယ်။ပြောချင်တာ ကတော့ ရှစ်နှစ်ပြည့်လို့မှ ပျက်ရင် ပြန်လဲပေးမယ်။ အာမခံတော့ပါတယ်။ ဘယ်လိုပဲပြောပြော လောလောဆယ်အနေအထားမှာတော့ လာမယ့်  ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ပြည်တွင်းဈေးကွက်မှာ အီးဗွီကားတွေ မြင်တွေ့လာနိုင်မယ်။ အီးဗွီတက္ကစီတွေ့လာရမယ်။  ကုန်တင်ကားနဲ့ ကျန်တဲ့ ကားတွေကတော့ သိပ် မလွယ်သေးဘူး။ ဈေးကြီးမြင့်တဲ့အတွက်ကြောင့်။ သူတို့ဆီမှာတော့ ကုန်တင်ကားတွေကို ဆိုလာနဲ့တွဲပြီးတော့ အားသွင်းစရာမလိုဘဲနဲ့ လုပ်နေတာတွေရှိတယ်။တဖြည်းဖြည်းတော့ နောက်ပိုင်းကျရင် ပြောင်းလဲလာမှာပေါ့။ မြန်မာပြည်အနေနဲ့ အီးဗွီသွင်းတာက  မီးမမှန်လို့  ဒါတွေကတော့ မှန်ပေမယ့် ဒီလိုပဲစရမှာပေါ့။ လူတိုင်းစီးနိုင်မှာတော့ မဟုတ်ပေမယ့် လူငယ်လူလတ်တွေထဲမှာ  တချို့ကျလည်း  အသစ်အဆန်းကို စိတ်ဝင်စားတဲ့သူရှိတယ်။  ဒေါ်လာဈေးက အစိုးရသတ်မှတ်နှုန်း ပြန်ရောက်တယ်ဆိုရင်တော့ ကားဈေးက သိန်း လေးရာ၊ ငါးရာပြန်ဖြစ်သွားမှာပဲ။ခုနက ဒေါ်လာ တစ်သောင်းတန် အီးဗွီက သိန်း ၂၀ဝ ဖြစ်မှာပေါ့။

လျှပ်စစ်သုံးယာဉ်(EV)ကားတွေကို ဘယ်နိုင်ငံ တွေက တင်သွင်းဖို့ ရှိနေပါသလဲ။
အမျိုးအစားအလိုက်ပေါ့။ ကျွန်တော်တို့ကတော့  BYD သွင်းဖို့ရှိတယ်။  BYD ကတော့ ရောင်းအားအများဆုံးထဲမှာပါတယ်။ လက်ရှိမှာတော့ အီးဗွီနဲ့ပတ်သက်ရင်တော့ တရုတ်ကပိုပြီး တော့ ရှေ့ရောက်တယ်။ သူ့ရှေ့မှာ တက်စလာပဲ။ ဂျပန်ကတောင်မှ  BYD နဲ့ တိုယိုတာ ပူးပေါင်းပြီးတော့ အီးဗွီထုတ်ဖို့ အခုမှ လုပ်နေတာ။ မာစီဒီး ကလည်း BYD ကို တရုတ်နဲ့ပူးပေါင်းပြီး အီးဗွီ ထုတ်ဖို့လုပ်နေတာ။ ဘက်ထရီ နည်းပညာမှာ တော့ တရုတ်က ရှေ့နည်းနည်းပိုရောက်တယ်။ ထုတ်လုပ်မှုပိုများတယ်။ သမိုင်းကြောင်းပိုရှည် တယ်။

လက်ရှိ ပြည်တွင်းကားဈေးအခြေအနေလည်း  သုံးသပ်ပြောပေးပါဦး။
တိုယိုတာက လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သွင်းထားတဲ့ ကားတွေပြန်ထုတ်တာ။ သူ့ဈေးက အခုထိ ၁၆၀ဝ ဖြစ်နေတယ်။ ကားအသစ်တွေ ထွက်ရင် ဈေးကျမယ်လို့ လူတွေက မျှော်လင့်ပေမယ့်  BrandNew ကားတွေအနေနဲ့က ဘယ်ကား သွင်းသွင်း လက်ရှိဒေါ်လာဈေးနဲ့က ကားဈေးက ဈေးအများကြီး မကျဘူး။ ကားအရောင်းအဝယ်ကတော့ အများကြီး ပြန်ဖြစ်လာတယ်။ အရင်တုန်းက ကားဈေးတက်တယ်ဆိုတာ ဒေါ်လာဈေး သုံးထောင်ကနေ လေးထောင်ဖြစ်လို့ တက်တာ။ အခုကတော့ ကားဈေးက ပြန်ပြီးဆင်းလာတယ်ပေါ့။
တိဗ္ဗ