Main menu

Background

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း စီအီးအို ဒေါ်ဇာဇာလှိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း  

Tue, 03/28/2023 - 15:01 -- journal_editor

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအနေဖြင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့စားသောက်ကုန်လုပ်ငန်းများ ဘေးအန္တရယ်ကင်းရှင်းပြီး အရည်အသွေး ပြည့်မီသည့် စားသောက်ကုန်များ စနစ်တကျ ထုတ်လုပ်နိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည့် သင်တန်းများလည်း ပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းရှိ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး အထောက်အကူပြု လုပ်ဆောင်နေမှုနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFPEA) စီအီးအို ဒေါ်ဇာဇာလှိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းအနေနဲ့ စားသောက်ကုန်တွေ စစ်ဆေးနိုင်ဖို့အတွက် ဓာတ်ခွဲခန်းတစ်ခု ပေါ်ပေါက်လာပုံ ရှင်းပြပေးပါ။
မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) ကတော့ ၂၀ဝ၆ ခုနှစ်ကနေစပြီးတော့ အသင်းကို စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀ဝ၉ ခုနှစ်မှာ စားသောက်ကုန် အရည်အသွေးတွေကို ဓာတ်ခွဲ စစ်ဆေးနိုင်ဖို့အတွက် ဓာတ်ခွဲခန်းတစ်ခု ရှိမှဖြစ်မယ်ပေါ့။  အဲတုန်းကဆိုရင် ကိုယ့်ရဲ့အရည်အသွေးတွေကို စစ်နိုင်မယ့် အခြေအနေ ကျွန်မတို့နိုင်ငံမှာ မရှိသေးဘူးပေါ့။ အဲဒီမရှိတဲ့အခါကျတော့ ဓာတ်ခွဲခန်းတစ်ခု ဖွင့်မှဖြစ်မယ်ဆိုပြီးတော့ လူကြီးတွေ အကုန်လုံးက စဉ်းစားလိုက်တဲ့ အခါကျတော့ ဂျပန်သံရုံးနဲ့ ချိတ်မိပြီးတော့ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ၂၀ဝ၉ ခုနှစ်ကစပြီးတော့ ကြိုးစားခဲ့တာ ၂၀၁၁ ခုနှစ်မှာ ဓာတ်ခွဲခန်းကို စတင်ဖွင့်လှစ်ပြီးတော့ စမ်းသပ်နိုင်ခဲ့တယ်။ ဘာတွေစမ်းသပ်နိုင်လဲဆိုတော့  စားသောက်ကုန်တွေရဲ့ အာဟာရတန်ဖိုးတွေကို စမ်းသပ်နိုင်တယ်။ အစားအသောက်တွေမှာ သန့်ရှင်းစင် ကြယ်မှု  ရှိ ၊ မရှိ ပိုးတွေကို စမ်းသပ်နိုင်ခဲ့တယ်။ အဲဒီလို စမ်းသပ်နိုင်ခဲ့ရာမှာ အခုဆိုလို့ရှိရင် စမ်းသပ်မှုပေါင်း အများကြီးစမ်းသပ်နိုင်ပြီပေါ့။ ဒီစားသောက်ကုန်တွေမှာ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတ်ကြွင်းတွေ ရှိ၊ မရှိ စမ်းသပ်နိုင်ပြီဖြစ်ပါတယ်။ အဲဒါအပြင် ၂၀၂၁ ခုနှစ်မှာ ဆိုရင် မိုက်ခရို Lab  က ISO ရပြီးပြီပေါ့။၂၀၂၁ ခုနှစ်မှာ ISO ရခဲ့တယ်ပေါ့။ FDA ပြီးသွားလို့ရှိရင်တော့ ပုဂ္ဂလိက Lab ထဲမှာ ကျွန်မတို့ Lab ကတော့  ပထမဦးဆုံး ISO ရတာဖြစ်ပါတယ်။ ဓာတ်ခွဲခန်းကဆိုလို့ရှိရင်လည်း စမ်းသပ်မှုတွေ  တိကျဖို့အတွက်ကို ပညာရှင်တွေ အကုန်လုံးကို အရည်အသွေး မြှင့်တင်ပေးရပါတယ်။ ဒီစားသောက်ကုန်တစ်ခုလုံးကို ဓာတ်ခွဲစမ်းသပ်လိုက်တယ်ဆို အဖြေမှန်ဖို့အတွက် ဒီပညာရှင်တွေက အရည်အသွေးတွေ ပြည့်မီဖို့ လိုတယ်လေ။ သူတို့ကိုလည်း  ဗီယက်နမ်နိုင်ငံက Testing တွေကို မှာယူပြီးတော့ အရည်အသွေးတွေကို မြှင့်တင်တယ်။ ဓာတ်ခွဲခန်းတိုင်းမှာတော့ စမ်းသပ်နိုင်တယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်းကပေးတဲ့ အဖြေသည် မှန်၊ မမှန်နဲ့ ISO ရဖို့က အရေးကြီးတယ်။ ဓာတ်ခွဲခန်းတွေတော့ အများကြီးရှိပေမယ့်  မှန်မှန်ကန်ကန် အရည်အသွေးပြည့်မီတဲ့ ဓာတ်ခွဲခန်းမှာပဲ စားသောက်ကုန်ထုတ်တဲ့သူတွေ အနေနဲ့ စမ်းသင့်ပါတယ်။ အမှန်ကတော့ ISO လက်မှတ်ရထားတယ်ဆို ပိုကောင်းတာပေါ့။  ISO ရထားတယ်ဆိုကတည်းက သူရဲ့ နည်းစနစ် အတိုင်းပေါ့။  စစ်ရတယ်။ စားသောက်ကုန် တစ်ခုကို စစ်လိုက်တယ်။ စက်တွေအကုန်လုံးက ဘာမှမလုပ်ထားဘူးဆိုရင်  ဒီအရည်အသွေးက မမှန်နိုင်ဘူး။ အဲတော့  စက်တွေ  အပူချိန်တွေ မှန်၊ မမှန် စစ်ဆေးရတယ်။ ဒီလိုမျိုးတွေ စစ်ပြီးတော့ စက်တွေမှန်ကန်မှပဲ ထွက်လာတဲ့ ရလဒ်က မှန်ကန်နိုင်မယ်။ ဒါမှ ထုတ်လုပ်တဲ့သူတွေက သူထုတ်လုပ်လိုက်တဲ့ ပစ္စည်းရဲ့အရည်အသွေး ဘယ်လောက်ရှိနေလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း FDA ယူပြီး စစ်တယ်။ ဒါပေမဲ့  အရည်အသွေးကိုတော့ ထုတ်ပြောလေ့မရှိဘူး။ ဒါပေမဲ့ ထုတ်ကုန်ထုတ်တဲ့ သူတွေအနေနဲ့ ကိုယ်ပိုင် Lab ထားရမှာပါ။ မထားနိုင်ဘူးဆိုရင်တော့ လုပ်ငန်းတွေ အကုန်လုံး ခြောက်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် အမြဲတမ်း စစ်ဆေးသင့်တယ်။ တချို့စားသောက်ကုန်တွေဆို တစ်ခါလောက်စစ်ပြီး ဒါကိုပဲ Packing မှာ သုံးသွားတာရှိတယ်။ ဒါမျိုးတွေဆို မဟုတ်သေးဘူး။ ဘာပဲပြောပြော ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် စမ်းသပ်သင့်တယ်။ စမ်းပြီးတော့ Packing တွေမှာတပ်သင့်တယ်။ ဒါမှလည်း ကိုယ့်ရဲ့ result က တစ်သက်လုံး ဒီအတိုင်းကြီး ထွက်နေမှာမဟုတ်ဘူးလေ။ ကုန်ကြမ်းတွေ ဆိုတာလည်း အမြဲတမ်းပြောင်းနေတာ ရာသီဥတုကလည်း အမြဲတမ်းပြောင်းနေတော့ တစ်ခါစမ်းသပ်ပြီး တစ်သက်လုံးမှန်နေမှာ မဟုတ်ဘူးလေ။ အမြဲတမ်း ကိုယ့်ရဲ့ စားသောက်ကုန်အရည်အသွေး ကောင်းနေဖို့အတွက်က ခြောက်လတစ်ကြိမ် တစ်နှစ်တစ်ကြိမ် စမ်းသပ်သင့်တယ်။ တချို့ စားသောက် ကုန်တွေက လူကို တိုက်ရိုက်အန္တရာယ် ဖြစ်စေနိုင်တယ်။ လူကိုအန္တရာယ် အများကြီးဖြစ်နိုင်တဲ့ ဟာတွေဆိုလို့ရှိရင် ပိုပြီးတော့ စမ်းသပ်သင့်တယ်။ ကျိုချက်ပြီးတော့မှ စားတဲ့ဟာက တော်သေးတယ်ပေါ့နော်။ အဲဒီတော့ စားသောက် ကုန်လုပ်ငန်း လုပ်တဲ့သူတွေက အရေးကြီးတယ်။ အရည်အသွေး ပြည့်မီအောင်၊ safe ဖြစ်အောင် ထုတ်ဖို့လိုမယ်။ ကုန်ကြမ်းကနေ ထုတ်လိုက်ပြီးတော့ Packing ထုတ်ပြီးတော့ ဆိုင်ပေါ်တင်ရောင်း  လူတွေစားတဲ့အထိ ပရောဆက်က မှန်မှ အဆင်ပြေမှာဖြစ်ပါတယ်။

ဓာတ်ခွဲခန်းအတွက် ပညာရှင်တွေ ခန့်အပ်ထား ရှိမှုက ဘယ်လိုရှိပါသလဲ။
Lab မှာတော့ ပညာရှင် အယောက် ၂၀ ရှိပါ တယ်။ ပညာရှင်က  ဂျပန်ကနေပြီးတော့ လေ့ ကျင့်ပြင်ဆင်လာတဲ့ ပညာရှင်တွေရှိတယ်။ အဲဒီ  ပညာရှင်တွေကနေ နောက်ပညာရှင်တွေကို လက်ဆင့်ကမ်းပြီးတော့ သူတို့က အကုန်သင် ပေးသွားတာပေါ့။ နောက်ပြီး   FDA ကနေပြီး တော့ အငြိမ်းစားယူသွားတဲ့ ဆရာ၊ ဆရာမကြီး တွေရော၊ နောက်ပြီးတော့ ရန်ကုန်တက္ကသိုလ် နည်းပညာဓာတ်ခွဲခန်းနဲ့  ပတ်သက်တဲ့ ဆရာ၊ ဆရာမကြီးတွေကရော လိုရင်လိုအပ်သလို training တွေ ပေးလျက်ရှိပါတယ်။

အသင်းအနေနဲ့ ရှေ့ဆက် ဘာတွေလုပ်ဆောင် ဖို့ရှိပါသလဲ။
အသင်းအနေနဲ့တော့ ဓာတ်ခွဲခန်းရှိတယ်။ စားသောက်ကုန်တွေရဲ့ အရည်အသွေးတွေကို စမ်းသပ်ပေးတယ်။ နောက်ပြီး  Food Safety နဲ့ ပတ်သက်တဲ့ training တွေရှိတယ်။ စားသောက် ကုန်တစ်ခုကို ထုတ်လိုက်တယ်ဆိုရင် အဲဒီမှာ ဘာတွေကို လုပ်ဆောင်ရမလဲဆိုတဲ့ training တွေပေးတယ်။ Chemical တွေ အသုံးပြုခြင်းသည် ဘယ်လိုအန္တရာယ်တွေရှိလဲ။ ဒါတွေသည် Limit တွေနဲ့သုံးရတယ်။ ဒါတွေကို ကျော်လွန်နေပြီဆိုရင် လူတွေကို ဘယ်လောက်ထိ အန္တရာယ် ဖြစ်စေနိုင်သလဲ။ ဘယ်လိုဟာတွေကို သုံးရမလဲဆိုတဲ့  training တွေပေးတာရှိတယ်။ စက်ရုံတွေမှာ ဆိုလို့ရှိရင် စွမ်းအင်နဲ့ပတ်သက်ပြီး မလိုအပ်ဘဲသုံးနေတဲ့ နေရာမျိုးတွေရှိတယ်။ ဒါတွေသည် မလိုအပ်ဘူးဆိုတဲ့ Training တွေ ပေးတယ်။ နောက်ရေနဲ့ ပတ်သက်ပြီး တချို့စက်ရုံတွေက ထွက်တဲ့ဟာတွေက အရမ်းနံတာတွေရှိတယ်။ ဒီရေတွေက ပတ်ဝန်းကျင်ကို ဘယ်လောက်ထိ ထိခိုက်နေသလဲ၊ အဲဒီရေတွေကို ဘယ်လိုမျိုးလုပ် ဆောင်သင့်သလဲဆိုတဲ့ training တွေ ပေးတာရှိတယ်။ ရေမှာလည်း    အကျိုးပြုတာရှိသလို အကျိုးမပြုတာရှိတယ်။ အဲတော့ရေတွေကို ဘယ်လိုစီမံခန့်ခွဲပြီး အသုံးချရမလဲဆိုတဲ့ training တွေပေးတာရှိတယ်။ နောက်နိုင်ငံတကာကို ပို့မယ်ဆိုရင်  HACCP Certificate လိုတယ်။ အဲဒါနဲ့ပတ်သက်တဲ့ training ပေးတာရှိတယ်။ နောက်ဓာတ်ခွဲခန်းနဲ့ ပတ်သက်တဲ့ training ဘာလို့ပေးရလဲဆိုတော့ တချို့စက်ရုံတွေမှာ ဓာတ်ခွဲခန်းတွေရှိတယ်။ အဲဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲစမ်းသပ်နည်းတွေ၊ စားသောက်ကုန်တွေကို ဘယ်လိုစမ်းသပ်မလဲ။ အဲဒါတွေကအစ သင်ပေးတယ်ပေါ့။ ကိုယ်ထုတ်လိုက်တဲ့ စားသောက်ကုန်က ကိုယ်ရဲ့ Line ထဲမှာ ဘယ်လောက်ထိ   အရေးကြီးသလဲဆိုတဲ့  ဟာတွေလည်း သင်ပေးတယ်။ အခုကတော့ အွန်လိုင်း training ပေးနေတယ်ပေါ့။ ဒါကတော့ အသင်းကနေပြီးတော့ စားသောက်ကုန်ကဏ္ဍကို ကူညီပေးနေတာ ဖြစ်ပါတယ်။ 

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
စားသောက်ကုန်တွေ အကုန်လုံးက သန့်သန့်ပြန့်ပြန့်နဲ့ ထုတ်သင့်တာပေါ့။ စားသောက်ကုန် တွေဟာ safety ဖြစ်ပြီးတော့ ကြာရှည်ခံဖို့အတွက် သန့်သန့်ရှင်းရှင်းနဲ့ လုပ်မှဖြစ်မယ်။ ထုတ်ကုန်ထုတ်တဲ့နေရာမှာ တိရစ္ဆာန်ရှိတာမျိုးတွေ မရှိသင့်ဘူး။ သီးသန့်ထားရတယ်။ ကုန်ကြမ်းဆိုလည်း ကုန်ကြမ်းနေရာမှာထား၊ ထုတ်တဲ့အခန်းတွေဆိုလည်း သန့်သန့်ရှင်းရှင်းထားပေါ့။ အဲဒီအကျိုးသက်ရောက်မှုကြောင့် ထုတ်ကုန်တွေ မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ စားသုံးသူရေးရာက Label တွေကို မြန်မာလိုကပ်တာ အရမ်းကောင်းတယ်။အရင်တုန်းကဆို ဆရာဝန်တွေဆီသာ သွားပြလိုက်ရတာ၊ စားသောက်ကုန်တွေမှာ Label  တွေ ပြည့်စုံအောင် ကပ်သင့်တယ်။ ကပ်မှလည်း ဒါကို စားခြင်းဖြင့် စွမ်းအင်ဘယ်လောက်ရမလဲ။ ပရိုတင်း ဘယ်လောက်ရမလဲဆိုတာ သိသွားမယ်။ နောက်ပြီး ထုတ်လုပ်သူတွေ အနေနဲ့လည်း ကိုယ်ထုတ်တဲ့ ထုတ်ကုန်က ဘယ်လိုမျိုးလဲ။ တကယ်လို့ မြေကြီးထဲက ထွက်လာတယ်ဆို ပိုးမွှားတွေများ၊ မများ စစ်သင့်တယ်။ ဆီသမားတွေဆိုလည်း  ဆီချေးအနံ့တွေ နံလား၊ မနံလား စစ်သင့်တယ်။ အဲဒါတွေမှာက သတ်မှတ်ထားတဲ့ Limit ရှိတယ်။ အဲဒီ Limit ထက်ကျော်ပြီ ဆိုလို့ရှိရင်တော့ ဒီထုတ်ကုန်က မကောင်းတော့ဘူးပေါ့။                

တိဗ္ဗ