Background
အိန္ဒိယနိုင်ငံအတွင်း နနွင်းတောင်သူများဟာ ဈေးနှုန်းထိုးကျဆင်းနေတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာကြောင့် အစိုးရက အလေးထားလာစေဖို့ နနွင်းတောင်သူများဟာ နိုင်ငံရဲ့နနွင်းအကြီးဆုံးဈေးကွက်ဖြစ်တဲ့ အီရော့မှာနနွင်းနမူနာများ လေလံတင်ခြင်းကို ဇန်နဝါရီလ ၂၄ ရက်ကစပြီး ၃ ရက်ကြာရပ်တန့်ခဲ့တယ်လို့သိရပါတယ်။ ၂၀၁၀ ခုနှစ်မှာ နနွင်းတစ်တန် ရူပီး၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃)ထိ မြင့်တက်ခဲ့ရာမှ ယခုအခါမှာတော့ ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၉၈) သာရှိတယ်လို့ဆိုပါတယ်။ နနွင်းသစ်မဝင်လာမီတောင် ဒီဈေးမှာရှိနေရင် နနွင်းသစ်စပြီးဝင်လာရင် ဘယ်ဈေးဖြစ်လာဦးမလဲ မသိဘူးလို့ ပြည်နယ်ဈေးကွက်မှဆိုပါတယ်။ ၂၀၀၈-၂၀၀၉ မှာနနွင်းတစ်တန် ရူပီး ၈၀၀၀၀-၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၅၉၇-၁၉၉၆) ရှိခဲ့ပေမဲ့ ၂၀၀၉-၂၀၁၀ မှာ ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃) ထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့်လည်း တောင်သူတွေက ၂၀၁၀-၂၀၁၁ မှာ နနွင်း ဈေးမြင့်တက်ဦးမယ်လို့ခန့်မှန်းပြီး စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ တမီလ်နာဒူးစိုက်ပျိုးရေး တက္ကသိုလ်ရဲ့ ပြည်တွင်းပြည်ပ ဈေးကွက်ရှာဖွေရေးအဖွဲ့က နနွင်းတောင်သူတွေကို ၂၀၁၁ ဇူလိုင်လမှာ ၎င်းင်းတို့သိုလှောင်နနွင်းတွေ ချက်ချင်းထုတ်ရောင်းဖို့ သတိပေးခဲ့ပါတယ်။ ၂၀၁၀ ဇွန်လမှာ တစ်တန် ရူပီး ၁၅၀၀၀၀ (ကန်ဒေါ်လာ ၂၉၉၄) ကနေ တစ်တန်ရူပီး ၆၅၀၀၀- ၇၀၀၀၀ (ကန်ဒေါ်လာ ၁၂၉၇-၁၃၉၇) ထိ ကျဆင်းခဲ့တာကြောင့် အဲဒီလိုသတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဈေးနှုန်းကျဆင်းခဲ့ခြင်းဟာ နနွင်းစိုက်ဧရိယာ ၂၅ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းနဲ့ ထုတ်လုပ်မှု ကလည်း ၂၀၀၉-၂၀၁၀ မှာ ၁၀၀ ကီလိုပါ အိတ် ၄၈ သိန်းရှိရာမှ အိတ်ပေါင်း ၇၀သိန်းထိ ၄၅ ရာခိုင်နှုန်းခန့် တိုးတက်လာ တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့မှုကလည်း ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။ ဒါကြောင့်လည်း နနွင်းလက်ကျန်က ၂၀၀၉-၂၀၁၀ မှာ အိတ်ပေါင်း ၇ သိန်းခန့်ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ မှာ ၁၁ သိန်းထိ တိုးတက်ခဲ့ပါတယ်။ တမီလ်နာဒူးပြည်နယ်မှာပင် နနွင်းစိုက်ဟက်တာ ၄၃၀၀၀ ထိတိုးတက်ခဲ့သလို ၂၀၁၀ ဒီဇင်ဘာလမှာ မိုးရွာသွန်းခဲ့တဲ့အတွက် အရည်အသွးလည်း ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ နနွင်းလက်ကျန် အရည်အသွေးနဲ့ ပြည်ပဝယ်လိုအားနည်းခြင်းတွေကြောင့် နနွင်းဈေး အကျဘက်ဆင်းရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အီရော့ခရိုင်တစ်ခုထဲမှာပင် ဟက်တာ ၂၆၀၀၀ ထိမြင့်တက်ကာ တစ်ဧကအထွက်နှုန်းမှာ ၂ တန်-၂ ဒသမ ၂ တန်ထိရှိခဲ့ပြီး၊ တစ်ဧကစိုက်ပျိုးစရိတ်မှာ ရူပီး ၁ ဒသမ ၂၅ သိန်း (ကန်ဒေါ်လာ ၂၄၉၅) ကုန်ကျတယ်လို့ တမီလ်နာဒူး ပြည်နယ် ဥက္ကဌကဆိုပါတယ်။ ဒါကြောင့် လက်ရှိဈေးနှုန်းအတိုင်း ဆက်ရှိနေတယ်ဆိုရင် တောင်သူတွေက တစ်ဧကကို ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၉၈) ခန့်ထိ ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ဆိုပါတယ်။ စိုက်ပျိုးစဉ်က နနွင်းတစ်တန် ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃) ဈေးဝန်းကျင်ရှိခဲ့တယ်လို့ဆိုပါတယ်။ နနွင်းအဓိကစိုက်ပျိုးတဲ့ Mysore ခရိုင်မှာလည်း အလားတူဆုံးရှုံးမှုတွေရှိလို့ တောင်သူများဟာ အစိုးရက နနွင်းတစ်တန် ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၉၉၆) ဈေးနဲ့ ဝယ်ယူဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ယမင်းခင် ှSource: hindubusiness
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းစိုက်ဒေသတစ်ခုဖြစ်တဲ့ နမ့်စန်ကထွက်တဲ့ချင်း တွေလည်းဈေးကွက်ကိုစပြီး ဝင်လာပါပြီ။ လောလောဆယ်တော့ အဝင်အနည်းငယ် သာရှိနေပြီး ၂ လပိုင်းလောက်မှသာ လှိုင်လှိုင်ဝင်လာနိုင်တယ်လို့သိရပါတယ်။ နမ့်စန် ချင်းသစ်က တစ်ပိဿာ ၂၅၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းတွေလည်း အဝင်နည်း နေပါသေးတယ်။ ခြံရှင်တွေက ကြိုက်ဈေးမရလို့မဖော်သေးဘဲစောင့်နေပါတယ်။ အစိုဈေးကိုလည်း ကြိုက်ဈေးမရခဲ့ရင် ပြုတ်ခြောက်သာလုပ်တော့မယ်လို့ လည်းသိရ ပါတယ်။ ဟိုပုံးချင်း (နီ)ကလည်း တစ်ပိဿာ ၂၅၀ ကျပ်ဈေးသာရှိပြီး၊ ချင်းခြောက် က တစ်ပိဿာ ၁၄၀၀-၁၅၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ကလော၊ ပင်လောင်း၊ ပင်းတယစတဲ့မြို့နယ် တွေကထွက်တဲ့ ချင်းတွေက လှိုင်လှိုင် ဝင်နေတယ်လို့သိရပါတယ်။ အဝင်များပေမဲ့ ချင်း ထိုးသမားတွေနဲ့ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိနေတဲ့ အတွက် ရောင်း အားလည်းလျော့နေတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ၂၅၀ ကျပ်မှ ၃၅၀ ကျပ် ဈေးရှိပြီး၊ ချင်းခြောက် (အသစ်)ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ အဟောင်းက တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ဟိုပုံးနနွင်းခြောက်တွေလည်း ဈေးကွက်ကိုဝင်လာစပြုနေပါပြီ။ အစိုဓာတ်တွေအနည်းငယ်လျော့လာတဲ့အတွက် ခြောက် ပိဿာပြုတ်ရင် တစ်ပိဿာတင်ပါတယ်။ ဟိုပုံးအနီးပတ်ဝန်းကျင်က ဝင်လာတာဖြစ်ပြီး၊ အဝင်ကတော့ နည်းနေပါသေးတယ်။ ယခု လောလောဆယ် ပေါက်ဈေးကလည်း တစ်ပိဿာ ၆၀၀ ကျပ်ခန့်သာ ရှိတာကြောင့် ပြုတ်ခြောက်တွေလည်း မလုပ်ကြ သေးပါဘူး။လုပ်အားခပေးရတာနဲ့မကာမိတာကြောင့် အနည်းငယ်လောက်သာပြုလုပ်နေသေးတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ ဈေးပတ်သမားတွေကသာ လက်လီဝယ်ယူနေလို့ တစ်ပတ်ကို ပိဿာချိန် ၁၀၀ ခန့်သာ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်းဈေးက ရိုးရိုးတစ်ပိဿာ ၅၀၀ ကျပ်ခန့်သာရှိပြီး၊ ဆင်တောင် နနွင်းဟောင်း ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်း ၄ တန်ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာ တတိယပတ်မှစပြီး အပို့ပျောက်ခဲ့တဲ့နနွင်းက ဒီ တစ်ပတ်မှသာ ပြန်လည် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ FOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၁၅၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ခြောက်ထောင့် နှစ်ရာရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ချင်းဈေးကွက်ကို ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင် အိတ် ၂၅၀ ခန့် အဝင်ရှိပြီး၊ ဈေးနှုန်းမှာ ပုံမှန်ဖြစ်နေပါတယ်။ အရောင်းအဝယ် အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ ပိဿာချိန် ၄၀၀ ခန့်ရှိပြီး၊ ရခိုင်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်တင်ပို့မှုရှိတယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်တို့နဲ့ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဝင်းဝင်ခိုင်
မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံစိုက်ပျိုးမှုမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာအများဆုံးစိုက်ပျိုးပြီး၊ ကုလားပဲနဲ့ ပဲစင်းငုံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးလျက်ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ ကုလားပဲသီးနှံကို တစ်ပြည်လုံး စိုက်ဧကရဲ့ ၄၆ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံးစိုက်ပျိုးတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တို့မှာ ပြည်တွင်းစားသုံးမှု အလွန် နည်းပါးပြီး၊ ပြည်ပဈေးကွက်ပေါ်မှာ မူတည်ပေမယ့် ကုလားပဲဖြူလုံးကြီးက ပြည် တွင်းဈေးမြင့်ပြီး၊ ပြည်ပဈေးနိမ့်သည့်တိုင် ပြည်တွင်းစားသုံးမှုများပြားလာပြီး၊ ပြည်တွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ ကြာဇံစက်များမှာ ပြည်တွင်းစာအဖြစ် ပိုမိုအသုံးပြုလျက်ရှိပါတယ်။ ပဲစိုက်တောင်သူများရဲ့ စီးပွားရေးတွက်ခြေကိုက်မှုမှာ ပဲတစ်ဧကစိုက်ပျိုးမှု အပေါ် အမြတ်ရာခိုင်နှုန်းမှာ ကုလားပဲဖြူလုံးကြီး၊ V-2 အတွက် ၃၈ ဒသမ ၃၀ ရာခိုင်နှုန်း၊ ကုလားပဲဖြူလုံးကြီး V-12 အတွက် ၁၄၆ ဒသမ ၉၇ ရာခိုင်နှုန်း၊ မတ်ပဲ အတွက် ၂၃ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ကုလားပဲဖြူလုံးကြီးမှာ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်သွားဖို့ အလားအလာကောင်းတဲ့ ပဲမျိုးဖြစ်ပါတယ်။ ပဲမျိုးစုံ ကမ္ဘာ့ ဈေးကွက်မှာ အရည်အသွေးကောင်း၊ မျိုးသစ်၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ပြီး၊ ယှဉ်ပြိုင်နိုင်မှသာ ရရှိပြီးဈေးကွက် ပိုမိုခိုင်မာပြီး ဈေးကွက်သစ်ချဲ့ထွင်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တိုင်းဒေသကြီးရဲ့ ကုလားပဲစိုက်ပျိုးရာမှာ ယခင် V-2 ကုလားပဲမျိုးစိတ်များဟာ တောင်သူများအနေနဲ့ မျိုးအဖြစ် သီးသန့်ရွေးချယ်စိုက်ပျိုးခြင်းမဟုတ်ဘဲ စိုက်ပျိုး ထွက်ရှိတဲ့အထဲက မျိုးအဖြစ် ချန်ခြင်းကြောင့် နှစ်ကာလ ကြာမြင့်လာတဲ့အချိန်မှာ မျိုးညံ့လာပြီး၊ အထွက်နှုန်းလျော့နည်း အရွယ်အစား သေးလာသလို အရည်အသွေး နိမ့်ခြင်းကိုလည်း တွေ့လာရပါတယ်။ ဒါကြောင့် ပြည်ပဈေးကွက် မယှဉ်ပြိုင်နိုင်ဘဲ အဓိကတင်ပိုတဲ့ ပဲအဖြစ်မှ တင်ပို့မှု လျော့ကျသွားခဲ့ပါတယ်။ ပြည်ပကို အရည် အသွေးမီ တင်ပို့ရောင်းချနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးဖို့ တောင်သူတွက်ခြေကိုက်တဲ့ အထွက်နှုန်းကောင်းမျိုးများ စိုက်ပျိုးသွားဖို့ အရေးကြီး ပါတယ်။ V-12 မျိုးသစ်ကို ယခုနှစ် စိုက်ပျိုးရာသီမှာ မုံရွာကုန်စည်ဒိုင်မှ ချိတ်ဆက်ပြီး၊ မျိုးတင်း ၂၀၀ အား ဖြန့်ဖြူးပေးမှုနဲ့ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ မြို့နယ်များမှ တောင်သူများ စတင်စိုက်ပျိုးလျက်ရှိရာ ယင်းကုလားပဲ မျိုးသစ် V-12 စိုက်ပျိုးတဲ့ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှ ဦးခင်မောင် ထွန်းကပြောကြား ရာမှာ V-12 ကုလားပဲဖြူလုံးကြီးမျိုးအားမုံရွာကုန်စည်ဒိုင်မှ ချိတ် ဆက်မှုရယူပြီး၊ယခုနှစ် ၅ ဧက စတင်စိုက်ပျိုးထားပြီး၊ မျိုးတစ်တင်း ၃၇၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး တစ်ဧကစိုက်ပျိုးစရိတ်မှာ ၁ သိန်းခွဲကျော် ကုန်ကျမှာဖြစ်ပြီး၊ အထွက် နှုန်းမှာ ၂၅-၃၀ တင်း ထွက်ရှိမှာဖြစ်ကြောင်း ရှင်းပြပါတယ်။ ယနေ့ ကုလားပဲဖြူလုံးကြီးအသစ် မုံရွာကုန်စည်ဒိုင်ပေါက်ဈေးမှာ တစ်တင်း ၁၆၃၀၀ ကျပ်ဖြစ်လို့ စိုက်ပျိုးသူ တောင်သူအတွက် ယခင်မျိုး စိုက်ပျိုးသည်ထက် V-12 မျိုးစိုက်ပျိုးပါက အကျိုးအမြတ်ငွေ တစ်ဧက ကျပ် ၁ သိန်း ၈ သောင်းခန့် ပိုမို ရရှိပြီး၊ အခြားပဲသီးနှံများထက် ဈေးကွက်ကောင်းမွန်လို့ တောင်သူများအဖို့ စိုက်ပျိုးရန် ကုလားပဲမျိုးစိတ်သစ်အကြောင်း၊ တင်ပြလိုက်ပါတယ်။ ထွန်းဌေး
အိန္ဒိယဈေးကွက်တွေကို ကာနာတာကာနဲ့ မဟာရပ်ရှတရာက ကုလားပဲဖြူလုံးကြီးရောရိုးရိုးကုလားပဲပါဝင်ရောက်မှုရှိနေတာကြောင့် ဈေးကျဆင်းနေပါတယ်။ ဝယ် လိုအားမရှိတဲ့အပြင် အခြားဈေးကွက်ကိုလည်း ပဲဝင်ရောက်မှုတွေရှိနေတဲ့ အတွက် ဈေးထပ်မံကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ / တန် ၂၅-၁-၂၀၁၂ ၂၄-၁-၂၀၁၂ ၂၃-၁-၂၀၁၂ ၂၁-၁-၂၀၁၂ မွန်ဘိုင်း ၆၃၉-၆၄၅ ၆၄၅-၆၄၇ ၆၄၀-၆၄၅ ၆၃၇ ဒေလီ ၆၃၉-၆၄၄ ၆၄၉-၆၅၄ ၆၄၅-၆၅၀ ၆၃၇-၆၄၂ ကန်ပါ ၇၁၃ ၇၁၇ ၇၀၇ ၇၀၇ MIRT(MAPT)
ဈေးကွက်တွေကိုကုလားပဲအသစ်များဝင်ရောက်လာခြင်းမရှိသေးလို့ လက်ကျန် တော်တော်ပါးလာပြီ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဇန်နဝါရီလ၁၆ ရက်မှ၂၀ ရက် အတွင်းမှာ ပြည်ပကို ၆၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး ရန်ကုန် FOB ဈေးကွက်မှာလည်း ကုလားပဲဖြူလုံးကြီး ၁၂၀ တန်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ပြည်ပကို ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ တန်ချိန် ၆၅၆၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်နဝါရီလ၂၀ ရက်မှာကုလားပဲဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၇၆၀-၇၈၀ ရှိရာမှ ဇန်နဝါရီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၇၂၀-၇၄၀ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။MIRT - MAPT
လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို ပြန်လည်တင်ပို့ခွင့်ပြုဖို့ အိန္ဒိယပဲမျိုးစုံနဲ့သီးနှံ အသင်း (IPGA) မှ တောင်းဆိုထားကြောင်း အသင်းဒုတိယဥက္ကဌ Bimal Kothari မှ ပြောကြားပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်သူလည်းဖြစ်သလို စားသုံးမှုနဲ့တင်သွင်းမှုလည်း အကြီးမားဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကပြည်ပ တင်ပို့မှု ပိတ်ထားတဲ့အတွက် ပြည်ပတင်ပို့ခွင့်မရှိဘူးလို့ Kothari ကဆိုပါတယ်။ ပဲမျိုးစုံတင်ပို့ခွင့်အခြေအနေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၅ မှ ၁၇ ရက်ထိ မွန်ဘိုင်းမြို့မှာကျင်းပမယ့် ကမ္ဘာ့ပဲမျိုးစုံ ညီလာခံမှာ ကြေညာဖွယ်ရှိတယ်လို့ဆိုပါတယ်။IPGA က ဦးစီးကျင်းပမဲ့ အဲဒီညီလာခံမှာ အိန္ဒိယမှ ပဲလုပ်ငန်းရှင် ၁၅၀ဦး အပါအဝင် ၄၅၀ ဦးခန့် တက်ရောက်မယ်လို့သိရပါတယ်။ ပဲမျိုးစုံဈေးနှုန်းကျဆင်းနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့တစ်နှစ်ခွဲထက်ယှဉ်ရင် နိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်းက ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းနေပြီး၊ ရှေ့ဆက်ပြီးလည်း အကျဘက်ရှိနိုင်တယ်လို့ Kothari ကဆိုပါတယ်။ အဓိကကတော့ ပဲမျိုးစုံထုတ်လုပ်မှုတိုးတက်လာတာကြောင့်လို့ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုက တန်ချိန် ၁၇ သန်းကို ယခင်နှစ်ထွက်ရှိတဲ့တန်ချိန် ၁၈ ဒသမ ၂ သန်းထက် ၅ ရာခိုင်နှုန်းလောက် ကျဆင်းနိုင်ပေမဲ့လည်း နိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်းအပေါ် ကြီးကြီးမားမား ထိခိုက် နိုင်ဖွယ်မရှိပါဘူးလို့လည်း Kothari က ခန့်မှန်းနေပါတယ်။ ယမင်းခင်၊Source:businessstandard
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်းပဲတီစိမ်းကို ဝယ်ယူမှုမရှိတာကြောင့် ယခင်ရက် ဈေးအတိုင်း ငြိမ်နေတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲတွေ များစွာကျန် ရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း သိုလှောင်မှုများထဲမှာ ၁၂-၁၃ ရာခိုင်နှုန်းဟာ ပဲအပျက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ နောက်ရက် အနည်းငယ် အတွင်း ပဲအရည်အသွေးနိမ့်တွေက ဈေးနှုန်းကို ထိန်းထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်ေ တွမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ၂၅-၁-၂၀၁၂ ၂၄-၁-၂၀၁၂ ၂၃-၁-၂၀၁၂ ၂၁-၁-၂၀၁၂မွန်ဘိုင်း (ပဲတီရွှေဝါ) ၈၅၉ ၈၆၉ ၈၈၃ ၈၈၆ဒေလီ ၄၇၉-၆၆၉ ၄၇၉-၆၇၉ ၄၇၆-၆၇၅ ၄၇၈-၆၇၇အာကိုလာ ၆၉၉-၈၃၉ ၆၉၉-၈၃၉ - ၆၉၇-၈၃၆MIRT(MAPT)
