Background
အိန္ဒိယနနွင်းစိုက်ပျိုးတဲ့ ပြည်နယ်များမှ အထွက်ကောင်းမယ့် အလားအလာနဲ့ ဝယ်လက်များမှ ဈေးအမြင့်မှာ ဝယ်ယူမှု နည်းတဲ့အတွက် နနွင်းဈေးကျဆင်းမှု တာရှည်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာလည်း လာမယ့် ရက်တွေမှာ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်မှ ပြောကြားချက်အရ ယခင်နှစ်က နနွင်းအိတ် ၇၀ သိန်းခန့် ထွက်ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၉၀ သိန်း ခန့် ထွက်ရှိဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အဓိကဈေးကွက်များမှာ နနွင်းလက်ကျန် အိတ်ပေါင်း ၂၀-၂၂ သိန်း ခန့်ရှိခြင်း ကလည်း ဈေးနှုန်းကို ကျဆင်းဖွယ်ရှိပါတယ်။ လက်ငင်းဈေးကွက်တွေမှာ ဈေးအမြင့်နဲ့ ရောင်းချလိုအား များနေတယ်လို့ ဆိုပါတယ်။ နီဇမ်မာဘတ် ဈေးကွက်အတွင်း နိုဝင်ဘာ ၃၀ ရက်မှာ တစ်တန်ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၄၂) ကျဆင်းပြီး၊ ရူပီး ၅၃၀၀၀(ကန်ဒေါ်လာ ၁၀၃၀) ဈေးဖြစ်ခဲ့ပြီး၊ အီရော့ဈေးကွက်မှာ ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၃၅)ဈေး ရှိတယ်လို့ သိရပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ဒီဇင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ၃ ဒသမ ၀၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ရူပီး ၄၄၉၄၀ (ကန်ဒေါ်လာ ၈၇၃)ဈေးဖြစ်ခဲ့ပါတယ်။ ယမင်းခင်
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၉ ဒသမ ၇၅တန်ကို တင်ပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံကို ၁၄ ဒသမ ၇၅ တန်နဲ့ စင်ကာပူကို ၅ တန်ဖြစ်ပါတယ်။ နိုဝင်ဘာလ ပထမပတ်အတွင်း တစ်ကြိမ်သာတင်ပို့ခဲ့တဲ့ နနွင်းက နှစ်ပတ်ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာနှစ်သောင်းကိုးထောင်ကျော်ရရှိခဲ့ပါတယ်။MIRT(DOT)
ထိုင်းနိုင်ငံမှာ ကုန်ပစ္စည်းအတော်များများရဲ့ အခွန်ကောက်ခံမှု ဖွဲ့စည်း ပုံအား ပြုပြင်ပြီး ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ဘီယာ အပါအဝင် စားသောက်ဆိုင်များအား အခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့ ပြည်တွင်းအခွန် များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နန်ဘင်ကျာလွီကျရင်း ပြောကြားတယ်လို့ သိရပါတယ်။ ယခင်က ပြည်တွင်းအခွန်ဌာနမှ လုပ်ငန်းရှင်များအား ကုန်ထုတ်လုပ်မှု အရင်းငွေ သက်သာစေဖို့ ကုန်ပစ္စည်းအတော်များများအား အခွန်ကောက်ခံမှု လျှော့ချပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အဲယားကွန်းအခွန်ကို ၁၅ ရာခိုင်နှုန်းမှ သုည ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ပြီး လုပ်ငန်းရှင်များက ဈေးသက်သာစွာနဲ့ ပြည်သူများကိုရောင်းချပေးမယ်လို့ ဌာနကမျှော်လင့်ထားသော်လည်း အဲယား ကွန်းဈေးနှုန်းအလွန်ကြီးမားလာဖြင့် ယခင်သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတာ တွေ့လာရပါတယ်။ ဒါ့အပြင် အစိုးရမှ သဘာဝဓာတ်ငွေ့ (NGV) သုံး ကားတစ်စီးအပေါ်မှာ အခွန်ကောက်ခံမှုအား ဘတ် ၅ သောင်းအထိ လျှော့ချပေးခဲ့ ပေမယ့် (NGV) တပ်ဆင်ထားသည့် ကားရောင်းဈေးနှုန်းမှာလည်း ဌာနမှ မျှော်လင့်ထားသည့်အတိုင်းမဖြစ်လာခဲ့၍ ကုန်ပစ္စည်းအခွန်ကောက်ခံမှုနှုန်းထား များအား တိုးမြှင့်ကောက်ခံသွားဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာန တို့မှ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: ထိုင်းရတ်သတင်းစာ၊ကျော်ဆန်းထွန်း
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းအဓိကစိုက်တဲ့ ကလော၊ ရပ်စောက်၊ ပင်လောင်း၊ ပင်းတယစတဲ့မြို့နယ်တွေက ချင်းတွေလည်း ဈေးကွက်ကိုဝင်လာပြီဖြစ်တာကြောင့် အဝင်က အတော်များလာပြီး၊ ဈေးကွက်ကို မဝင်သေးတာကတော့ ဟိုပုံးချင်းနဲ့ နမ့်စန်ချင်းတွေသာဖြစ်ပါတယ်။ အဲဒီချင်းတွေကတော့ ဒီဇင်ဘာလလယ် လောက်မှသာ ဈေးကွက်ကိုစပြီး ဝင်နိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ မြို့နယ်အစုံ က ချင်းသစ်တွေ ဝင်လာတာကြောင့်ဈေးနှုန်းတွေကိုလည်း အရည်အသွေးနဲ့ မြေအရောင်တွေပေါ်မူတည်ပြီး သတ်မှတ် ကြပါတယ်။ ကလောမြို့နယ်ကဝင်တဲ့ မြေနီ ချင်း(အခက်ကြီးအလှ)တစ်ပိဿာ ၄၅၀ ကျပ် ဈေးရှိပြီး၊ မြေဝါ ချင်းက ၄၂၀ ကျပ်၊ မြေဖြူချင်းက ၄၀၀ ကျပ်ဈေး ရှိပါတယ်။ ချင်းအဝင်ကလည်း ၅ ရက် တစ်ဈေးကို ပိဿာချိန် ၆ သောင်း ခန့် အဝင်ရှိနေပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေတာကြောင့် အရောင်းက လည်းတစ်ပတ်ကို ပိဿာချိန် ၅ သောင်း - ၆ သောင်းခန့် ပြန်ထွက်ပါတယ်။ ရပ်စောက်မြို့နယ် ကောင်းဘို့ရွာကဝင်တဲ့ ချင်းကိုတော့ ဓားလှီးချင်းအဖြစ်နဲ့ ဝယ်ယူနေ တာကြောင့် တစ်ပိဿာ ၃၅၀ ကျပ် - ၃၇၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၂၃၀၀ ကျပ်ဈေးရှိပြီး၊ လက်ကျန်အတော်များများရှိနေသေးတာကြောင့် အသစ်ပြုလုပ်ဖို့ မရှိသေးဘူးလို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
ပြည်ဈေးကွက်ကိုဝင်တဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများမှာ ပစ္စည်း အရည်အသွေး ကောင်းနေတဲ့ အတွက် ပွဲရုံများမှာ လက်လီ - လက်ကားရောင်း ဝယ်သူများ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါ အဝင်တစ်နေ့ကို ပျမ်းမျှပိဿာချိန် ၆၅၀ ခန့်နဲ့ အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ ဝင်ရောက်မှုအား ဖြင့်လည်း ယခုတစ်ပတ်မှာ ပိဿာချိန် ၃၀ ဝင် အိတ် ၈၀၀ခန့်နဲ့ ယခင်အပတ်ထက် အဝင်များလျက်ရှိနေပါတယ်။ ချင်းများလှိုင်လှိုင် ထွက်ပေါ်နေတဲ့အတွက် ဈေးနှုန်းအနေနဲ့လည်း ယခင်အပတ်ဈေးအတိုင်း ချင်း(ရှယ်) တစ်ပိဿာ ၈၅၀ ကျပ်၊ (ဂျွန်) ၆၅၀ ကျပ် - ၇၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် စားသုံးသူရော၊ ရောင်းဝယ်သူများပါ အဆင်ပြေ နေတဲ့ ဈေးနှုန်းဖြစ်လို့ ယခင်နှစ် ကာလတူ ချင်းဈေး တစ်ပိဿာ(ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်တို့နဲ့ နှိုင်းယှဉ်ပါက ပစ္စည်းအရည်အသွေးကောင်းပြီး ဈေးချိုလျက်ရှိကြောင်း သိရပါတယ်။ ပွဲရုံများမှ ချင်းဓါးလှီးအလုပ်သမားများခေါ်ယူ၍ ကိုယ်တိုင်ရောင်းချလျက်ရှိပြီး တစ် ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
မန်းပဲဈေးကွက်သို့ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲတိုင်ပေတို့ ပစ္စည်း အဝင်နည်းကာ လက်ကျန်လည်း နည်းလာပြီလို့သိရပါတယ်။ နိုဝင်ဘာလ ပထမ ပတ်နဲ့ ဒုတိယပတ်တို့မှာ တောင်သူတွေ မျိုးပြန်လည်ဝယ်ယူခဲ့ခြင်း၊ ခွဲစက်များနဲ့ ရန်ကုန်ဝယ်လို အားကောင်းလာခြင်းတို့ကြောင့် ဈေးကွက်အတွင်း ကုလားပဲဖြူလုံး ကြီးတစ်ပိဿာ ၁၁၅၃ ကျပ်၊ ထိုင်ဝမ် ၁၀၄၀ ကျပ်နဲ့ ဈေးမြင့်ကာ အရောင်းအဝယ် လည်း သွက်တယ်လို့ ဈေးကွက်ကသိရပါတယ်။ တတိယပတ်နဲ့ စတုတ္ထပတ်တို့မှာတော့ ဈေးကွက်အတွင်း ရန်ကုန်ဝယ်လက် အားပျော့လာကာ၊ တောင်သူတွေစိုက်ပျိုးပြီးစီးခဲ့တာကြောင့် ခွဲစက်များကလည်း အောက်ဈေးနဲ့ဝယ်ယူနေပါတယ်။ တတိယပတ်မှာ ကုလားပဲဖြူတစ်ပိဿာ ၁၀၁၃ ကျပ်၊ တိုင်ပေ ၉၄၂ ကျပ်နဲ့ အမြင့်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက်ဆုံးပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၇၈ ကျပ်နဲ့ ထိုင်ဝမ် ၈၈၉ ကျပ်ထိ ဈေးအေး လာကာ အရောင်းအဝယ်လည်း အေးလာကြောင်း ဈေးကွက်မှသိရပါတယ်။ မန်း ဈေးကွက်မှာ ကုလားပဲလက်ကျန်နည်းလာတာကြောင့် လှောင်လက်အချို့ ထုတ်ရောင်းတာနည်းပါတယ်။ ရန်ကုန်လက် အဝယ်ပြန်လိုက်လာရင်တော့ ကုလားပဲဈေး ပြန်လည်ဦးမော့လာနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ နိုင်ထွန်း
ယခုရက်ပိုင်းအတွင်း အိန္ဒိယပဲမျိုးစုံဈေးကွက်မှာ ကုလားပဲဈေးနှုန်း အားနည်း နေချိန်မှာ အိန္ဒိယရူပီးတန်ဖိုး ကျဆင်းလာခြင်းက ဈေးနှုန်းကို ပိုမိုဖိအား ဖြစ်စေတယ်။ ဒါပေမဲ့ ဒီလိုဈေးနှုန်းကျဆင်းလာခြင်းက ဝယ်လိုအားကို ပိုမိုဆွဲဆောင်နိုင်ပြီး ဈေးနှုန်းကျဆင်းမှုကို အထိန်းအကွပ်ဖြစ်စေတဲ့အပြင် မကြာမီကာလအတွင်း ဈေးနှုန်းပြန်လည် မြင့်မားလာမယ်လိ့ု ခန့်မှန်းကြတယ်။ ဒါ့အပြင် ဆောင်းသီးနှံတွေအတွက် အနိမ့်ဆုံးထောက်ပံ့ပေးတဲ့ ဈေးနှုန်း (MSP)ကို တစ်ကွမ်တယ်လ်(၁၀၀Kg)မှာ ၂၁၀၀ ရူပီးမှ ၂၈၀၀ရူပီးအထိ ၃၃ ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်ခြင်းကလည်း မကြာမီကာလ အတွင်း ကုလားပဲ ဈေးနှုန်းကို မြင့်မားစေမယ့် အထောက်အပံ့ဖြစ်တယ်လို့ ဆိုကြတယ်။ ရာဂျက်စသန်နဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွေမှာ ယခုနှစ်ကုလားပဲစိုက်ပျိုး ဧရိယာကယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင်လျော့ကျ သွားရာ ထွက်နှုန်း ကျဆင်း မယ် ခန့်မှန်းခြင်းကလည်း ဈေးနှုန်းကိုမြင့်မားစေမယ့် အလားအလာဖြစ်တယ်။ အိန္ဒိယမှာသာမက ကုလားပဲကို အဓိကထားစိုက်ပျိုးတဲ့ မြန်မာ ၊ သြစတြေးလျ နဲ့ ကနေဒါတို့မှာလည်း ရာသီဥတုဆိုးဝါးမှု ကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းဖွယ်ရှိကြောင်း၊ ၎င်းင်းနိုင်ငံတွေမှ တင်သွင်းတဲ့ပဲတွေဈေးမြင့် လာနိုင်ရာ အိန္ဒိယ ပြည်တွင်းကုလားပဲဈေးနှုန်းလည်း မြင့်လာနိုင်ကြောင်း ကုန်သည်တွေက သုံးသပ်ကြတယ်။ Source:commodityonline.com၊ ပပ
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လတ်တလော ကုလားပဲဈေးကျဆင်းနေပေမယ့် နောက်လာမယ့် ရက်များမှာတော့ ပြန်လည်ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်နဲ့ အခြားပဲထုတ်လုပ်ရာဒေသများမှာ ကုလားပဲလက်ကျန် နည်းနေပြီလို့ သိရပါတယ်။ ကုန်သည်များရဲ့ ခန့်မှန်းချက်အရ ယခင်နှစ် က ကုလားပဲတန်ချိန် ၅၈ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၄၅ သိန်းသာ ထွက်ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ယခုနှစ် ကုလားပဲစိုက်ဧရိယာ တိုးတက်တဲ့အတွက် လာမယ့်နှစ် ကုလားပဲတန်ချိန် ၆၀ သိန်းခန့် ထွက်ရှိနိုင်ပြီး အဓိကတော့ ရာသီဥတုအခြေအနေပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ ဈေးကွက် များမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃၀-၁၁-၁၁ ၂၉-၁၁-၁၁ ၂၈-၁၁-၁၁ ၂၆-၁၁-၁၁ဒေလီ ၆၁၀-၆၁၅ ၆၁၆ ၆၁၅-၆၃၄ ၆၂၄-၆၄၃ကန်ပါ ၆၂၀-၆၂၅ ၆၄၅-၆၄၇ ၆၄၄-၆၅၁ ၆၄၈-၆၅၃အာကိုလာ ၆၆၇ ၆၉၃ ၆၉၂ ၇၀၁MIRT(MAPT)
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုမှာ လျော့ကျလက်ရှိရာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၁-၂၅ ရက်) အတွင်းမှာလည်း လက်ကျန်တန်ချိန် ၂၄၄ သာ တင်ပို့မှုရှိခဲ့ပါတယ်။ FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုမှာလည်း နိုဝင်ဘာ ၃၀ ရက်မှာ ၇၂ တန်သာ စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်မှာ ဈေးလျော့ကျပြီး ဝယ်လိုအားနည်းခြင်းနဲ့အတူ ပြည်တွင်းဈေးကွက်မှာလည်း ပဲခွဲစက်များအဝယ်ရှိလို့ လက်ကျန်နည်းလာပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ပြောင်းလဲမှုမရှိဘဲ ဒီဇင်ဘာလ ၂ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၉၆၀-၉၈၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းများ နယ်စုံမှဝင်ရောက်လျက်ရှိပြီး၊ တစ်ရက်အိတ် ၃၀၀ ခန့် အဝင်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းထိပ်စ ၁၇၃၀၀ ကျပ်၊ ရိုးရိုးစတစ်တင်း ၁၅၀၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ အိတ် ၅၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း