Background
အိန္ဒိယဈေးကွက်မှာ နနွင်းဝင်ရောက်မှုများလာလို့ နနွင်းဈေးကျဆင်း အိန္ဒိယဈေးကွက်တွေအတွင်း နနွင်းအဝင်တိုးလာလို့ ကြိုပွိုင့်ဈေးကျဆင်းခဲ့ သလို လက်ငင်းဈေးလည်း အကျဘက်သွားနေတယ်လို့ သိရပါတယ်။ နေ့စဉ်ဝင်ရောက်မှုအနေနဲ့ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို ၇ဝ ကီလိုပါအိတ် ၈ဝဝဝ နဲ့ ၁၆ဝဝဝ ခန့်အသီးသီးဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ နနွင်းတောင်သူများဟာ တစ်တန် ရူပီး ၁ဝဝဝဝဝ (ကန်ဒေါ်လာ ၂၂၅၇)အထက်ဈေးနဲ့ ရောင်းချလိုတာကြောင့် ဈေးကွက်အတွင်း ရောင်းချမှုလည်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံအခြားဒေသတွေကလည်း ဝယ်လိုအားကျဆင်းတာကြောင့် ဈေးလည်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ အတွင်းနနွင်းထုတ်လုပ်မှုက အိတ် ၆၅ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နနွင်းသစ်ရာသီဝင်ရောက်မှုမြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း လက်ကျန်အလုံအလောက် ရှိနေ တဲ့အတွ့က်လည်း နနွင်းဈေးက အားပျော့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ NCDEX မှာ ဧပြီလပို့ရမယ့် နနွင်းဈေးက ၃ ဒသမ ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရူပီး ၉၅၂၂ဝ (ကန်ဒေါ်လာ ၂၁၄၉) ဖြစ်ပြီး မေလပို့ရမယ့် နနွင်းဈေးကလည်း ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၈၇၂၄ဝ (ကန်ဒေါ်လာ ၁၉၆၉) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: P T I
ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်းဈေးကွက် ဧပြီလ တတိယပတ်မှာ ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မိုးမရွာတော့ပေမဲ့ သြင်္ကန်ပွဲတော်ကြောင့် နနွင်းအဝင်က များမလာသေးပါဘူး။ ဟိုပုံးနနွင်းကတော့ ဝယ်လက်တွေ အကြိုက်တွေ့ပြီး ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ လက်ကျန်သိပ်မရှိတော့ဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မှာ နနွင်းအထွက်အများဆုံးက ပင်လောင်းမြို့နယ်က ဖြစ်ပါတယ်။ ပင်လောင်း နနွင်းက မြေကြောင့် အဖြူစတွေသာ အထွက်များပါတယ်။ အဖြူစတွေက ဈေးကွက်မှာလည်း ရောင်းပန်းသိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်းစတွေက အဝင်များပါတယ်။ ဝယ်လက်တွေကတော့ ဒီလိုအချိန်မှာ အရည် အသွေးကောင်း၊ ပစ္စည်းကောင်းတွေကို ရွေးဝယ်ပေမဲ့ လက်ကျန်နည်းလာရင်တော့ ပင်လောင်းနနွင်းကိုပါ ဝယ်ယူလေ့ရှိပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာတော့ နနွင်းခြောက်အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
မတ်လမှာ နနွင်း ၂၆၅ တန် တင်ပို့နိုင်ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်းနနွင်းတန်ချိန် ၇၂ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၅၆ဝ ဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို တန် ၃ဝ၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို ၂၆ တန်အသီးသီးတင်ပို့ ခဲ့တာတွေ့ရပါတယ်။ မတ်လမှာ နနွင်းတန်ချိန် စုစုပေါင်း ၂၆၅ ဒသမ ၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၇၆ တန်သာတင်ပို့နိုင်ခဲ့တာကြောင့် မတ်လမှာ ၁၈၉ ဒသမ ၃၈ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ အလားတူကာလဖြစ်တဲ့ ၂ဝ၁ဝ မတ်လမှာ နနွင်းတန်ချိန် ၄၅၇ ဒသမ ၈၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ တန်ချိန် ၁၉၂ ဒသမ ၄၈ တန်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
အိန္ဒိယကြက်သွန်နီတင်ပို့မှု ကျဆင်း အိန္ဒိယအစိုးရက ကုန်စည်ဈေးနှုန်းတွေကို အနိမ့်ဆုံးနှုန်း (MSP)ဈေး သတ်မှတ်ပေးပြီးနောက်ပိုင်း ကြက်သွန်နီတင်ပို့မှုကျဆင်းသွားကြောင်း သိရပါတယ်။ အဓိက ကြက်သွန်တင်ပို့တဲ့အေဂျင်စီတွေရဲ့တင်ပို့မှုက ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကြောင်းသိရပါတယ်။ အိန္ဒိယကြက်သွန်နီကုန်သည်တွေက ဖေဖော်ဝါရီလလယ်မှစပြီး တန်ချိန် ၂၇၃ဝဝ တင်ပို့ဖို့စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကကြက်သွန်နီတန်ချိန် ၂ ဒသမ ၈၁ သိန်းတင်ပို့ခဲ့ကြောင်းသိရပါတယ်။ အစိုးရက ပို့ကုန်ဈေးနှုန်းကို ဖေဖော်ဝါရီ လလယ်မှာတစ်တန် ဒေါ်လာ ၆ဝဝ ကနေ မတ်လကုန်မှာ တစ်တန် ဒေါ်လာ ၁၇ဝ အထိ လျှော့ချခဲ့ပါတယ်။ အစိုးရအနေနဲ့ ယခုနှစ်ပို့ကုန်ဈေးနှုန်းကို ဒေါ်လာ ၆ဝဝ မှ ဒေါ်လာ ၄၅ဝ၊ ထိုမှတစ်ဆင့် ဒေါ်လာ ၂၇၅ နဲ့ နောက်ဆုံးမတ်လ ၃၁ ရက်နေ့မှာ ဒေါ်လာ ၁၇ဝ ကိုရောက်အောင်လျှော့ချခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီး ကပြောကြားခဲ့ပါတယ်။ အစိုးရက လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာမှာပြည်တွင်းဈေးနှုန်း တစ်ကီလိုကို ရူပီး (၈ဝ မှ ၈၅)အထိ ရောက်ရှိချိန်မှာ မရှိမဖြစ် မီးဖိုချောင်သုံးပစ္စည်း ဖြစ်တဲ့ ကြက်သွန်နီတင်ပို့မှုကိုတားမြစ်ခဲ့ပါတယ်။ ကြက်သွန်နီ တင်ပို့မှုပိတ်ပင်ပြီး နောက်ပိုင်း ပို့ကုန်ဈေးနှုန်းအမြင့်ဆုံးရောက်တဲ့အတွက် ကမ္ဘာ့ဈေးကွက်မှာ မယှဉ်ပြိုင်နိုင်တော့ ကြောင်းသိရပါတယ်။ အိန္ဒိယရဲ့ပို့ကုန်ဈေးမြင့်တက်မှုက ပါကစ္စတန်၊ တရုတ်နဲ့အီရန်တို့ကိုကူညီရာရောက်ပြီး ၎င်းနိုင်ငံများမှာ ဖေဖော်ဝါရီလမှ မတ်လ အတွင်းကြက်သွန်နီ ပို့ကုန်ဈေးနှုန်းဒေါ်လာ (၁၇ဝ မှ ၂ဝဝ) ကြားရှိခဲ့ ပါတယ်။ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ ပို့ကုန်ဈေးနှုန်းကို တစ်တန်ဒေါ်လာ ၁၇ဝ ကို လျှော့ ပေးလိုက်တာကြောင့် လအနည်းငယ်အတွင်းမှာ အိန္ဒိယရဲ့ပို့ကုန်တန်ချိန်တွေ တက် လာခဲ့ပါတယ်။ အိန္ဒိယရဲ့ ကြက်သွန်နီအဓိက တင်ပို့ တဲ့နိုင်ငံတွေကတော့ အနောက် အာရှ၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်တယ်လို့သိရပါတယ်။ Sorces: Commodity Online, KZW
သြင်္ကန်အခါကျော်လို့ အရောင်းအဝယ်အေးသွားတဲ့ ပြည်ချင်းဈေးကွက် ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးအတိုင်း ပုံမှန်ရှိနေပါတယ်။ အဝင်အားဖြင့် အောင်ပန်းဘက်မှချင်းများ အခါမတိုင်မီ တစ်ပတ်လျှင် ပိဿာ ၃ဝ ဝင် အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာတော့ အဝင်မရှိဘဲ လက်ကျန်ချင်းများနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြည်ဈေးကွက် ရှိ ပွဲရုံများ၌ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅ဝဝ ခန့်ထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နဲ့ အရောင်း အဝယ်အေးသွားပါတယ်။ ဧရာဝတီနဲ့ရခိုင်ဘက်သို့ ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းလဲ့ဝါ
သြင်္ကန်ပြီးကာစ ရှမ်းချင်းဈေးကွက်ငြိမ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်သီးနံှဈေးတွေ ဈေးငြိမ်နေတယ်လို့ ဆိုရပါမယ်။ သြင်္ကန်ပြီးစကာလ ဖြစ်တာကြောင့် ဈေးကွက်မှာ ရောင်းသူဝယ်သူ ဈေးငြိမ်နေတဲ့ကာလလည်းဖြစ်ပါတယ်။ ဈေးကွက်မှာ ချင်းစို က လက်ကျန်နည်း နေပြီး ချင်းခြောက်ကလည်း အဝင်နည်းနေပါတယ်။ သြင်္ကန်ပွဲတော်ပိတ်ရက် တွေကြောင့် တောင်သူတွေကလည်း ချင်းတွေကို ထပ်မဖော်ကြသေးပါဘူး။ နမ့်စန် ဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၄၅ဝ ကျပ်- ၅ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း ချင်းအဝင်က ပုံမှန်သာရှိနေပါတယ်။ ပြည်တွင်း သုံးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေက ဝယ်ယူနေကြ တယ်လို့ လည်း သိရပါတယ်။ အောင်ပန်းချင်းဈေးကတော့ ချင်းစို တစ်ပိဿာ ၅ဝဝ ကျပ်မှ ၈ဝဝ ကျပ်ဈေးရှိပြီး ပစ္စည်းကောင်းရင်တော့ ၁ဝဝဝ ကျပ် ဈေးအထိရှိပါတယ်။ ချင်းခြောက်ကတော့ ဝယ်လက်အေးနေတာကြောင့် တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပေမဲ့ တစ်ပတ်အတွင်း ချင်းပိဿာချိန် တစ်သိန်းနှစ်သောင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
ယခုနှစ် မတ်လ တင်ပို့မှုကျ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ချင်း ၈ တန်ကို စင်ကာပူနိုင်ငံကိုတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၆၂ဝ ခန့်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၂၉၆ဝ ရရှိခဲ့ပါတယ်။ မတ်လမှာ ချင်း စုစုပေါင်း ၇၁ ဒသမ ၉၉၄ တန်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ ၆ဝ ဒသမ ၄ တန်သာတင်ပို့နိုင်ခဲ့တာကြောင့်မတ်လမှာ ၁၁ ဒသမ ၅၉၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ် ၂ဝ၁ဝ မတ်လမှာ ချင်း စုစုပေါင်း ၂ဝ၈၈ ဒသမ ၂၁၈ တန်တင်ပို့နိုင်ခဲ့တာကြောင့် ယခုနှစ်မတ်လမှာ ချင်းတင်ပို့မှုအား တော်တော်လေးလျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
မြောင်းမြမှာ သီဟိုဠ် လှိုင်လှိုင်ပေါ် မြောင်းမြမြို့နယ်တွင် သီဟိုဠ်စိုက်ပျိုးဧက ၇၈၈၄ ဧကရှိတဲ့အနက် ၄၇၃၄ ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကကို ၁ဝ၂ ပိဿာနှုန်းဖြင့် ၈၆၁၅၈၈ ပိဿာထွက်ရှိကြောင်းသိရပါတယ်။ ယခုအချိန်တွင် သီဟိုဠ်လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ အဝယ်ဒိုင် များမှာ လာရောက်ရောင်းချကြောင်းတွေ့ရပါတယ်။ အဝယ်ဒိုင်ပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခင်က သီဟိုဠ်အဖွင့်ဈေးဟာ ၁၄၅ဝ ရှိပြီး၊ ယခုနှစ်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ်ထိရှိလာပြီး အရောင်းအဝယ်သွက်ကြောင်းနဲ့ ရရှိသော သီဟိုဠ်များကို ရန်ကုန်-ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ကြောင်းပြောပါတယ်။ ဆက်လက် ၍ ခြံပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခုနှစ်သီဟိုဠ်ပွင့်ချိန်တွင် အချိန်အခါ မဟုတ် မိုးရွာသောကြောင့် အပွင့်ေြွက၍ အသီးအထွက်ဆုတ်ကြောင်းပြောပါတယ်။ သီဟိုဠ်အဆံမှာ သိပ်ပြီးထူးကဲသောအရသာရှိသဖြင့် တန်ဖိုးကြီးသော သရေစာ များ၊ အစားအသောက်များမှာ ထည့်သွင်းအသုံးပြုသဖြင့် ဈေးကောင်းပြီး၊ ပြည်ပ သို့တင်ပို့ရောင်းချနိုင်သော သီးနံှဖြစ်ပါတယ်။ ကျော်လင်း
ထုတ်လုပ်မှုကျဆင်း၍ အာဖရိကပြောင်းဈေးနှုန်းတက် မိုးခေါင်မှုကြောင့်ပြောင်းအထွက်နှုန်းထိခိုက်စေပြီး အာဖရိကနိုင်ငံတွေမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနိုင်ငံတွေ ကတော့ ကင်ညာ၊ ဆိုမားလီယား၊ ယူဂန်ဒါ၊ ကွန်ဂိုသမ္မတနိုင်ငံ(DRC) နဲ့ဘီနင်တို့ ဖြစ်ကြောင်းသိရပါတယ်။ ဆိုမားလီယားမှာ ၂ဝ၁၁ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကြားမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်ဈေးတက်လာကာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၃၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါတယ်။ ဈေးနှုန်း တက်တာရဲ့အကျိုးဆက်က ကင်ညာရဲ့ငွေကြေးဖေါင်းပွမှုကို ပိုမိုဆိုးရွားစေပြီး ဇွန်လ မတိုင်ခင် ၂ ဆ ပိုမိုဆိုးရွားမယ်လို့ခန့်မှန်းကြပါတယ်။ ကင်ညာရဲ့အမျိုးသား စာရင်း ဗျူရိုရဲ့ကိန်းကဏန်းများအရ ကုန်ဈေးနှုန်းတက်မှုကမတ်လမှာ ၉ ဒဿမ ၁၉ ရာခိုင်နှုန်းရှိပြီး ဖေဖော်ဝါရီမှာ ၆ ဒဿမ ၆၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။ ကင်ညာရဲ့မျိုးစေ့ ကုမ္ပဏီကတော့ ရေသွင်းစိုက်ပျိုးနည်းကိုသုံးပြီး လာမယ့်ကာလမှာ ပြောင်းမျိုးစေ့ထုတ်လုပ်ဖို့အတွက် တွန်းအား ပေးနေကြောင်းသိရပါတယ်။ မိုးခေါင်မှုကြောင့်ပြည်တွင်းရောင်းလိုအားရဲ့ ၈ဝ ရာခိုင်နှုန်းထုတ်လုပ်ပေးတဲ့ ၎င်းကုမ္ပဏီက ၂ဝဝ၉ မှာ ပြောင်းဖူးမျိုးစေ့ ကီလို ၂၅ သန်းထုတ်လုပ်ရာကနေ ကီလို ၁၈ သန်း အထိ ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: commodity online,KZW
ပြောင်းဖူးစေ့ တင်ပို့မှု လျော့ကျ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒဿမ ၃၂၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလမတ်လ ၆ ရက်မှ ၁၉ ရက်နေ့အထိ ကာလအတွင်းမှာတော့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ပြောင်းဖူးစေ့ ၈၃ဝ၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒဿမ ၁၅ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တရုတ်ဈေးကွက်မှာ ဈေးကောင်းရရှိရေး ဈေးကွက်အခြေအနေစောင့် ကြည့်နေတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နံှစားပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို ယှဉ်ကြည့်ရင် မသိမသာလေးသာကွာဟမှုရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၃ဝ၉ဝ ၂၅၃ဝ၉၃ ၃ ဝ .ဝ၁ ၂၈၂ ၂၈ဝ ၂ ဝ .၇MIRT (DOBT)
