Main menu

Background

Tuesday, 30 Nov 2010

လက်ကျန်နည်းလာပြီဖြစ်လို့ တစ်ရက်အတွင်း အိန္ဒိယနနွင်းဈေး ကန်ဒေါ်လာ ၈၈ မြင့်တက်            အိန္ဒိယရဲ့ အဓိကနနွင်းဈေးကွက်ဖြစ်တဲ့ အီရော့ကလွဲပြီး ကျန်ဈေးကွက်တွေမှာ လက်ကျန်မရှိသလောက် နည်းသွားပြီ ဖြစ်လို့ ကုန်သည်များ အီရော့ဈေး ကွက်ကို စုပြုံဆင်းဝယ်လာကြတာကြောင့် တစ်ရက်အတွင်း နနွင်းတစ်တန်ကို ရူပီး ၄ဝဝဝ(ကန်ဒေါ်လာ ၈၈) မြင့်တက်ခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာက နိုဝင်ဘာ လ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဈေးကွက်များမှာရော အင်ဒရာပရာဒေ့ရှ် ဈေးကွက်တွေမှာ ပါ နနွင်းလက်ကျန် ပြတ်သလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။ နနွင်းတောင်သူများအနေနဲ့ လက်ရှိရောင်းရတဲ့ဈေးကို အလွန်အမင်း ကျေနပ်နေကြတယ်လို့လည်း ၎င်းကဆိုပါတယ်။             အီရော့နနွင်းကုန်သည်များအသင်းရောင်းချတဲ့ ဈေးကွက်မှာနနွင်းအခက် (လက်ချောင်း)ဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ-၁၅၃၈၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၃၉ဝ) ရှိပြီး နနွင်းဥဈေးက ရူပီး ၉ဝဝဝဝ-၁၅၂၈၉ဝ (ကန်ဒေါ်လာ ၁၉၈၂- ၃၃၆၈) ရှိခဲ့လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ထက် တစ်တန်ကို ရူပီး ၄၃ဝဝ (ကန်ဒေါ်လာ ၉၅) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အီရော့သမဝါယမဈေးကွက်အတွင်းမှာတော့ နနွင်းအခက်(လက်ချောင်း)တစ်တန်ကို ရူပီး ၁၄၉၂၉ဝ-၁၅၅၂၉ဝ (ကန် ဒေါ်လာ ၃၂၈၈-၃၄၂ဝ) ဈေးရှိပြီး နနွင်းဥဈေးကရူပီး ၁၅ဝ၆၁ဝ-၁၅၄၄၉ဝ (ကန် ဒေါ်လာ ၃၃၁၇-၃၄ဝ၃) ဖြစ်ခဲ့လို့ယခင်ရက်ထက် ရူပီး၄၁ဝဝ (ကန်ဒေါ်လာ ၉ဝ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။         နနွင်းသစ်များဈေးကွက်ကို ဇန်နဝါရီလမှာ ဝင်ရောက်မှာဖြစ်ပေမဲ့ နနွင်းစိုက်တဲ့ဒေသအချို့မှာ မိုးရက်ရှည် ရွာသွန်းနေ တာကြောင့် နနွင်းဝင်ရောက်မှု နှောင့်နှေးနိုင်တယ်လို့ ဆိုပါတယ်။ ယခင်နှစ်က နနွင်းအိတ်ပေါင်း ၄၅ သိန်းထွက် ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅ သိန်းခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်ထိ နနွင်းစိုက်ပျိုးပြီး ဟက်တာ ၂ ဒသမ ဝ၆ သိန်း ရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၁ ဒသမ ၈ဝ သိန်းထက် ပိုမိုနေပါတယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းနေတာကြောင့် ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဦးမယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။                                                                        ယမင်းခင်၊ှSources: businessline 

Tuesday, 30 Nov 2010

လက်ကျန်နည်းလို့ ရှမ်းနနွင်း ဈေးကောင်းရ           နနွင်းလက်ကျန်နည်းနေတာကြောင့် နနွင်းဈေးကကောင်းနေပါတယ်။ ဝယ်လက်တွေကလည်း နနွင်းသန့်တွေရွေးပြီး ဝယ်နေပေမဲ့ ပစ္စည်းလက်ကျန် ပြတ်သလောက်ဖြစ်နေတာကြောင့် လိုသလောက်မရဘူးလို့ သိရပါတယ်။ နနွင်း ခေါင်းမပါရင် အရောင်းအဝယ်ဖြစ်ပေမဲ့ နနွင်းခေါင်းရော နနွင်းအဖြူတွေ ရောပါ နေရင်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။      ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းကလည်း နနွင်းအထွက်များတဲ့ ဒေသဖြစ်ပြီး၊ နနွင်းဖြူတွေသာ လက်ကျန်များတာကြောင့် ဈေးကွက်မှာ ရောင်းပန်းမလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းသန့် တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ၃၂ဝဝ ကျပ် ဈေးရှိပြီး၊ နနွင်းခေါင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်၊ နနွင်းခါးက တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၅ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ ကုန်စည်ဒိုင်က သိရပါတယ်။                                                                                                            ဧဧခိုင် 

Tuesday, 30 Nov 2010

နယ်စပ်က နည်းနည်းနဲ့ ပုံမှန်ပို့နေ             ယခုအပတ်မှာ စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်ကို နနွင်းတက် ၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၁ တန်သာ တင်ပို့တဲ့အတွက် နနွင်းတက်တင်ပို့မှုပုံမှန်လေးဖြစ် နေပါတယ်။ နနွင်းသစ်ပေါ်ချိန် ဖြစ်တဲ့အတွက် တစ်ဘက်နိုင်ငံမှ မှာယူမှုနည်းနေခြင်းဖြစ်ပါတယ်။ ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော် ဒေသထွက် နနွင်းများကို စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ တင်ပို့နေ တာဖြစ်ပါတယ်။ နနွင်းတက်တစ်တန်ကို မိမိဘက် မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက် နိုင်ငံပေါက်ဈေးကတော့ ၁၄ဝဝဝဝ တာကာဖြစ်ပြီး ဈေးတည်ငြိမ်လျက်ရှိနေပါတယ်။                                                                                      တင်တင်ထွန်း(MIRT) 

Tuesday, 30 Nov 2010

ပင်လယ်ရေကြောင်းက မလေးရှားကို ၁ဝ တန်ပို့            ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၁ဝ တန်ကို တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၆၄၅ ဒေါ်လာနဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တင်ပို့မှုက စုစုပေါင်းပို့ကုန်ငွေ ကန်ဒေါ်လာ ၁၆၄၅ဝ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်ကတော့ နနွင်းတန်ချိန် ၅ဝ ဒသမ ၇၃ တန်တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်တင်ပို့မှုနဲ့ယှဉ်ရင် အားလျော့သွားတာတွေ့ရတဲ့အပြင် ဖောက် သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံများဘက်ကလည်း အဝယ်ပါးသွားခဲ့ပါတယ်။        MIRT (DOT)  

Tuesday, 30 Nov 2010

မန်ကျည်းသီးမှည့် အနည်းငယ်သာ နယ်စပ်ကပို့             စစ်တွေနယ်စပ်ကနေ အစေ့ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှု မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန်၊ ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှအောက်တိုဘာလအထိ နယ်စပ်မှ မန်ကျည်းမှည့် တင်ပို့တဲ့ ပမာဏတန်ချိန် ၃၁ဝ ခန့်သာရှိပါတယ်။ စစ်တွေနယ်စပ်မှမန်ကျည်းမှည့် တစ်တန် ကို ၃၇၉၄၄ဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေးကတော့ ၃၅ဝဝဝ တာကာ (ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့် ဈေးပေါက်လျက်ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည် ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေနယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံးတင်ပို့ကြောင်း သိရပါတယ်။ တင်တင်ထွန်း(MIRT)

Tuesday, 30 Nov 2010

အောင်ပန်းချင်း ဈေးကွက်ထဲ ပုံမှန်အဝယ်ရှိလို့ ဈေးလျော့လာ                  မြန်မာနိုင်ငံမှာ ချင်းကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အများဆုံး စိုက်ပါတယ်။ အရင်ကတော့ ပြည်တွင်း ဈေးကွက်သာရှိပေမဲ့ အခုနောက်ပိုင်း နှစ်တွေမှာ ပြည်ပဈေးကွက်ထိ ကျယ်ပြန့်လာပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ချင်းကို နှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပိုျးပါတယ်။ ကလောမြို့နယ်မှာ အများဆုံးစိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်တာကပင်လောင်းမြို့နယ်၊ တတိယအများဆုံးက နမ့်စန်မြို့နယ် ဖြစ်ပါတယ်။ ချင်းကို ဧပြီ၊ မေလတွေမှာ စိုက်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ပြန်ပြီးတူး ဖော်ကြပါတယ်။ ဒီနှစ်က ချင်းဈေးကောင်းတာကြောင့် ချင်းစိုက်တောင်သူ တွေ လည်းမိုးတစ်ပြိုက်နှစ်ပြိုက်ကျတာနဲ့အမြန်ပြန်စိုက်ကြတာကြောင့် အောက်တိုဘာလ လယ်လောက်မှစပြီး ဈေးကွက်ကိုဝင်လာပါတယ်။ ကလောမြို့နယ်က ချင်းတွေကိုတော့ ဥမအဖြစ်ပြန်ဖော်ပြီး ရောင်းပေမဲ့ နမ့်စန်မြို့နယ်၊ ဟိုပုံးမြို့နယ်တွေကတော့ ဥမကို မဖော်ဘဲ ချင်းတက်ကိုသာ ရောင်းတာကြောင့် ဟိုပုံး၊ နမ့်စန်ချင်းက ပိုပြီး အခက်လှလို့ ဈေးကွက်ပိုဝင်တယ်လို့ သိရပါတယ်။ ဟိုပုံး၊ နမ့်စန်ကချင်းတွေကတော့ ဒီဇင်ဘာလလယ်လောက်မှဈေးကွက်ကိုစပြီးဝင်မှာဖြစ်ပါတယ်။အောင်ပန်း ဈေးကွက်မှာ ချင်း (စို)တွေ ပုံမှန်ဝင်နေတာကြောင့် ဈေးကတော့ အနည်းငယ် ကျလာပါတယ်။ အကြီးအခက်လှတွေက တစ်ပိဿာ ၈ဝဝ ကျပ်၊ အလတ်စတွေက တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီနှစ်ကချင်းစိုဈေးကောင်းနေတာကြောင့် ချင်းခြောက်အဖြစ်ပြုလုပ်တာနည်းပြီး ချင်းစိုအတိုင်းသာ ရောင်းနေတယ်လို့ သိရပါတယ်။ လက်ကျန်ချင်းခြောက်ကတွေကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။           ဧဧခိုင် 

Monday, 29 Nov 2010

လက်ကျန်နည်းလို့ ဈေးကောင်းရတဲ့ ပြည်ပဲနီပြား      ပြည်ဈေးကွက်အတွင်း ဈေးကောင်းရနေတဲ့ ပဲအမျိုးအစားထဲမှာ ပဲနီပြား လည်းပါဝင်နေတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ဒုတိယပတ်မှစပြီး တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အထိ ၎င်းဈေးအတိုင်း ဈေးငြိမ်အရောင်း အဝယ် ဖြစ်နေခဲ့ပြီး ယခုနိုဝင်ဘာနောက်ဆုံးပတ်မှာတော့ တစ်တင်း ကို ၃ဝဝဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဈေးကွက်မှာ ပဲနီပြားကလက်ကျန်နည်းလာခဲ့ပြီဖြစ်တဲ့ အတွက် တစ်ရက်ကို အိတ် ၁၅ အိတ်ခန့် လက်လီသမားများဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်နဲ့ ယှဉ်ရင် တစ်တင်းကို ၂ဝဝဝ ကျပ်ခန့်မြင့်တက်ခဲ့ပါတယ်။ ခင်ဆွေဝင်း 

Monday, 29 Nov 2010

ပဲသစ်ဝင်လာတာကြောင့် ပြည်ဘိုကိတ်ဈေးကျ         ပြည်ဈေးကွက်တွင် ဘိုကိတ်အဟောင်း ပိဿာ ၂ဝတစ်တင်းကို ၃၁ဝဝဝ ကျပ်ထိဈေးကောင်းရခဲ့ပြီး ယခုတစ်ပတ်အတွင်း ကံမမှ ပဲသစ်များ ဈေးကွက်တွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း သိရပါတယ်။ ပဲသစ်များ စတင် ဝင်ရောက် လာတဲ့အတွက် ဘိုကိတ်ဈေးနှုန်းမှာ ပိဿာ ၂ဝ တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲသစ်များ ဝင်လာတာကြောင့် ဈေးအေးသွားပေမဲ့ လက်လီသမားများဖြင့် နေ့စဉ် ၁၄-၁၅ အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                                                                                                                               ဆုမွန်ဆွေ 

Monday, 29 Nov 2010

ပဲကြီး၊ ဘိုကိတ်ပဲ၊ ပဲနီပြား အမြင့်ဘက်သို့ ဦးတည်နေတဲ့ ပြည်ပဲကြီးဈေးကွက်           ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာနေတာကို တွေ့ရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းက ပဲကြီး(ကမ်းနား) တစ်တင်းကို ၃ဝဝဝဝ ကျပ်သာရှိခဲ့သော်လည်း ယခုနိုဝင်ဘာလကုန်ပိုင်းတွင် တစ်တင်းကို ၃၅ဝဝဝ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း)ကတော့ တစ်တင်းကို ၃၆၅ဝဝ ကျပ်မှ ၃၇ဝဝဝ ကျပ်ထိ ဈေးကောင်းရရှိနေပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာနေ့တိုင်းအရောင်းအဝယ်မဖြစ်ပေမဲ့ ပဲကြီး (ကမ်းနား) ကတော့ ပဲကြော် လုပ်ငန်းများကြောင့် နေ့တိုင်းအဝယ်ရှိကာ တစ်ရက်ကို အိတ် ၂ဝဝ ပုံမှန် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း  

Monday, 29 Nov 2010

 ရောင်းလက်ဝယ်လက်စုံတဲ့ မုံရွာကုလားပဲဈေးကွက်       မုံရွာကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာ တတိယပတ် ကုလားပဲဈေးကွက်မှာ ယခင်အပတ်ကထက် တစ်တင်း ၅ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်ထိ ဈေးကျဆင်းသွားခဲ့ ပေမဲ့ အရောင်းအဝယ်ကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပတ် အတွင်းမှာ ကုလားပဲရိုးရိုးတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေတစ်တင်း ၂၃ဝဝဝ ကျပ်မှ ၂၂၅ဝဝ ကျပ်၊ ကုလားပဲဗွီတူး ၂၄၅ဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်၊ ကုလားပဲ ၉၂၉ ၂၄၅ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်အသီးသီး ကျဈေးဖြစ်ပေါ်ခဲ့ပြီး ဝယ်လက်အနေနဲ့ ခွဲခြမ်းလိုင်း၊ အမှုန့်လိုင်းနဲ့ မန္တလေး၊ ရန်ကုန်နယ်တင်ပို့လိုင်းသမား တွေ ပုံမှန်ရှိခဲ့လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၅ဝဝ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ ကုလားပဲ စီးဆင်းမှုအနေနဲ့ မန္တလေးကို တင်း ၂ဝဝဝခန့်နဲ့ ရန်ကုန်ကို တင်း ၁ဝဝဝ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။                                                                                                                    ထွန်းလှိုင်

Pages