Background
အိန္ဒိယ ပဲစင်းငုံဈေးနှုန်း တည်ငြိမ်လာ ယခင်သီတင်းပတ်က ဈေးလျော့ကျနေတဲ့ အိန္ဒိယပြည်တွင်းဈေးကွက် ပဲစင်းငုံ ဈေးနှုန်းဟာ ယခုသီတင်းပတ်မှာတော့ တည်ငြိမ်လာတာတွေ့ရပါတယ်။ ဈေးကွက်များအတွင်း လက်ကြီးလှောင်လက်သမားများက ရောင်းချမှုနည်းပြီး ဝယ်လိုအားပြန် တက်လာတာကြောင့် လက်ရှိဈေးနှုန်းမှာ ခိုင်မာနေတဲ့ အခြေအနေဖြစ်နေပါတယ်။ ပဲစင်းငုံစိုက်ပျိုးတဲ့ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးဆက်လက်ရွာသွန်းနေခြင်းက စိုက်ပျိုးထားတဲ့ ပဲနဲ့ စိုက်ပျိုးဖို့ပြင်ဆင် နေတဲ့ မြေများအတွက် အခြေအနေ ကောင်းနေပါတယ်။ ဒါပေမဲ့ ပဲအသစ်များ ဈေးကွက်အတွင်းကို နောက် ၆ လခန့်မှ ဝင် ရောက်မှာ ဖြစ်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၆-၆-၁၁ ၁၅-၆-၁၁ ၁၄-၆-၁၁ ၁၃-၆-၁၁မွန်ဘိုင်း ၆၆၈-၆၇၄ ၆၇၁-၆၈၃ ၆၆၅-၆၇ဝ ၆၅၇-၆၆၉ဒေလီ ၇၄၄-၇၄၆ ၇၄၈-၇၅ဝ ၇၂၄-၇၂၆ ၇၂၂-၇၂၄ချန်နိုင်း ၆၆၂ ၆၆၆ ၆၆၅ ၆၅၇-၆၆၃MIRT(MAPT)
အိန္ဒိယမတ်ပဲဈေး အကျတန့်လာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခင်သီတင်းပတ်များက ဆက်တိုက် ကျဆင်းခဲ့တဲ့ မတ်ပဲဈေးဟာ ယခုတစ်ပတ်မှာတော့ အနည်းငယ်တန့်လာပါတယ်။ အချို့ ဈေးကွက်တွေမှာ မိုးရွာသွန်းခြင်းကြောင့် ပဲဝင်ရောက်မှု အနည်းငယ်လျော့ကျလာပြီး ရောင်းလိုအားအကန့်အသတ်သာရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ နိုင်ငံအရှေ့ပိုင်းနဲ့ ပင်နီဆူလာမှာ မတ်ပဲ စိုက်ပျိုးနေပြီး အပင်ကြီးထွားမှု အားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲအသစ်ဝင်ရောက်လာဖို့ အချိန်ကာလလိုအပ်နေဆဲဖြစ်လို့ ပြန်လည်ရောင်းချသူများ ရဲ့ ဝယ်လိုအားက ဈေးနှုန်းကို ဆက်လက်အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၆-၆-၁၁ ၁၅-၆-၁၁ ၁၄-၆-၁၁ ၁၃-၆-၁၁မွန်ဘိုင်း ၈၅၂-၈၅၇ ၈၅၆-၈၆၇ ၈၄၉-၈၅၄ ၈၅၂-၈၆၉ဒေလီ ၈၂၄-၈၉၁ ၈၂၈-၈၉၅ ၈၃၈-၉ဝ၅ ၈၃၆-၉ဝ၃ချန်နိုင်း ၈၄၆-၉၅၈ ၈၅ဝ-၉၆၂ ၈၄၉-၉၆ဝ ၈၄၇-၉၅၈MIRT(MAPT)
FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက် မတ်ပဲအဝယ်ပုံမှန်ရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ အိန္ဒိယ ဝယ်လက်တွေ မတ်ပဲကို ပုံမှန်အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ် အပြောင်းအလဲရှိလာလို့ ပြည်တွင်းပဲဈေးကွက်မှာ လည်း ဈေးအတက်အကျတွေရှိခဲ့တယ်လို့ ကုန်သည်ကြီး တစ်ဦးကဆိုပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ SQ တန်ချိန် ၇၂ဝဝ ကျော်၊ FAQ တန်ချိန် ၁ဝဝဝဝ ကျော်နဲ့ အခွံချွတ် တန် ၇ဝဝ ခန့် စုစုပေါင်း တန် ၁၈ဝဝဝ ကျော် အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ပဝယ်လက်တွေ ပုံမှန်ဝယ်ယူနေလို့ စာချုပ်ချုပ်ဆိုနိုင်မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၁၅ဝဝဝ ထက်ပိုမိုချုပ်ဆိုရောင်းဝယ်နိုင်ခဲ့တာတွေ့ရပါတယ်။ FOB အရောင်းအဝယ်ပမာဏများပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး ဈေးနှုန်းအပြောင်းအလဲကြောင့် မတ်ပဲ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်း ပတ်ထက် အနည်းငယ်လျော့ ကျတာတွေ့ရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၇-၆-၁၁ ၇၅ဝ-၇၇ဝ ၉ဝဝ-၉၂ဝ၁၃-၆-၁၁ ၇၈ဝ-၈ဝဝ ၉၃ဝ-၉၅ဝMIRT(MAPT)
အိန္ဒိယနနွင်းကြိုပွိုင့်ဈေး အနည်းငယ်မြင့်လာ အိန္ဒိယနိုင်ငံ နနွင်းအဓိကဈေးကွက်များဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့ဈေးကွက်တွေမှာ ပြည်တွင်း လှောင်လက်တွေ အဝယ်ထိုင်းလို့ လက်ငင်းဈေးအနည်းငယ် လျော့ကျခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကတော့ ဇွန်လ ၈ ရက်နေ့မှာ ၂ ဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအဓိကစိုက်ပျိုးတဲ့ နီဇမ်မာဘတ်နဲ့ အီရော့မှာ ယခုနှစ်နနွင်းဈေးကျဆင်းမှုကြောင့် ဈေးပိုရတဲ့ ဝါတို့လို အခြားသီးနံှတွေကို ပြောင်းလဲစိုက်ပျိုးလာဖွယ်ရှိလို့ နနွင်းစိုက်ဧရိယာကျဆင်းမယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်လို့ သိရပါတယ်။ လတ်တလောမှာ အီရော့ဈေးကွက်ကို နေ့စဉ်ပျမ်းမျှနနွင်းအိတ် ၁၂ဝဝဝ-၁၄ဝဝဝ ဝင်ရောက်မှုရှိပြီး ဧပြီလလယ်က အိတ် ၁၅ဝဝဝ-၁၇ဝဝဝ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နီဇမ်မာဘတ်ဈေးကွက်ကိုတော့ အိတ် ၅ဝဝဝ ဝန်းကျင်သာ ဝင်ရောက်တယ်လို့ သိရပါတယ်။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အဖွဲ့ရဲ့စာရင်းအရ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ မတ်လအတွင်း နနွင်းတန်ချိန် ၄၉၂၅ဝ တင်ပို့ပြီဖြစ်လို့ ၂ဝဝ၉-၂ဝ၁ဝ အတွင်း ကာလတူတင်ပို့မှု တန်ချိန် ၅ဝ၇၅ဝ ထက် ၃ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလှောင်လက်များရဲ့ ဝယ်ယူမှုအားနည်းလို့ ကာလတိုအတွင်း နနွင်းအရောင်းအဝယ်အေး ဈေးလျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ယမင်းခင် Source: commodityonline
မလေးရှားကို အများဆုံးတင်ပို့ မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း နနွင်းတန်ချိန် ၇ဝ ကို တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများမှာ စင်ကာပူကို ၁၂ တန်နဲ့ မလေးရှားကို ၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့မှုက ၉၇ တန်နီးပါးရှိခဲ့ပြီး ယခု သီတင်းပတ်တန် ၇ဝ သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်တန် ၂ဝ လောက်တင်ပို့ မှုလျော့နည်းခဲ့ပါတယ်။ လခုျပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလ နနွင်းတင်ပို့မှုက ၁၆၆ တန်ရှိခဲ့ပြီး မေလမှာ ၂၂၇ တန်နီးပါးရှိခဲ့လို့ မေလမှာ နနွင်းတန် ၆ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ကျော်ရရှိခဲ့လို့ ဒီတစ်ပတ်ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
စင်ကာပူနဲ့ ဗီယက်နမ်အပြင် အင်ဒိုကိုပါတင်ပို့ မေလ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း မန်ကျည်းတန်ချိန် ၁၁၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူ ကို ၆၆ တန်၊ အင်ဒိုနီးရှားကို ၂၄ တန်နဲ့ ဗီယက်နမ်ကို ၂၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်း တင်ပို့မှုမှာ တန်ချိန် ၁၂၄ တန်ရှိခဲ့ပြီး ယခုသီတင်းပတ် ၁၁၅ တန်ရှိခဲ့တာကြောင့် ၉ တန်လောက် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မေလအတွင်း မန်ကျည်းတင်ပို့မှုမှာ တစ်ပတ်လျှင် ပျမ်းမျှ တန်ချိန် ၁၂ဝ ကျော်ရှိခဲ့ပါတယ်။ မေလအတွင်း တင်ပို့ခဲ့တဲ့နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပဲဖြစ်ပါတယ်။ လချုပ်အနေနဲ့ မေလ အတွင်းတင်ပို့မှုမှာ တန်ချိန် ၅၁၃ တန်ရှိခဲ့ပြီး ဧပြီလတင်ပို့မှုက တန်ချိန် ၈၉၂ တန်ရှိခဲ့တာကြောင့် မေလတင်ပို့မှုမှာ ဧပြီလတင်ပို့မှုထက် လျော့နည်းခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၄၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းငါးထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
ယခုလတွင် အိန္ဒိယရော်ဘာဈေးနှုန်းအနည်းငယ်တက်နိုင် အိန္ဒိယနိုင်ငံရဲ့ အဓိကရော်ဘာစိုက်ပျိုးတဲ့ဒေသဖြစ်တဲ့ ကာရာလာမှာ မုတ်သုံဝင်စဖြစ်တာမို့ ထုတ်လုပ်မှုကျဆင်းနိုင်တာကြောင့် ပြည်တွင်းဈေးကွက်မှာ ယခုလအတွင်း တစ်ကီလိုကို ၁ဝ ရူပီး လောက်ဈေးတက်ဖွယ်ရှိကြောင်း သိရပါတယ်။ ယခု လက်ရှိမှာ တစ်ကီလိုကို ၂၂၆ ရူပီးရှိတာကြောင့် ဈေးတက်ရင် ၂၃၅ ရူပီးလောက်ရှိနိုင်တယ်လိုက ကုန်သည်များကပြောပါတယ်။ မုတ်သုံဝင်ရင် ရော်ဘာအစေးထုတ်တာကို ရပ်လိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လမှာ တစ်ကီလိုကို ရူပီး ၂၃၅ လောက်ရှိနိုင်ကြောင်း အိန္ဒိယရော်ဘာ ကုန်သည်အသင်း(IRDF) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ မုတ်သုံရာသီအတွင်းမှာ လည်း ရော်ဘာအစေး ထုတ်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး တောင်သူများကလည်း ရောင်းချမှုကို ဆိုင်းထားပြီး တက်ဈေးကိုစောင့်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးနှုန်းနိမ့်နေပြီး သွင်းကုန်တိုးတက်တင်သွင်းကာ သွင်းကုန် ခွန်ကလည်း ၂ဝ ရာခိုင်နှုန်း ကောက်ခံရာကနေ လျော့ချကောက်ခံမယ်ဆိုရင် ဝယ်လိုအားတက်ပေမယ့်လည်း ဈေးနှုန်းတက်ဖို့ မဖြစ်ကြောင်း(IRDF) ရဲ့ ဥက္ကဌကပြောကြားပါတယ်။ ဘန်ကောက်ရဲ့ ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာဈေးနှုန်း တစ်ကီလိုကို ၂၃၅ ရူပီးရှိနေပြီး ကမ္ဘာ့ရော်ဘာဈေးကွက်ကလဲ မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရဲ့ ရောင်းလိုအား အကန့်အသတ် ရှိနေတာ ကြောင့် ခိုင်မာနေသေးကြောင်း သိရပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ဝယ်လိုအားကျဆင်းသွားတာကြောင့် ဈေးဆက် တက်မှာ တော့ မဖြစ်နိုင်သေးကြောင်းနဲ့ အမေရိကန်ရဲ့ ထုတ်လုပ်မှုကဏ္ဍလည်း ကျဆင်းနေကြောင်း သုတေသီများက ပြောကြား လျက် ရှိပါတယ်။ ှSource: PTI, KZW
မလေးရှား BP ကုမ္ပဏီမှ ကမ္ဘောဒီးယားတွင်ရော်ဘာစိုက်မည် မလေးရှားနိုင်ငံမှ BP ပလပ်စတစ် လုပ်ငန်းကုမ္ပဏီက ကမ္ဘောဒီးယားနိုင်ငံမှာ မကြာမှီရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းစတင်ဖို့ အတွက် ကမ္ဘောဒီးယားအစိုးရရဲ့ ထောက်ခံချက်ကို စောင့်မျှော်နေကြောင်း သိရပါတယ်။ BP လုပ်ငန်းက ကမ္ဘောဒီးယားမှာ မြေလွတ်မြေရိုင်းပေါြွကယ်ဝတဲ့အပြင် ကုန်ကျစရိတ်သက်သာတာကြောင့် ရော်ဘာစိုက်ပျိုးရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လာမယ့် (၁ဝ) စုနှစ်ကာလမှာ ရော်ဘာအလားအလာက ဆက်လက်ကောင်းနေနိုင်ကြောင်း ကုမ္ပဏီမန်နေဂျာက ပြောကြားခဲ့ပါတယ်။ မလေးရှားမှာ ဆီးအုန်းစိုက်ပျိုးမှုများပြားတဲ့အတွက် ရော်ဘာစိုက်ဖို့မြေနေရာခက်ခဲကြောင်းနဲ့ အချို့ နေရာဒေသတွေမှာ စိုက်ပျိုးမြေရှိပေမယ့် ရော်ဘာစိုက်ဖို့သင့်တော်တဲ့ မြေအမျိုးအစားမဟုတ်ကြောင်း ၎င်းကပြောကြားပါတယ်။ တကယ်လို့ စိုက်ပျိုးခွင့်ရမယ်ဆိုရင် ကမ္ဘောဒီးယားရဲ့ အရှေ့မြောက်ပိုင်းဒေသမှာ ရော်ဘာဟက်တာ (၁ဝဝဝဝ) စိုက်ပျိုးမယ်လို့သိရပါတယ်။BP ပလတ်စတစ်ကုမ္ပဏီအနေနဲ့ ရော်ဘာစိုက်ပျိုးရေးကနေ အကျိုးရလဒ်မရှိပေမယ့် ပလတ်စတစ် ထုတ်ကုန်တွေအတွက် ရည်ရွယ်ပြီးစိုက်ပျိုးဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ Source: The Star,KZW
အိန္ဒိယ PEC အေဂျင်စီက ပဲမျိုးစုံတန်ချိန် ၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ PEC ဟာ ဇူလိုင်လ အတွင်း ပဲမျိုးစုံ တန်ချိန် ၆ဝဝဝ ဝယ်ယူဖို့ တင်ဒါခေါ်ယူခဲ့ပါ တယ်။ တင်သွင်းမယ့်ပဲများကတော့ မြန်မာနိုင်ငံက ၂ဝ၁၁ ခုနှစ်ထွက် မတ်ပဲ FAQ တန် ၂ဝဝဝ၊ မတ်ပဲ SQ တန်ချိန် ၂ဝဝဝ နဲ့ သြစတြေးလျက ဒေစီကုလားပဲလုံး တန်ချိန် ၂ဝဝဝ တို့ဖြစ်ပါတယ်။ ယင်းပဲများကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်း တင်ပို့ရမှာ ဖြစ်ပြီး တင်ပို့ရမယ့် ဆိပ်ကမ်းများကတော့ မွန်ဘိုင်းနဲ့ ချန်နိုင်းတို့ဖြစ်ပါတယ်။ ယင်းတင်ဒါကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင်၊ Source: nns commoditynews
မဒ္ဒရာပရာဒေ့ရှ်မှာ အအေးလှိုင်းဒဏ်ခံရတဲ့ တောင်သူများ ပဲအထွက်စံချိန်တင်မြင့်တက် အစောပိုင်းလအနည်းငယ်က အအေးလှိုင်းကျရောက်မှုကြောင့် ပဲမျိုးစုံ အထွက် ဆုံးရှုံးမှုဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ မဒ္ဒရာပရာဒေ့ရှ်မှာ လက်ရှိပဲမျိုးစုံထုတ်လုပ်မှု ဟာ စံချိန်သစ်တင်ဖွယ်ရှိတယ်လို့ အာဏာပိုင်များက အတည်ပြုပြောကြားပါ တယ်။ အစောပိုင်းလများက ပဲစိုက်ဧရိယာအများစုမှာ နှင်းခါးရိုက်မှုကြောင့် ပဲစင်းငုံများ ပျက်စီးဆုံးရှုံးမှုအတွက် ငွေကြေးအထာက်အပံ့ ပေးဖို့ ပြည်နယ် ဝန်ကြီးချုပ် Shivraj Singh chouhan က တောင်းဆိုခဲ့ပြီး နောက် ယခုလို ပဲအထွက်ပိုမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗဟိုအစိုးရ ဥပဒေမှာ နှင်းခါးရိုက်ခြင်း၊ အအေးပိုခြင်းကြောင့် ပျက်စီးမှုကို သဘာဝဘေးကြောင့် ပျက်စီးတယ်လို့ ယူဆသတ်မှတ်ထားခြင်းမရှိတာကြောင့် ပဲစိုက်ပျိုးသူများကို ငွေကြေးအထောက်အပံ့မပေးခြင်းကို ပြည်နယ်ဝန်ကြီးမှ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးဟာ လအနည်းငယ်အတွင်း ပြန်လည်ပေး ဆပ်ရမယ့် ချေးငွေရူပီး ၂၅ဝဝဝ သန်း (ကန်ဒေါ်လာ ၅၆၁ ဒသမ ၅ သန်း)ကို တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့လည်း ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်စိုက်ပျိုးရေး ထုတ်လုပ်မှု ကော်မရှင်နာနဲ့ လယ်သမားများ လူမှုဖူလုံ ရေး၊ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုဌာန ဥက္ကဌ ပရာဆူရမ်ကလည်း ၎င်းအချက်များ မှန်ကန်ကြောင်း၊ သီးနံှထုတ်လုပ်မှု တိုးတက်နေပြီး စံချိန်တင်ထွက်ရှိလာနိုင် ကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းပြည်နယ်ဟာ ပဲမျိုးစုံထုတ်လုပ်မှု အမြင့်ဆုံးမှာ ရှိနေပြီး ယခုနှစ်မှာ ပဲထုတ်လုပ်မှု တန်ချိန် ၅ သိန်း တိုးတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ပဲမျိုးစုံတန်ချိန် ၄၂၇၃ဝဝဝ ထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၄၆၄၁ဝဝဝ ထိ တိုးတက်ထွက်ရှိဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ၂ဝဝ၈-ဝ၉ ခုနှစ်အတွင်း ပဲမျိုးစုံတန်ချိန် ၃၇ဝ၉ဝဝဝ ထွက်ရှိခဲ့ပြီး ယခင်နှစ်က ၁၅ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၄၂၇၃ဝဝဝ ထိထွက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ယင်းပဲများအနက် ပဲစင်းငုံ တန်ချိန် ၃ဝ၈ဝဝဝနဲ့ ကုလားပဲတန်ချိန် ၃၃ဝ၄ဝဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီး၊ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲနီလေးတို့ဟာ မဒ္ဒရာပရာဒေ့ရှ်မှာ အဓိကစိုက်ပျိုးတဲ့ ပဲများဖြစ်ပါတယ်။ ယင်းပြည်နယ်ရဲ့ ပဲစင်းငုံထုတ်လုပ်မှုဟာ တစ်နိုင်ငံလုံးရဲ့ ၉၄ ရာခိုင်နှုန်းရှိပြီး ကုလားပဲကတော့ ၂၈-၃ဝ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ယခင်နှစ် နှင်းခါးရိုက်မှုကြောင့် အဓိကပဲစင်းငုံစိုက်ပျိုးတဲ့ ခရိုင်အားလုံးနီးပါး ပျက်စီးခဲ့ရတဲ့အတွက် ပြည်နယ်စိုက်ပျိုးရေး အသုံးစရိတ်ထဲက ရူပီး ၁၃၅၉ဝ (ကန်ဒေါ်လာ ၃ဝ၅ ဒသမ ၂) ကို ပဲစိုက်ပျိုးသူတွေကို ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊ Source: hindubusinessline