Background
ပြည်တွင်းဈေးကွက်မှာ ဝယ်လို အားကောင်းနေတဲ့ ပဲလွန်းဖြူက လက် ကျန် နည်းပါးလာပြီဖြစ်ပါတယ်။ ဒါ ကြောင့်လည်းယခုလပိုင်းတွေမှာ ပဲလွန်း ဖြူ တင်ပို့မှုရော FOB ရောင်းဝယ်မှုပါ ကျဆင်းလာခဲ့ပါတယ်။ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း ပဲလွန်းဖြူ တန်ချိန် ၄၂၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဇွန်လစတုတ္ထပတ် ပဲစင်းငုံနီဈေးကွက်မှာ ရန်ကုန်ကုန်သည်နဲ့ ဒေသခံကုန်သည်တွေ ပစ္စည်းဖြည့်ဖို့ အဝယ်လိုက်လာတဲ့အတွက် နေ့စဉ်တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ မေ ထဲမှာ တစ်တင်း ၁၄၀၀၀ ကျပ်သာ အမြင့်ဆုံးပေါက်ဈေးဖြစ်ခဲ့ရာက ဇွန်လထဲမှာတော့ ပထမပတ် အတွင်းတစ်တင်း ၁၄၁၀၀ ကျပ်၊ဒုတိယပတ် အတွင်းတစ်တင်း ၁၄၇၀၀ ကျပ်၊ တတိယပတ်အတွင်းတစ်တင်း ၁၅၇၀၀ ကျပ်နဲ့ စတုတ္ထပတ်အတွင်းတစ်တင်း ၁၆၈၀၀ ကျပ်ထိ အသီးသီးအမြင့်ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခုတစ်ပတ်မှာလည်း ဆက်လက် ကောင်းပေမဲ့ ယခင်တစ်ပတ် တင်ပို့မှုထက်တော့ အနည်းငယ်လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၄၅၀၀ ကျော်တင်ပို့မှု ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၁၈-၂၂) အတွင်းမှာ တန်ချိန် ၁၁၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၂၂ ရက်အထိ စုစုပေါင်း ပဲစင်းငုံတန်ချိန် ၉ သောင်းနီးပါး တင်ပို့ခဲ့ပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၅၀ ကျော်ပြီဖြစ်ကြောင်း သိရပါ တယ်။ယခင်နှစ်ကာလတူမှာတန်ချိန် ၄၂၀၀၀ တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၁ သန်း ကျော်ရရှိလို့ ယခုနှစ်မှာ ပမာဏထက်ဝက်ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါ တယ်။ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုဆက်လက်ကောင်းဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT
ဟင်္သာတပဲဈေးကွက်မှာ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် နေပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ကြတာကြောင့် တစ်တင်းကို ၁၂၀၀ ကျပ်ပို လာ ကြော င်း တွေ့ရပါတယ်။ မတ်ပဲဈးမြင့်တက်လာတာကြောင့် ကုန်စည်ဒိုင်ဈေး ကွက်ကို လာရောက်ရောင်းချနေကြောင်း တွေ့ရ ပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို တစ်နေ့ အိတ် ၂၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်လိုပဲ ယခုတစ်ပတ်မှာလည်း မတ်ပဲရောင်းဝယ်မှု ဆက်လက် တိုးတက်နေ ပါတယ်။ အိန္ဒိယမှာ လက်ရှိမိုးရာသီမတ်ပဲစိုက်ပျိုးမှု လျော့ကျနေတဲ့အတွက် မြန်မာ မတ်ပဲများ ဝယ်ယူမှု အားကောင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပို့ကုန် ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုးခိုင်မာနေခြင်းကလည်း ပို့ကုန်သမားတွေအတွက် ရောင်း ဝယ်မှုကို အားပေးနေပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်က တစ်သောင်း အောက်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် မှာ ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်း ၂ ပတ်ခန့်ကပြည်ပအဝယ်လျော့ ခဲ့ရာမှ ယခုနောက်ပိုင်းမှာ ဝယ်လိုအား ပြန်ကောင်း လာတဲ့အတွက် တင်ပို့မှု ပြန်တက် လာခြင်းဖြစ်ပါတယ်။
ရှမ်းနနွင်းကတော့ ခပ်အေးအေးသာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာ တာကြောင့် အဝယ်နည်းနည်းဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ် ဖို့နဲ့ ပရဆေးအတွက် အရည် အသွေးကောင်းတဲ့ နနွင်းကိုရွေးဝယ်ပြီး ခြင်ဆေးခွေပြုလုပ်ဖို့အတွက် နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။
မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၃၆၅ သန်းတန်ဖိုးရှိ နနွင်းတက် ၂၃၆ တန်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၂၄ တန်ကို ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နနွင်းတက် ၆၂ တန်နဲ့ နနွင်းခေါင်း ၉ တန် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
မလှိုင်မြို့နယ်အနေနဲ့ ယခုနှစ် ကြက်သွန်နီစိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခုနှစ် စိုက်ဧက ၃၂၀၀ ကျော်ဖြစ်ပြီး၊ ယခင်စိုက်ဧကမှာ ၃၈၀၀ ကျော်ဖြစ်ပါတယ်။ ယခုနှစ်မှာ စိုက်ဧက လျော့နည်းသလို စိုက်ပျိုးချိန်နဲ့ အပင်ဖြစ်ထွန်းချိန်မှာ အချိန်အခါမဲ့ မိုးရွာသွန်းတဲ့အတွက် အထွက်နှုန်း လည်း ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ နှိုင်းယှဉ်ပြရင် ယခင်နှစ်ကာလတူမှာ ကြက်သွန်နီ တစ်ပိဿာ (ဂျွန်) ၃၀၀ ကျပ်ရှိပြီး၊ ယခုနှစ်မှာ ဂျွန်တစ်ပိဿာ ၅၀၀ ကျပ်ဖြစ်ပါတယ်။ စိုက်ဧကလျော့နည်းခြင်း၊ အထွက်နှုန်းလည်း လျော့နည်းတဲ့ အတွက် လှောင်လက်များကြိုက်ဈေးစောင့်နေကြောင်း သိရပါတယ်။ ရဲမြင့်သန်း
ကန်ဒေါ်လာ သုညဒသမ ၀၇၉ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၉၉ တန်ခန့်ကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်လျှင်တန် ၄၀ ခန့် အပို့လျော့ခဲ့တယ်လို့သိရပါတယ်။MIRT(DOBT)
