Background
အိန္ဒိယ ရော်ဘာပို့ကုန် ၂၈၀ ရာခိုင်နှုန်းတိုးတက် အိန္ဒိယနိုင်ငံရဲ့ သဘာဝရော်ဘာတင်ပို့မှုဟာ ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်အထိကာလမှာ ၂၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်အလားတူကာလက ပို့ကုန် ၄၃၆၄ တန်ရှိပြီး ယခုနှစ်မှာ ၁၂၂၁၉ တန်ရှိကြောင်း သိရပါတယ်။ ဒီလိုပို့ကုန်တိုးတာဟာ ဒီကာလအတွင်း အိန္ဒိယမှာ ဈေးကျတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။ သဘာ၀ ရော်ဘာတင်ပို့မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဈေးမြင့်ခြင်းနဲ့ အရည်အသွေးမကောင်းခြင်း ကဲ့သို့သော အခြေအနေ အမျိုးမျိုးကြောင့် စိုးရိမ်စရာအခြေအနေကိုရောက်နေကြောင်း သိရပါတယ်။ ၂၀၁၀ တချို့လ တွေမှာ ပို့ကုန်မရှိတဲ့ အခြေအနေတွေဖြစ်ခဲ့ပါတယ်။ ယခုနှစ် သြဂုတ်လမှာတော့ ၁၀၈၂ တန် အထိတင်ပို့မှုတိုးကာ ယခင်နှစ်အလားတူကာလက ၁၇ တန်သာတင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လကလည်း ၇၇၉ တန်တင်ပို့ ကာ ၂၀၁၀ ဇူလိုင်မှာ ၂၄ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်မှာတော့ ကမ္ဘာ့ဝယ်လက်တွေအတွက် အိန္ဒိယရဲ့ဈေးနှုန်းက အကျိုးရှိပြီး ပြည်တွင်းဈေးက တော့ တစ်ဂရမ်ကို ရူပီး ၁၇-၁၉ အထိဈေးကျခဲ့ကြောင်း သိရပါတယ်။ လာမယ့်ကာလများမှာလည်း ပို့ကုန်တွေ ပိုမိုတိုးမြှင့် တင်ပို့နိုင်မယ်လို့ သိရပါတယ်။ အိန္ဒိယရော်ဘာက ကမ္ဘာ့ဈေးကွက်မဝင်ရတဲ့ အဓိကအကြောင်းကတော့ အရည်အသွေး ညံ့တာပဲ ဖြစ်ပါတယ်။တကယ်လို့ တစ်ကီလိုကို ရူပီး (၁၂-၁၅) ကိုလျှော့ချပေးနိုင်မယ်ဆိုရင် အိန္ဒိယအနေနဲ့ နိုင်ငံခြားဝယ်လက် တွေကို ပိုပြီးဆွဲဆောင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းသုံးစွဲမှုကလည်း မြင့်မားနေတာကြောင့် အိန္ဒိယက ရော်ဘာ အဓိက တင်ပို့တဲ့ ဈေးကွက်တော့မဖြစ်နိုင်ကြောင်း သိရပါတယ်။ သွင်းကုန်ပိုင်းမှာတော့ ဧပြီကနေ သြဂုတ်အထိကာလမှာ တန်ချိန် ၇၆၁၁၆ တန်တင်သွင်းပြီး ယခင်နှစ် အလားတူ ကာလထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်ခွန်က ၂၀ ရာခိုင်နှုန်းကနေ ၇ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ချခဲ့ပေမယ့် ပြည်တွင်းသုံးစွဲမှုအားလုံးအတွက်တော့ ဈေးမသက်သာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရော်ဘာအဓိက စိုက်ပျိုးတဲ့ ကာရာလာဒေသမှာ နိုင်ငံရေးအကျပ်အတည်းအရ ရော်ဘာတင်ပို့ခွင့်မရကြောင်းလဲ သိရပါတယ်။ ဒါကြောင့် ရော်ဘာတင်ပို့မှု ၄၅ ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ်။ ဧပြီကနေ သြဂုတ်လအတွင်း ပြည်တွင်းသုံးစွဲမှုက ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး ၃၁၁၂၀၀ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီမှ သြဂုတ်အထိသိုလှောင်မှုက ၂၆၆၀၈၁ တန်ရှိပြီး ယခင်နှစ်အလားတူကာလက ၂၀၂၇၉၈ တန်ရှိခဲ့ကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ စက်မှုအသင်းနဲ့ ရော်ဘာကုန်သည်များမှာ သိုလှောင် မှုများစွာရှိနေပြီး အမှန်တကယ်လုပ်ငန်းလည်ပတ်တဲ့ ပမာဏက တန်ချိန် ရှစ်သောင်းမှ တစ်သိန်းအထိသာ ရှိကြောင်း သိရပါတယ်။ မော်တော် ကားတာယာထုတ်လုပ်သူများအသင်း(ATMA)က ပြောကြားရာမှာတော့ သိုလှောင်မှုပမာဏ များပေမဲ့ နိုင်ငံအနေနဲ့ ရောင်း လိုအား ပြဿာနာကိုအကြီးအကျယ်ရင်ဆိုင်နေရကြောင်းသိရပါတယ်။ တကယ်လို့ သိုလှောင်မှုပမာဏကျဆင်း ခဲ့မယ်ဆိုရင် ရော်ဘာကဏ္ဍမှာ ဆိုးကျိုးတွေ သက်ရောက်နိုင်ကြောင်း (ATMA) ကပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းရဲ့ စာရင်းများက အစိုးရရဲ့ သွင်းကုန်တင်သွင်းခွင့်ပြုခြင်းကို လွှမ်းမိုးနိုင်ကြောင်း ၎င်းင်းတို့က ဆက်လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အသင်းရဲ့ စာရင်းများက အမှန်ကုန်သွယ်မှုပြုနိုင်တဲ့ စာရင်းမဟုတ်ဘဲ တောင်သူ၊ သိုလှောင်သူနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ အားလုံးပေါင်းမှာရှိတဲ့ စာရင်းများသာဖြစ်ပါတယ်။ Source:businessonline,KZW
ပစ္စည်းကောင်းမှ ဈေးကောင်းရမှာဖြစ်လို့ မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးတဲ့ နနွင်းစိုက်တောင်သူ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်ဝင်သီးနှံဖြစ်တဲ့ နနွင်းကိုဟိုပုံးမြို့နယ်တွေမှာတော့ မနှစ်ကလိုပဲ စိုက်ပေမယ့် နနွင်း အထွက်များတဲ့ ပင်လောင်း၊ ကလောစတဲ့မြို့နယ်တွေမှာတော့ အစိုက်နည်းတယ်လို့ သိရပါတယ်။ အရင်နှစ်တွေက ဈေးကောင်း ရခဲ့တာကြောင့် အမြန်ပြန်စိုက်ပြီး ရရာတွေစိုက်ပေမယ့် ဒီနှစ်တော့ အရည်အသွေးမကောင်းရင် ဈေးကွက်မဝင်တာကို သိလာ ရလို့၊ မျိုးကောင်းမျိုးသန့်တွေကိုသာရွေးပြီး စိုက်လာကြပါတယ်။ ဒီနှစ်က နနွင်းဝယ်လက်တွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီး နိုင်ငံတွေမှာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဝယ်ယူမှုမရှိလို့ ရောင်းအားကျဆင်းခဲ့ပါတယ်။ ပြည်တွင်းသုံး အတွက် သာအရောင်းအဝယ်ဖြစ်နေပြီး၊ တောင်ငူ၊ မုံရွာ၊ နေပြည်တော်၊ ပြည်စတဲ့ဈေးပတ်သမားတွေက အမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူ နေကြတာဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ နနွင်းတက်ဈေးက အရင်တစ်ပတ်ကထက် ဈေးအနည်းငယ်တက်လာပါတယ်။ ပင်လောင်း နနွင်းစတွေကတစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိလာပြီး၊ အောင်ပန်းနနွင်းကတော့ ၈၀၀ ကျပ် - ၁၂၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကိုတော့ အရောင်တင်ဆီအဖြစ် အသုံးပြုဖို့ဝယ်ယူနေပြီး တစ်ပိဿာ ၃၂၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်း ကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
အရောင်းအဝယ်ပြန်ဖြစ်လို့ ကျောက်ဆည်နနွင်းဈေးမာလာ ယခုရက်ပိုင်း ကျောက်ဆည်နယ်မှာ နနွင်းတက် အရောင်းအဝယ်ပြန်ဖြစ်လာပြီး၊ ဈေးလည်း အနည်းငယ် ပိုလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှ လလယ်ခန့်ထိ တရုတ်ဝယ်လက်မှ ကုန်ချိန်ပိဿာ တစ်သောင်းဝန်းကျင်ပါ ကား ၃ စီးသာတင်ပို့နိုင်ခဲ့ပြီး၊ နောက်ပိုင်းဝယ်လက်မဆွဲတော့ဘဲ ဈေးအေးခဲ့ရာ တစ်ပိဿာ ၁၈၀၀ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ် ခဲ့ပါတယ်။ ယခုရက်ပိုင်း တရုတ်ဝယ်လက်အပြင် ဘင်္ဂလားဒေ့ရှ်ဝယ်လက်ပါရှိလာကာ တန်ချိန် ၁၅၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဝယ်လက်ဆွဲလာတာနဲ့အမျှ ဈေးလည်း အနည်းငယ်ပြန်မာလာရာ ယခုရက်ပိုင်းတစ်ပိဿာ ၂၀၀၀ ကျပ်ထိ ဈေးပလို ာကြောင်း သရိ ပါတယ။် သင်းသင်းမြတ်
နနွင်းတက်(ရှမ်းစ) အပို့ ပိုနေ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံ ရွှေလီသို့ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၂၂၂ သန်းတန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁၄၆ တန်ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၃ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
မန်ကျည်းတင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက် တာကာလအတွင်း မန်ကျည်းတန် ၄၀ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၈၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၃၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ချင်း ဈေးကွက်ဈေးငြိမ် ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ချင်း(ဥမ)များ ကျန်ရှိနေသေးတဲ့အတွက် အောင်ပန်းနဲ့ တောင်ကြီးဘက်တွင် ချင်း(တက်)များပေါ်ထွက်ပြီဖြစ်သော်လည်း မှာယူတင်သွင်း ရောင်းဝယ်မှု မရှိသေးကြောင်း သိရပါတယ်။ အဝင်မရှိဘဲ လက်ကျန်ချင်းများသာ ရောင်းဝယ်လျက်ရှိနေပြီး ချင်း(ဥမ)ရှယ်တစ်ပိဿာကို ၈၀၀ ကျပ်၊ (ဂျွန်) ၅၅၀--၆၅၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ အရောင်း အဝယ်မှာ ပုံမှန်ရောင်းဝယ်မှုရှိလျက် ချင်းဓါးလှီးသမားများ လက်လီ-လက်ကား ရောင်းဝယ်သူများနဲ့ အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ် တင်ပို့မှု အပါအဝင် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
လှပတဲ့ အနာဂတ်များနဲ့ ကုလားပဲ ငွေဈေး၊ ရွှေဈေးတွေဘယ်လိုဖြစ်နေပါစေ သီးနှံမှာတော့ ကုန်လက်ကျန်ရှားပြီး ရောင်းလိုအားနည်းနေတဲ့ အချိန်မှာ ဝယ်လိုအားက တောင်းဆိုလာပြီဆိုရင် ဈေး တက်ကြောင်း၊ ယခုနှစ် ကုလားပဲဖြူကြီးက သက်သေပြနေ ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီ ပထမ ဆယ်ရက်တစ်ပတ်မှာ တစ်တင်းကို ၁၉၁၀၀ ကျပ်နဲ့ စပေါ်ခဲ့ပြီး၊ ဇွန်လလယ်မှာ အများနည်းတူ ၁၅၈၀၀ ကျပ် ဆင်းခဲ့ကာ ယခုနှစ် စက်တင်ဘာ ဆယ်ရက်တစ်ပတ်မှာ ပစ္စည်းရှားလာလို့ တစ်တင်းကို ၂၅၄၀၀ ကျပ်ထိ ရောက်နေ တာ တွေ့ရပါတယ်။ သူ့ကြောင့်ပဲ ကုလားပဲဝါကြီးလည်း အထိုက်အလျောက် တက်လာခဲ့တာတွေ့ရကြောင်းပါ။ မောင်မောင်အေး
ကုလားပဲဖြူလုံးကြီး ရောင်းလိုအားရှိသလောက် ပြည်ပအဝယ်ရှိ ပြည်တွင်းဈေးကွက်များအတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် FOB ဈေးကွက်မှာ ရောင်းလိုအားရှိသလောက် ပြည်ပအဝယ်ရှိနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း FOB အရောင်း အဝယ်တန်ချိန် ၁၈၀၀ ကျော်ရှိပြီး စက်တင်ဘာလ ပထမလဝက်အတွင်း တန်ချိန် ၃၄၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာ ရောင်းအားလျော့နည်းတဲ့ ကုလားပဲဖြူလုံးကြီးကို ပြည်ပ အဝယ်တက်လာလို့ ယခုတစ်ပတ်လည်းကုလားပဲ FOB ဈေးအနည်းငယ်ပိုလာပါတယ်။ ယခင်တစ်ပတ် စက်တင်ဘာလ ၉ ရက်နေ့က FAQ တစ်တန် ကန်ဒေါ်လာ ၁၀၈၀-၁၁၀၀ ရှိရာမှ စက်တင်ဘာ ၁၆ ရက်နေ့မှာ ကန်ဒေါ်လာ ၁၁၃၀-၁၁၅၀ ကို မြင့်တက်လာခဲ့ပါတယ်။MIRT- MAPT
လက်ကျန်နည်းလာတဲ့ ကုလားပဲ တင်ပို့မှုလျော့လာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၄-၁၀ ရက်) ပင်လယ်ရေကြောင်း က တင်ပို့မှုမှာ တန်ချိန် ၂၀၀၀ ကျော်သာရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွေက တန်ချိန် ၃၀၀၀ ထိတင်ပို့မှုရှိလို့ တင်ပို့မှု တဖြည်းဖြည်း လျော့လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက်အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၇၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျလာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။MIRT- MAPT
ပြည်ပဲတီစိမ်းဈေးကွက် မျိုးပဲများအရောင်းအဝယ်ဖြစ် ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊ အလတ်စမှာ တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စ အမျိုးအစားမှာတစ်တင်း ၁၈၀၀၀ကျပ်ဖြင့်မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှု အနေနဲ့ အဝင်ပါးလာပြီဖြစ်သလို လိုင်းသမား များမှလည်း နေ့စဉ် အဝင်မရှိဘဲ အရောင်းအဝယ်ဖြစ်တဲ့ ရက်မှာ တစ်ရက် အိတ် ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
