Background
သြင်္ကန်အလွန် ဈေးအေးသွားတဲ့ ဟင်္သာတမတ်ပဲ ဟင်္သာတ ပဲဈေးကွက်တွင် မတ်ပဲဈေးမှာ သြင်္ကန်မတိုင်မီ ယခင်တစ်ပတ်က တစ်တင်းလျှင် ၂၂၃ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ သြင်္ကန်အလွန် ယခု အပတ်မှာ တစ်တင်းကို ၂၁၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်မြို့နယ်များမှလည်း တစ်ရက် မတ်ပဲအိတ် ၁ဝဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ မတ်ပဲဈေးအေး သွားသော်လည်း ယခင်တစ်ပတ်ထက် ပိုပြီးအဝင်များ အရောင်းသွက်နေကြောင်း သိရပါတယ်။ ဟင်္သာတမှ ရန်ကုန်ဈေးကွက်သို့ ပဲစီးထွက်မှုအနေနဲ့ နေ့စဉ်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၂၅ဝဝ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ အေးအေးခိုင်
သြင်္ကန်အပြီး သွေးအေးနေဆဲ မတ်ပဲဈေးကွက် ပဲခူးတိုင်းဒေသကြီးအရှေ့၊ ပဲခူးမြို့နယ်ရဲ့ ဈေးကွက်မှာ မတ်ပဲတစ်ပိဿာကို ၁ဝ၅ဝ ကျပ်နဲ့ အရောင်းအဝယ် ရှိနေရာက သြင်္ကန်အပြီး ဧပြီလတတိယပတ်မှာ တစ်ပိဿာကို ၁ဝ၇၅ ကျပ်ဈေးဖြစ်လာပါတယ်။ သနပ်ပင်မြို့နယ်ရဲ့ ပဲခူးအနီး တစ်ဝိုက်ကျေးရွာများမှ တစ်နေ့လျှင်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ခန့်အထိ လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ ယခုနှစ်က သြင်္ကန်ကာလနဲ့ ပဲခူးရွှေမော်ဓော ဘုရားပွဲတော်ကျင်းပချိန် တိုက်ဆိုင်နေလို့ အရောင်းအဝယ်အေးနေရာမှ သြင်္ကန် အပြီးမှာ အရောင်းအဝယ်များ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ငွေလိုသူတွေ၊ ငွေပေါ်လိုသူတွေ ရောင်းကြဝယ်ကြလို့ စည်ကားရခြင်းဖြစ်တယ်လို့ ပွဲရုံအသိုင်းအဝိုင်းက ဆိုပါတယ်။ နယ်အဝင်ရှိနေပေမဲ့ ကုန်သည်အချို့က ဈေးတက်ချိန်ကို ဆက်လက် စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ အေးဝင်း
ယခင်တစ်ပတ်ထက် မတ်ပဲတင်ပို့မှု တစ်ဆပိုလာ သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန် ၅ဝဝဝ ကျော်သာ တင်ပို့မှု ရှိခဲ့ရာမှ ဧပြီလ ၅ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ လာခဲ့ပါတယ်။ အိန္ဒိယအဝယ်ရှိခဲ့ပြီး ပိတ်ရက်များကြောင့် တွန်းတင်လာခဲ့သလို ပြည်တွင်းဈေးကွက်မှာလည်း အရောင်းအဝယ်အဖြစ်များပြီး ဈေးမြင့်လာခဲ့ပါတယ်။ မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၃၂ဝဝဝ ခန့် ရှိပြီး ဖေဖော်ဝါရီလ မှာ တန်ချိန် ၃ဝဝဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ တင်ပို့မှုကို ကြည့်ရာမှာတော့ တန်ချိန် ၅၆ဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၂ သောင်းကျော် လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်များ အတွင်း သြင်္ကန်မတိုင်မီကစပြီး တောင်သူတွေ ရောင်းအားများလာလို့ သြင်္ကန်အပြီးမှာ မတ်ပဲဈေး ပြန်အေးလာခဲ့တယ်လို့ သိရပါတယ်။ FOB အရောင်းအဝယ်ဖြစ်မှု ကတော့ ပုံမှန်ရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဧပြီလ ၂၂ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင်ဈေးအတိုင်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ- ၁ဝ၈ဝ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
အဝင်နည်းပြီး ဝယ်လက်စုံလို့ ရှမ်းနနွင်းလည်းဈေးမာ ရှမ်းနနွင်းဈေးလည်း ဒီတစ်ပတ်မှာတက်လာပါတယ်။ ပြည်ပကို ပို့ဖို့အတွက် မူဆယ်ဝယ်လက်တွေ ဝယ်ယူနေ တာကြောင့် ဈေးတက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာလည်း အဝင်နည်းနေပါ သေးတယ်။ မတ်လ နောက်ဆုံးအပတ်နဲ့ ဧပြီလပထမပတ်လောက်မှာ ဈေးကွက်ကိုလှိုင်လှိုင်ဝင်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ မိုးရွာနေတာကြောင့် ခန့်မှန်း သလိုအဝင်မများလာသေးပါဘူး။ နမ့်စန်ဈေးကွက်မှာလည်း အဝင်နည်းနေပါသေးတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ကျောက်ဆည် နနွင်းက ဈေးမြင့်တက်တာကြောင့် ပြည်ပ ဝယ်လက်တွေက ဟိုပုံးနနွင်းကို ပိုဝယ်လို့ ဟိုပုံးဈေးကွက်မှာ နနွင်းလက်ကျန် နည်းနေပြီလို့ သိရပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိပြီး ပြည်ပဝယ်လိုအားက အဝယ်လိုက်နေတာကြောင့် ယခင်လက တစ်လအတွင်း ပိဿာချိန် တစ်သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဟိုပိုးဈေးကွက်မှာ နနွင်းတက် တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းအရည်အသွေးအလိုက် တစ်ပိဿာကို ၂ဝဝဝ ကျပ်မှ ၂၄၅ဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေး ကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
ယခင်အပတ်ကထက် နနွင်းတက်အနည်းငယ်ပိုမိုတင်ပို့ မူဆယ် ၁ဝ၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ ၄၈၇၅ဝဝ တန်ဖိုးရှိ နနွင်းတက် ၂၆၁ တန်ကျော် မတ်လ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာနယ်စပ်မှ နနွင်းတက် တန် ၆၆ဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် မှာတော့နယ်စပ်မှ နနွင်းတက် တန် ၁၇၃ဝ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ MIRT(DOBT)
နနွင်း ၄၄ တန်နီးပါးတင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၄၃ ဒသမ ၉၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ၁၆ တန်၊ မလေးရှားနိုင်ငံကို ၁၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၃ ဒသမ ၉၂ တန်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် ၃ ဆလောက်လျော့နည်းခဲ့တာ တွေ့ရပါ တယ်။ တစ်တန်ကို အက်ဖ် အိုဘီဈေးကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ၈၃၆၅၁ ရရှိခဲ့ပါတယ်။ MIRT (DOT)
ဈေးကောင်းရနေတဲ့ မန်ကျည်းသီးမှည့်ဈေးကွက် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့ဈေးကွက်သို့ သဲကုန်း၊ ဆင်မြီး ဆွဲနဲ့ ပန်းတောင်းမြို့နယ်၊ ဆင်တဲ အနီးတစ်ဝိုက်မှ မန်ကျည်းသီးများ အများဆုံး လာရောက် ရောင်းချကြပါတယ်။ ယခင်နှစ်က မန်ကျည်းသီး တစ်ပိဿာကို ၆ဝဝ ကျပ်-၇ဝဝ ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် ပေါ်စကတည်းက ဈေးကောင်း ရနေပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်နေကြတာကို တွေ့ရပါတယ်။ ယခုလက်ရှိမန်ကျည်းသီးဈေးမှာ တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဈေးကွက်မှ ရခိုင်နဲ့ ရန်ကုန် ဈေးကွက် ကို မန်ကျည်းသီးများတင်ပို့ရောင်းချလျက်ရှိကြောင် သိရပါတယ်။ သင်းးသင်းးအောင်
ရာသီဥတုကြောင့် ဈေးကွက်ကို ရှမ်းချင်းအဝင်နည်း ဒီတစ်ပတ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးတွေ တက်လာပါတယ်။ မိုးတွေဆက်တိုက်ရွာနေတာကြောင့် ဈေးကွက်ကိုလည်းအဝင်နည်းနေတယ်လို့ သိရပါတယ်။ နမ့်စန်ဈေးကွက်မှာ ချင်းစို တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးနဲ့ ဝယ်လက်တွေ ဝယ်ယူနေကြတယ် လို့ သိရပါတယ်။ အဝင်ကလည်းနည်းနေသေးတာကြောင့် ဝယ်လက်တွေကဝယ်ပြီး စုနေကြဆဲ ဖြစ်လို့ ဈေးကွက်ကိုလည်း သိပ်မဝင်လာသေးဘူးလို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၆ဝဝ ကျပ်ဈေးနဲ့ ဈေးတက် လာပါတယ်။ ချင်းအထွက်နည်းပြီး အဝင်လည်းသိပ်မရှိတော့လို့ ဈေးတက် လာတယ်လို့ သိရပါတယ်။ အရင်နှစ်က ဒီလိုအချိန်မှာ ချင်းစိုလက်ကျန် ပိဿာချိန် သိန်းချီပြီးရှိပေမဲ့ ဒီနှစ်မှာတော့ လက်ကျန်ပိဿာချိန်က သောင်းဂဏန်းလောက်သာ ရှိပါတော့တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်ဈေး ကတော့ ချင်းခြောက်သစ် တစ်ပိဿာ ၂၂ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်ဟောင်း ကတော့ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ အဟောင်းအခြောက်လက်ကျန်တွေက ဟိုပုံးမှာနည်းပြီး အောင်ပန်းမှာသာ လက်ကျန် ကျန်တယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုဈေးက ကောင်းရင်ကောင်းသလို တစ်ပိဿာကို ၁ဝဝဝ ကျပ်ဈေးအထိရှိခဲ့ပါတယ်။ အောက်စလို့ခေါ်တဲ့ ချင်းညံ့ကတော့ တစ်ပိဿာ ၄၅ဝ ကျပ်မှ ၆ဝဝ ကျပ်ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၄၅ဝ ကျပ်ဈေးရှိပါ တယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
ပြည် ချင်းဈေးမြင့်ပေမဲ့ ပုံမှန်အရောင်းအဝယ်ဖြစ် ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာကို ချင်း (ဂျွန်) ၁ဝဝဝ ကျပ် (ရှယ်) ၁၂ဝဝ ကျပ်တို့ဖြစ်ပြီး ယခုတစ်ပတ်တွင် (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိ၍ တစ်ပိဿာကို ၆ဝဝ ကျပ်ခန့် မြင့်တက်သွားပါတယ်။ အဝင်အားဖြင့် ယခုတစ်ပတ်အတွင်း အောင်ပန်းဘက်မှ ပိဿာ ၃ဝ ဝင် အိတ် ၁၅ဝ ခန့်အဝင်ရှိပြီး တောင်ပေါ်ဈေးလည်းတက်တဲ့အတွက် သယ်ယူစရိတ်၊ အလျော့တွက်များကြောင့် မှာယူတင်သွင်းမှုအပေါ်မူတည်ပြီး ဈေးမြင့်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် သြင်္ကန်အခါနီးပေမဲ့ ဈေးမြင့်နေတဲ့အတွက် တစ်နေ့ကို ပိဿာချိန် ၃၅ဝ ခန့်နဲ့ ပုံမှန်ပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ဘက်သို့လည်း စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝ ခန့် တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ချင်းပြန်လည်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ချင်းတန်ချိန် ၃၅ ဒသမ ၉၉ တန် တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့တာ ဖြစ်ပြီး မတ်လအတွင်း သုံးပတ်ဆက်တိုက်အပို့ ပျောက်နေတဲ့ ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ် လာ ၁၄၃ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၁၄၉၁ ရရှိခဲ့ပါတယ်။ MIRT (DOT)