Main menu

Background

"သဘာဝအသီးအဖုတွေနဲ့ပဲ ကုန်ကြမ်းကိုအခြေခံပြီးလုပ်ထားတာဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်"

Thu, 08/13/2026 - 10:50 -- journal_editor

မောရွှေမြေ ကျန်းမာရေးထုတ်ကုန်လုပ်ငန်းတည်ထောင်သူ ဒေါ်သီင်္ဂီထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများ အများဆုံးပါဝင်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်ထဲတွင် ကျန်းမာရေးထုတ်ကုန်များအား သဘာဝနည်းဖြင့်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စားလုပ်ငန်းပိုင်ရှင်လည်းဖြစ် မောရွှေမြေကျန်းမာရေးထုတ်ကုန် လုပ်ငန်းတည်ထောင်သူ ဒေါ်သီင်္ဂီထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကို ဘယ်တုန်းက စတင် တည်ထောင်ခဲ့တာပါလဲ။ 
ဒီလုပ်ငန်းကို စပြီးလုပ်ကိုင်ဖြစ်တာကတော့ ၂၀၂၄ ခုနှစ်မှာပါ။ အဓိကတော့ ကျွန်မအနေနဲ့လည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို စိတ်ဝင်စားတယ်။ ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အစားအသောက်တွေကိုလည်း စားသောက်တယ်။  ကျန်းမာအောင်လည်းနေထိုင်တယ်။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကိုလည်း လူတွေကို မျှဝေပြီးတော့ အကုန်လုံးကို ကျန်းမာစေချင်တယ်။ အားလုံးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် လည်း နေစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီထုတ်ကုန်တွေကို စတင်ပြီးတော့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာရော ဈေးကွက်ထဲမှာ ဘယ်လိုမျိုး  ထုတ်ကုန်တွေကို ဖြန့်ချိလျက်ရှိပါသလဲ။
အဓိကတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်လေးတွေ ဖျော်ရည်လေးတွေပါ။ သဘာဝထုတ်ကုန်တွေဖြစ်တဲ့ ကျောက်ဖရုံသီးဖျော်ရည်လေးတွေပါမယ်။ အသည်းအဆီဖုံးတာနဲ့ ပတ်သက်တဲ့ဖျော်ရည်လည်းပါတယ်။ ထုတ်ကုန်တွေကတော့ အမျိုးအစား ရှစ်မျိုးလောက်ထိ ထုတ်လုပ်ထားပါတယ်။ နောက်အရသာထူးကဲတဲ့ ချဉ်ပေါင်ဖူးဖျော်ရည်တွေ ထုတ်လုပ်ထားပါတယ်။သဘာဝချဉ်ပေါင်ဖူး၊ ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားပြီး ဗီတာမင်စီကြွယ်ဝတဲ့ ချဉ်ပေါင်ဖူးဖျော်ရည် (Maw Shwe Myay Roselle Berry Juice)  ဖျော်ရည်ထဲမှာဆိုရင် ချဉ်ပေါင်ဖူး၊ ဂေါ်ဂျီဘယ်ရီ၊ သကြားညို၊ ဆီးသီးနှင့် မန်ကျည်းတို့ပါဝင်ပြီး ဓာတုဆေးနှင့် အနံ့အရသာ လုံးဝမပါဝင်ပါဘူး။ အဓိကကတော့ စိတ်ကိုကြည်လင်လန်းဆန်းစေခြင်း၊ အစာချေစနစ်ကို ကောင်းမွန်စေခြင်းနဲ့ မျက်လုံးအားကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။ သွေးတွင်းအဆီနဲ့ သကြားပမာဏကို လျော့ကျစေနိုင်ပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေပြီး မမျှတသော နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး သွေးတိုးကိုလည်း ထိန်းချုပ်ပေးပါတယ်။ နေ့စဉ်သောက်သုံးမယ်ဆိုရင်တော့ ကော်လာဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အသားအရေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ရဲယိုပျားရည်ကတော့ လေးဘက်နာသမားတွေအတွက် ရည်ရွယ်ပါတယ်။   ထမင်းစားပြီးတိုင်း တစ်ပြားနှစ်ပြား စားပေးမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ကြက်သွန်ဖြူပျားရည်စိမ်ကတော့ နှလုံးသွေးကြောကျဉ်းရောဂါအတွက် အင်မတန်ကောင်းပါတယ်။ ထမင်းစားပြီးတိုင်း ကြက်သွန်ဥနှစ်လုံးလောက်စားမယ်။ ပျားရည်ကိုလည်း ရေနွေးလေးနဲ့ရောပြီးတော့ စားသုံးပေးမယ်ဆိုရင် အရမ်းကောင်းပါတယ်။ ချင်းပြားသံပရာကတော့ ခန္ဓာကိုယ်ကိုအဆီကျစေပါတယ်။ ဗီတာမင်စီအပြည့်ပါပြီးတော့ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ချဉ်ပေါင်ဖူးနဲ့ပတ်သက်တဲ့ ချဉ်ပေါင်ဖူးဖျော်ရည်တို့အပြင် ချဉ်ပေါင်ဖူးယို၊ ချဉ်ပေါင်ဖူး လက်ဖက်ခြောက်တို့ကို ထုတ်လုပ်တယ်။ ချဉ်ပေါင်ဖူးယိုလေးက အစာကြေရင်ချောင်စေပါတယ်။ ချဉ်ပေါင်ဖူးဖျော်ရည်ဆိုရင် ဗီတာမင်စီ အပြည့်အဝပါဝင်တယ်။ ဘယ်ရီသီးတွေလည်း ပါဝင်တဲ့အတွက် မျက်စိကို အားကောင်းစေပါတယ်။ ကွန်ပျူတာရှေ့မှာထိုင်ပြီးတော့ အညောင်းအညာမိနေတဲ့သူတွေ နေ့စဉ်သောက်သုံးမယ်ဆိုရင် ကြည်လင်လန်းဆန်းစေပါတယ်။ ဝမ်းချုပ်တတ်တဲ့သူတွေအတွက်လည်း ဝမ်းမှန်စေပါတယ်။ပင်းတယ လက်ဖက်ခြောက်ကတော့  နမ့်တောင်အချိုခြောက်ပါ။ နမ့်တောင်ဆိုတာကတော့ မိုင်းရှူးမြို့နယ်မှာရှိတဲ့ တောင်တစ်လုံးရဲ့ နာမည်ဖြစ်ပါတယ်။ အဲဒီတောင်ကြားထဲမှာထွက်တဲ့ လက်ဖက်ညွန့်တွေကို ပြန်ပြီးတော့ အချိုခြောက်ပုံစံနဲ့ ထုတ်လုပ်တာပါ။ နမ့်တောင် အချိုခြောက်ဆိုရင် သဘာဝအရသာနဲ့လည်း ထုတ်လုပ်ထားပါတယ်။ ဆိုးဆေးကာလာတွေ မပါဝင်ပါဘူး။ သဘာဝအရသာစစ်စစ်ဖြစ်တဲ့အတွက် လက်ဖက်ရည်ကြိုက်တဲ့သူတွေဆိုရင်တော့ စားသုံးစေချင်ပါတယ်။ ထုတ်ကုန်တွေကိုတော့ ရှမ်းပြည်နယ်ပင်းတယမြို့မှာ သဘာဝသစ်ဥသစ်ဖုတွေနဲ့ ထုတ်လုပ်ပါတယ်။ အဲဒီမှာထုတ်လုပ်ပြီးတော့ ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနဲ့  ပြည်နယ်တွေမှာ စတင်ပြီးတော့ဖြန့်ဝေခဲ့တာပါ။ထုတ်ကုန်လေးတွေကို သဘာဝထုတ်ကုန်လေးတွေဖြစ်တဲ့အတွက် အားပေးမှုတွေရရှိသလို ဆက်လက်ထုတ်လုပ်သွားဖို့လည်း ရှိပါတယ်။

ကုန်ကြမ်းရရှိမှုအခြေအနေလည်း သိပါရစေ။
ကုန်ကြမ်းထုတ်ကုန်တွေနဲ့ပတ်သက်ပြီးကတော့ ရှမ်းပြည်နယ်ပင်းတယဘက်ကနေ တောတောင်အမြင့်ကနေပြီးတော့ အေးတဲ့ရာသီဥတုရယ်၊ တောတောင်များထဲမှာထက်ရှိတာဆိုတော့ အရသာကတော့ပိုပြီးထူးခြားကောင်းပါတယ်။ ကျွန်မတို့နိုင်ငံမှာက သဘာဝသစ်ဥသစ်ဖုတွေပေါများပါတယ်။ ကျောက်ဖရုံသီးဆိုလည်းပေါတယ်။ ချဉ်ပေါင်သီးဆိုတာလည်းနေရာတိုင်းမှာ ဝယ်လို့ရတာဆိုတော့ အဓိကသဘာဝအသီးအဖုတွေနဲ့ပဲကုန်ကြမ်းကိုအခြေခံပြီးလုပ်ထားတာ ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ထုတ်ကုန်အသစ်တွေရော ဆက်လက်ထုတ်လုပ်သွားဖို့ ရှိပါသလား။
ဟုတ်ကဲ့ ရှိပါတယ်။ လက်ရှိတော့ စားသောက်ကုန်၊ လူသုံးကုန်ထုတ်ကုန်အသစ်တွေကိုလည်း ဆက်လက်ထုတ်လုပ်သွားဖို့ရှိပါတယ်။ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ ပန်းကန်ဆေး ဆပ်ပြာရည်တို့ကိုလည်း ထုတ်လုပ်သွားဖို့ရှိပါတယ်။ လက်ရှိတော့ အွန်လိုင်းကနေပဲစပြီးတော့ ဈေးကွက်ထိုးဖောက်နေပြီးတော့ အသေးစား၊ အလတ်စား (SME) ပြပွဲတွေမှာလည်း မကြာခဏဝင်ရောက်ပြသလျက်ရှိပါတယ်။ ဒီလိုမျိုး အသေးစား၊ အလတ်စား ထုတ်ကုန်ပြပွဲတွေမှာဆိုရင်လည်း ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အားပေးမှုတွေ အများကြီးရရှိပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
သဘာဝကျန်းမာရေးထုတ်ကုန်တွေကို နောင်လာမယ့်အနာဂတ်မှာလည်း စီးတီးမတ်နဲ့ စူပါမားကတ်တွေမှာ တင်သွင်းဖြန့်ချိသွားဖို့အတွက် ရည်ရွယ်ထားပါတယ်။ မောရွှေမြေဆိုတဲ့ နာမည်ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝထုတ်ကုန်ဖြစ်တဲ့အတွက်  ထုတ်ကုန်လေးတွေကို ယုံကြည်စွာနဲ့ သုံးဆောင်နိုင်ကြောင်း ပြောကြားလိုပါတယ်။

တိဗ္ဗ