Main menu

Background

​စစ်ကိုင်းမြို့၏ ကျောက်စိမ်းအချောထည်လုပ်ငန်း    

Fri, 03/17/2023 - 13:31 -- journal_editor

မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏အဖိုးတန်ရတနာများမှာ ဆန်စပါး၊ ကျွန်းသစ်၊‌ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုများမှာ ရွှေ၊ ငွေ၊ခဲ၊ ကြေးနီ၊ သံဖြူ၊ သွပ်၊ ခနောက်စိမ်း၊ ကျောက်မီးသွေး၊ ပယင်း၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာများနှင့် ရေနံ၊ ‌ မုတ်ကောင်မှ ရရှိသော ပုလဲသည် ရေထွက်ပစ္စည်းဖြစ်သည်။

မြန်မာ့ရတနာများအနက် ကျောက်စိမ်းရတနာအကြောင်း တင်ပြလိုပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ ခန္တီးခရိုင်အတွင်း၌ ကျောက်စိမ်းတောင်ကြီးတစ်ခုကို တွေ့ရှိကြောင်း၊ ၁၉၆၇ ခုနှစ် ဧပြီ ၆ ရက်နေ့ထုတ် သတင်းစာတွင်ပါရှိပြီး သတင်းအရ ကျောက်စိမ်းတောင်ကြီးမှာ ပေ ၃၀ခန့်မြင့်ပြီး ပတ်လည်ပေ ၈၀ခန့်ရှိကြောင်း၊ မြေပေါ်တွင်တန်ချိန် ၂၀ဝ၀ ကျော်ခန့်ရှိပြီး မြေအောက်တွင် ယခုထက် ထုထည်ကြီးစွာ တည်ရှိလိမ့်မည်ဟု ခန့်မှန်းကြောင်း၊ ဤတောင်ကြီးကို ဓာတ်သတ္တု ရှာဖွေထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ရှာဖွေတွေ့ရှိကြောင်း၊ ၁၉၆၈ ခုနှစ်မှစ၍ ဤကျောက်စိမ်းတောင်ကြီးကို စတင်တူးဖော်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာအရပ်ရပ်မှထွက်ရှိသော ကျောက်စိမ်းများမှာ ကျောက်စိမ်းဟုအမည်ခံသော်လည်း အလွန်နုပြီး စံမမီကြောင်း၊ မြန်မာပြည်မှ ထွက်သော ကျောက်စိမ်းသည် ကျောက်စိမ်းစစ်စစ်ဖြစ်သည်ဟု ကျွမ်းကျင်သူသိပ္ပံသုတေသီများက မှတ်ချက်ချထားသောကြောင့် မြန်မာနိုင်ငံသည် ကျောက်စိမ်းစစ်စစ်ထွက်သည့် ကမ္ဘာတွင် တစ်ခုတည်းသော ရတနာမြေဖြစ်သည်ဟု ဂုဏ်ယူရမည်ဖြစ်သည်။

ကျောက်စိမ်းသည် နှစ်ထောင်ပေါင်းများစွာကပင် အရှေ့တိုင်းသားတို့၏ နှလုံးအိမ်၌ ဝင်ရောက်နေရာယူပြီး တန်ဖိုးထားမှုအတိုင်းအတာအားဖြင့် မြင့်မားခဲ့သောကျောက်ဖြစ်သည်။ တရုတ်လူမျိုးတို့သည် ကျောက်စိမ်းအား ဝတ်ဆင်မှုသာမက လက်နက်ကိရိယာများအား တန်ဆာဆင်ရာ၌အသုံးပြုခဲ့ပြီး ကျောက်မျက်တို့၏အချုပ်အခြာအဖြစ်သတ်မှတ်ခဲ့သည်။ ကျောက်စိမ်းဝတ်ဆင်သူတို့သည် ရဲစွမ်းသတ္တိရှိခြင်း၊ သဒ္ဓါတရားထက်သန်ခြင်း၊ တရားမျှတသောစိတ်ရှိခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချသော နိဝါတတရားရှိခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာကြီးခြင်းဟူသော ဂုဏ်များဖြင့် ပြည့်စုံသည်ဟု အယူအဆရှိကြသည်။ 
ကျောက်စိမ်းအား အမှုန့်ကြိတ်၍ ရေနှင့်သောက်ပါက ခန္ဓာကိုယ်အတွင်းရှိ ရောဂါဘယအမျိုးမျိုး ပျောက်ကင်းပြီး မောပန်းနွမ်းနယ်ခြင်းမှ ကင်းဝေးစေခြင်း၊ အသက်ရှည်ခြင်း စသောအာနိသင်များ ပြည့်စုံသည်ဟု ယုံကြည်ကြသည်။ ရှေးတရုတ်ဘုရင်များလက်ထက်က မှူးကြီးမတ်ရာ သေနာပတိတို့သည် ရာထူးဂုဏ်ထူး အဆင့်အတန်း အလိုက် ကျောက်စိမ်းအမျိုးမျိုး ဝတ်ဆင်ခဲ့ကြသည်။ ထို့ကြောင့် ကျောက်စိမ်းသည် ဝတ်ဆင်သူ၏ အဆင့်အတန်းကို ဖော်ပြသော ကျောက်ဖြစ်သည်။ 

ထို့ပြင် ကျောက်စိမ်းများအား ဘာသာရေးနှင့်ဆိုင်သော အဆောင်ယတြာပစ္စည်းအဖြစ်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သင်္ကေတအမှတ်အသားများအဖြစ်လည်းကောင်း အသုံးပြုကြသည်။ ကျောက်စိမ်းလက်ဝတ်ရတနာများသည် များသောအားဖြင့် လက်ကောက်များ၊ လက်စွပ်များ၊ လည်ဆွဲပုတီးများဖြစ်ပြီး ဝတ်ဆင်သူ၏ အသားနှင့်ထိတွေ့လျက်ရှိကာ နူးညံ့သော အာရုံခံစားမှုကို ရရှိစေသည်ဟု ဆိုကြသည်။
ကျောက်စိမ်းကို အင်္ဂလိပ်ဘာသာဖြင့် Jade ဟုခေါ်သည်။ ကျောက်စိမ်းတွင် Jadeite နှင့် Nephrite ဟူ၍ နှစ်မျိုးရှိသည်။ ထို ဂျေးဒိုက်နှင့် နက်ဖရိုက် နှစ်မျိုးစလုံးကို ကျောက်စိမ်းဟုခေါ်ပြီး နှစ်ပေါင်း များစွာကပင် သုံးစွဲလာကြသည်။ ဓာတုဖွဲ့စည်းပုံအရ ဂျေးဒိုက်ကျောက်စိမ်းသည် ဆိုဒီယမ်အလူမီနီယမ်ဆီလီကိတ်ဖြစ်ပြီး နက်ဖရိုက်ကျောက်စိမ်းသည် ကယ်လ်ဆီယမ်မဂ္ဂနီဆီယမ်၊ သံနှင့်ရေပါဝင်သော ဆီလီကိတ်ဖြစ်သည်။ ဂျေးဒိုက်ကျောက်စိမ်းသည် လက်ယှက်ထိုး  ပုံဆောင်ခဲလေးများနှင့် ဖွဲ့စည်းထားသဖြင့် ချိုင့်ခွက်လေးများ မျက်နှာပြင်၌ရှိနေပြီး  နက်ဖရိုက်ကျောက်စိမ်းသည် လက်ယှက်ထိုး အမျှင်လေးများဖြင့် ဖွဲ့စည်းထားသဖြင့် အမျှင်လိုက်အနေအထားရှိကာ အမဲဆီရောင် ထနေတတ်သည်။

ကျောက်စိမ်း၌ အစိမ်းရောင်အပြင် အခြားအရောင်များလည်းရှိသည်။ အဖြူရောင်၊ နို့နှစ်ရောင်၊ အရောင်မဲ့၊ အဝါရောင်၊ လိမ္မော် ရောင်၊ အနီရောင်၊ အညိုရောင်၊ ပန်းရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင် အမျိုးမျိုးမှာ ကျောက်စိမ်း ၌ ရှိသော အရောင်များဖြစ်သည်။ ကျောက်စိမ်း အမျိုးအစားအမျိုးမျိုးမှာ မြရည်၊ ရွှေလု၊ မော်စစ်စစ်၊ လက်ရည်၊ ခွန်ဖိ၊ ကျောက်သား၊ အသားပိဟ်၊ ပန်းသာ၊ ကျောက်မဲ၊ မဲဆွေးမှု၊ လန့်ဆွေး၊ တောမော်၊ ဘော်ဘီဆွေးတို့ဖြစ်သည်။ ကျောက်စိမ်းကို  မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊  မိုးကောင်းမြို့၏မြောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ ဖားကန့်၊ တောမော်၊ ပန်း မားချိုက်ဒေသများ၌ အများအပြား တူးဖော်ရရှိသည်။

စစ်ကိုင်းမြို့၏ ကျောက်စိမ်းအချောထည်လုပ်ငန်း

စစ်ကိုင်းမြို့တွင် ကျောက်စိမ်းအချောထည်လုပ်ငန်း လုပ်ကိုင်သူ ၁၃၀ဝ ကျော်ရှိကြောင်း သိရှိရသည်။ ကုန်ကြမ်းများကို ဖားကန့်မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း B အဆင့်ဖြစ်သည့် အရည်အသွေး အနည်းငယ်ညံ့သည့် ကျောက်စိမ်းအရိုင်းတုံးများကို ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးများဖြင့် ပီနံအိတ်တစ်အိတ်လျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းကျော်၊ ထော်လာဂျီတစ်စီးလျှင် ကျပ်နှစ်သိန်းမှ ကျပ်သုံးသိန်း ဈေးများဖြင့် ဝယ်ယူပြီး ကျောက်ဖြတ်ခြင်း၊ ကျောက်သွေးခြင်း၊ အရောင်တင်ခြင်း၊ အပေါက်ဖောက်ခြင်း၊ ကြိုးသီးခြင်းလုပ်ငန်းများကို မိသားစုများအပါအဝင် အမျိုးသား/အမျိုးသမီးလုပ်သား နေ့စား သို့မဟုတ် လစာများကို ငှားရမ်း၍ အိမ်တွင်းတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ကြသည်။

ကျောက်စိမ်းအချောထည်အဖြစ် စိပ်ပုတီး၊ လည်ဆွဲ၊ လက် ပတ်၊ ပန်းပု စသည့်ထုတ်ကုန်များကို အရည်အသွေးနှင့်အရွယ်အစား ပေါ်မူတည်၍ စိပ်ပုတီး ကိုးလုံး တစ်ကုံး ကျပ် ၈၀ဝ၀ မှ ကျပ် တစ် သောင်း၊ စိပ်ပုတီး ၁၀၈လုံး  ကျပ် ၇၀ဝ၀ မှ ကျပ်နှစ်သောင်း၊ လည်ဆွဲပုတီး ကျပ် တစ်သောင်းခွဲမှ ကျပ်လေးသိန်း၊ လော့ကက်သီးတစ်ခုလျှင် ကျပ်တစ်သောင်းမှ ကျပ်တစ်သိန်း၊  လက်ပတ်ကြိုးတစ်ခု ကျပ် ၃၀ဝ၀ မှ ကျပ်  ၅၀ဝ၀ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြသည်။ လုပ်ငန်းရှင်အနည်းစုက ကျောက်စိမ်းအရိုင်းတုံးများကိုလည်းအရောင်းအဝယ်ပြုလုပ်ရာ၌ အတွေ့အကြုံနှင့်  စိတ်ခံစားချက်ပေါ် မူတည်၍ ကျောက်စိမ်း၏တန်ဖိုးကို ဈေးဖြတ်ကြသည်။
ကျောက်စိမ်းအချောထည်များကို အိမ်၌ ရောင်းလက်/ဝယ်လက် အရောင်းအဝယ်ပြုလုပ်သလို ဘော်ဂါရပ်ကွက်၌ ဘော်ဂါကျောက်ဝိုင်း၌လည်း အရောင်းအဝယ်ပြုလုပ်ကြသည်။ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၆၅ ခန်းကျော်ရှိပြီး မန္တလေးမြို့နှင့် မုံရွာမြို့များမှ လာရောက်ဝယ်ယူခြင်းနှင့် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များ၏ ဖောက်သည်များရှိသည့် မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ် (အရှေ့)သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်မှ ဦးစီးကျင်းပသည့် ပြည်တွင်း/ပြည်ပပြပွဲ၊ ဈေးရောင်းပွဲတော်များတွင် စစ်ကိုင်းမြို့မှ လုပ်ငန်းရှင်များမှ ပူးပေါင်းလိုက်ပါ၍ ပြပွဲနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။

အကြံပြုတင်ပြချက်

စစ်ကိုင်းမြို့ ‌ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ပုတီး၊ လည်ဆွဲ၊ လက်ပတ်၊ ပန်းပု စသည့် ကုန်ချောပစ္စည်းများအတွက် ခိုင်မာသည့်ဈေးကွက်တစ်ခု ရရှိသင့်ကြောင်း၊  ဘော်ဂါကျောက်ဝိုင်းတွင် အရောင်းအဝယ်ပြုလုပ်ခြင်းကို ဦးစီးကြပ်မတ်ဆောင်ရွက်ပေးမည့် ကော်မတီအဖွဲ့အစည်းတစ်ခုရှိရန်လိုပြီး အရောင်းအဝယ်ပြဿနာဖြစ်ပေါ်ပါက ဆုံးဖြတ်ဖြေရှင်းပေးနိုင်ရန်နှင့် နိုင်ငံတော်မှ အတိုးနှုန်းသက်သာသော ချေးငွေများ ကူညီပံ့ပိုးပေးစေလိုကြောင်း၊ ဈေးကွက်နှင့်ချေးငွေ ကူညီပံ့ပိုးမှုများရရှိမည်ဆိုပါက နိုင်ငံတော်အတွက် အခွန်အခဝင်ငွေများ ပိုမိုရရှိနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ ကိုယ်စားတင်ပြလိုက်ရပါသည်။

ကိုးကားသောစာအုပ် -    (၁) မြန်မာ့ရတနာများ၊   ရေးသားသူ ရှင်ဗုဒ္ဓဃေသ ဦးဘသန်းနှင့်မောင်ဇနိယ (၁၉၆၇)
                                   (၂) မှတ်မှတ်သားသား    ကျောက်မျက် ရတနာများ၊   ရေးသားသူ    ကျောက်ရိုင်း (ဘူမိ)(၂၀၂၂)
သန်းသန်းတင်(မုံရွာ)