Main menu

Background

ကျိုက်ထိုမြို့နယ်၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ယိုစုံများ

Mon, 04/24/2023 - 14:00 -- journal_editor

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားစေရန်၊ ပြည်ပသွင်းကုန်အစားထိုးကုန်ပစ္စည်းများအား ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးခြင်း၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု  (One Region, One Product) အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ သည်။  

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်သည် ရေမြေသဘာဝ တောင်ကုန်းတောင်တန်းများ ထူထပ်ပြီး ပူအိုက်စိုစွတ်သောရာသီဥတုဖြစ်ရာ ကျိုက်ထိုမြို့၌ ဒူးရင်း၊ မင်းကွတ်၊ ကျွဲကော၊ ပိန္နဲ၊ ကြက်မောက်၊ ရှောက်/သံပရာ၊ နာနတ်၊ ကတွတ်၊ မရန်းသီး စသည့်သစ်သီးဝလံများ ပေါများစွာထွက်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ ဒေသထွက်သစ်သီးဝလံများအနက် ဒူးရင်း၊ မင်း ကွတ်၊ ကျွဲကော၊ ပိန္နဲ၊ ကြက်မောက် တို့ကို မြို့နယ်အတွင်း ရောင်းချခြင်းအပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ပါ တင်ပို့ရောင်းချကြသည်။ ရှောက်၊ သံပရာ၊ နာနတ်၊ ကတွတ်၊ မရန်းသီးများကို ယိုမျိုးစုံ ပြုလုပ်လျက် ရောင်းချကြသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျိုက်ထိုမြို့၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region, One Product) မှာယိုမျိုးစုံဖြစ်သည်။ ကျိုက်ထိုမြို့နယ်တွင် ယိုမျိုးစုံလုပ်ငန်းပေါင်း ၃၀ ကျော်ရှိရာ ထုတ်လုပ်သော ယိုများမှာ သီးစုံယို၊ ရှောက်ယို၊ နာနတ်ယို၊ သရက်ယို၊ သံပရာယို၊ မရန်းယို၊ စွန်ပလွံယို၊ ကတွတ်ယို၊ စောင်းလျားသီးယို၊ ဖရုံယိုတို့ဖြစ်ကြသည်။ အဆိုပါယိုများကို ပြုလုပ်ရာတွင် သီးကြေယို၊ သစ်သီးယိုအခြောက်၊ သီးခွံယို၊ သကြားပွင့်ယိုဟူ၍ ယိုပြုလုပ်နည်း အမျိုးမျိုးရှိရာ သစ်သီးယိုပြုလုပ်နည်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

သီးကြေယိုပြုလုပ်ပုံ

သီးကြေယို (Jem) ပြုလုပ်ရာတွင် သစ်သီးများကို ကြေအောင်ချေပြီး သီးကြေ ၄၅ နှင့် သကြား ၅၅ ရာခိုင်နှုန်းတို့ကို ရေခန်း(ပျစ်)အောင်ကျိုရသည်။ မူလကပင် ပက်တင်း (Pectin) ဓာတ်ကြွယ်ဝသော အသီးများတွင် ပက်တင်းဓာတ်ထည့်ရန် မလိုသော်လည်း မကြွယ်ဝသော အသီးများတွင် ပက်တင်းဓာတ်ကို ထည့်ပေးမှ ခဲပျစ်အား ကောင်းလာသည်။

သစ်သီးယိုအခြောက်ပြုလုပ်ပုံ

သစ်သီးယိုအခြောက် (Preserved) ပြုလုပ်ရာတွင် သစ်သီးအမျိုးအစားအလိုက် အချိုဓာတ်လိုအပ်မှု မတူညီကြချေ။ အချိုဓာတ်ရရှိစေဖို့ သကြား၊ ကြံသကာ၊ ထန်းလျက်တစ်မျိုးမျိုးကို ထည့်ပေးရသည်။ ယိုဖြစ်အောင်ကျိုပြီး အခြောက်လှန်းရသည်။ ဥပမာ-သရက်၊ မရမ်းယိုမျိုး။

သီးခွံယိုပြုလုပ်ပုံ

သီးခွံယို (Marmalade) ပြုလုပ်ရာတွင် သစ်သီးရည်၊ သစ်သီးဖတ်နှင့် အခါးဓာတ်ကုန်အောင် ပြုပြင်ထားသော အခွံတို့ကို သကြား နှင့် ၄၀ : ၆၀ (သို့မဟုတ်) ၅၀ : ၅၀ (အလေးချိန်နှင့်) အချိုးရောပြီး ကျိုရသည်။ ရှောက်၊ လိမ္မော်တို့ကို ယိုထိုးထားရသဖြင့် သစ်သီး၏ အချဉ်ဓာတ်၊ စားသုံးသူ၏ အကြိုက်လိုက်၍ အချိုဓာတ်အချိုးကို အနည်းငယ်ပြုပြင်ပြောင်းလဲနိုင်သည်။ အခွံကို ထုံးကြက်တက်ရည်တွင် သစ်သီးအမျိုးအစားအလိုက်စိမ်ပြီး ရေဆေး၍ ထည့်ရသည်။ ကြက်တက်ရည်မှာ ကွမ်းစားထုံးကို ရေဖျော်ပြီး၊ အနယ်ထိုင်သွားသောအခါ အပေါ်ယံမှ အရည်ကြည်ဖြစ်သည်။

သကြားပွင့်ယိုပြုလုပ်ပုံ

သကြားပွင့်ယိုပြုလုပ်ရာတွင် သစ်သီး၏  အချိုဓာတ်ပေါ် မူတည်ပြီး သကြားများများ (၇၀ - ၉၀ ရာခိုင်နှုန်း)ထည့်၍ ကျိုရသည်။ အချဉ်ဓာတ်များသော သစ်သီးကို ထုံးကြက်တက်ရည်တွင် ၅-၁၅ မိနစ်ခန့်စိမ်ထားပြီး ရေဆေး၍ ယိုထိုးရသည်။ ယိုထိုးရာမှာ သကြားပွင့်လာအောင် ထိုးရသည်။ ဥပမာ - ကျောက်ဖရုံယို။

သတိထားရမည့်အချက်မှာ ယိုကျိုမည့်အိုးခွက်သည် ဒယ်ကဲ့သို့ အဝကျယ်ရမည်။ စောက်တိမ်ရမည်။ စတီးအိုးသည် အကောင်းဆုံးဖြစ်သည်။ အလူမီနီယံ (ဒန်)အိုးကိုလည်း အသုံးပြုနိုင်သည်။ သို့ရာတွင် သွပ်အိုး၊ သံအိုး တို့ကို သုံးပါက အရောင်နှင့် အနံ့ပျက်နိုင်သည်။ ကြေးအိုးကို သုံးပါကလည်း ဗီတာမင်ဓာတ်ကို ပျက်စေသည်။ ကြေးနံ့လည်း ရရှိနိုင်သည်။ ယောက်မ၊ ဇွန်းတို့သည် သစ်သား၊ ဆန်ခါသည် ဝါး သို့မဟုတ် စတီးတို့ကို သုံးရသည်။

ကျိုက်ထိုဒေသမှ ထုတ်လုပ်သော ယိုမျိုးစုံများကို ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးဆိုင်များ၊ ရန်ကုန်-မော်လမြိုင် လမ်းဘေးဝဲ/ယာရှိ ဈေးဆိုင်များ၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ကျိုက်ထိုဒေသထွက် ယိုစုံများ၏ အဓိကဈေးကွက်မှာ ဘုရားဖူးရာသီ၌ အနယ်နယ်အရပ်ရပ်မှ ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်များကို အဓိကအားထားနေရကြောင်း သိရှိရသည်။ ဈေးနှုန်းများမှာ ရှောက်ယို၊ နာနတ်ယို၊ သရက်ယို၊ သံပရာယို၊ စွန်ပလွံယို၊ ကတွတ်ယို၊ ဖရုံယိုများမှာ ၂၅ ကျပ်သားပါ တစ်ဘူးလျှင် ကျပ် ၂၅၀ဝ၊ ငါးကျပ်သားပါ တစ်ထုပ်လျှင် ကျပ် ၆၀ဝ၊ မရမ်းယို ၂၀ ကျပ်သားပါ တစ်ဘူးလျှင် ကျပ် ၂၄၀ဝ၊ ငါးကျပ်သားပါ တစ်ထုပ်လျှင် ကျပ် ၇၀ဝ ဖြင့် ရောင်းချကြောင်း သိရှိရသည်။

ယိုစုံလုပ်ငန်းရှင်များအနေဖြင့် အများစုမှာ ဆန်းသစ်တီထွင်မှု အားနည်းပြီး သမားရိုးကျ လုပ်ကိုင်ဆောင်ရွက်လျက်ရှိခြင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း အစဉ်အလာဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ကြပြီး အစုအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုအားနည်းခြင်း၊ ဈေးကွက်လိုအပ်ချက်ကို သိရှိလေ့လာမှုအားနည်းခြင်း၊ ငွေကြေးအရင်းအနှီးခက်ခဲခြင်း၊ ထုတ်လုပ်မှုနှင့်ဈေးကွက်သည် ပြည်တွင်း၌သာရှိနေခြင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် ကျွမ်းကျင်မှုမရှိခြင်း၊  သုတေသနဆောင်ရွက်မှု အားနည်းခြင်း စသည့် အားနည်းချက်များကို တွေ့ရှိရသည်။ 

အားသာချက်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိနိုင်ခြင်း၊ ကျေးလက်လူမှုစီးပွားဘဝ မြှင့်တင်နိုင်ခြင်း၊ ပြည်ပပို့ကုန်အလားအလာရှိသည့် ထုတ်ကုန်များကို ဖော်ထုတ်နိုင်ခြင်း စသည့်အားသာချက်များ ရှိပါသည်။

ကျိုက်ထိုမြို့၏ ထုတ်ကုန်တစ်ခုဖြစ်သည့် ယိုမျိုးစုံထုတ်လုပ်ခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးအရင်းအနှီးများ ပံ့ပိုးပေးရန်လိုအပ်ခြင်း၊ ဈေးကွက်ရရှိရေးနှင့်ဆက်နွှယ်သည့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်၊ ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်ရရှိရေးအတွက် ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများ ဆောင်ရွက်ပေးရန် လိုအပ်သည်။

နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၄)ရပ်တွင် ပါဝင်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးကူညီခြင်း၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံကာ ကုန်ထုတ်လုပ်ငန်းများကို လုပ်ကိုင်ကြသော ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region, One Product) အစီအစဉ်ကို အားပေးကူညီခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ကိုးကား- ဒေါက်တာချစ်၏ ကျေးလက်စီးပွားပြည်သူ့အားစာအုပ်မှ ယိုမျိုးစုံလုပ်ငန်းအကြောင်းမှ ကိုးကားဖော်ပြထားပါသည်။

မိုးမိုး(မွန်)