Main menu

Background

စစ်ကိုင်းမြို့၏ ဒေသထွက်ကုန် ကျောက်ပျဥ်၊ ကျောက်ငရုတ်ဆုံလုပ်ငန်း

Tue, 04/25/2023 - 15:22 -- journal_editor

ပန်းတမော့ အတတ်ပညာကို ယခုခေတ်တွင် “ကျောက်ဆစ် ပညာ”ဟုခေါ်ကြသည်။ “ပန်”သို့မဟုတ် “ပန်း”ဟုခေါ်ခြင်းမှာ လှပအောင်ပြုသော အနုပညာကို တင်စား၍ခေါ်သော မြန်မာစကား ရိုးရိုးပင်ဖြစ်သည်။ “တမော့”မှာ မွန်စကား“ကျောက်”ကို ခေါ်သည်။ “ပန်းတမော့” မှာ ကျောက်ကိုလှပအောင် ထွင်းထုပြုလုပ်မွမ်းမံခြင်း အဓိပ္ပာယ်ဖြစ်သည်ဟု ရှေးသုတေသီတို့ ယူဆခဲ့ကြသည်။
ပုဂံခေတ်ဟောင်း အချိန်လောက်ကပင် တိုးတက်ထွန်းကား နေခဲ့သော ပန်းတမော့အတတ်ပညာသည် ဗိဿနိုးနှင့် သရေခေတ္တရာကောင်းစားချိန်ကပင် ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်းကို မြေအောင်းပစ္စည်းများအရ သိရသည်။   သရေခေတ္တရာထက် ရှေးကျသည်ဟု ယူဆကြသော ဗိဿနိုးမြို့ဟောင်းကြီး တူးဖော်ရာဝယ် အုတ်တိုက်အမှတ်-၂အတွင်း  မြို့ပေါက်အဝင်၌ ကျောက်ရုပ်ကြွကြီးနှစ်ခုတို့၏ အောက်ခြေပိုင်းများကို တွေ့ရှိရခြင်းအားဖြင့် ဗိဿနိုးခေတ်က ပန်းတမော့အတတ်ပညာများ ထွန်းကားခဲ့ကြောင်း သိရှိရသည်။  ပန်းတမော့အတတ်ပညာသည် မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်သော စကျင်ကျောက်၊  သလင်းကျောက်၊ ဂဝံကျောက်၊ နှမ်းဖတ်ကျောက် စသော ကျောက်မျိုးကို ရှေးခေတ်အစဉ်အလာအတိုင်း ရုပ်လုံးရုပ်တုများ ထုလုပ်၍ အချောကိုင်အမွှမ်းတင်ရသော သုခုမ အနုပညာတစ်ရပ်ဖြစ်သည်။
ပန်းတမော့အတတ်ပညာသည် ရှေးအခါက ဗုဒ္ဓ၏ရုပ်တုတော်များကိုသာ အများဆုံးထုလုပ်ခဲ့ကြသည်။ ယခုအခါ ထိုအတတ်ပညာဖြင့် ရုပ်ပုံအမျိုးမျိုးထုလုပ်ခြင်း၊ လူသုံးကုန်ပစ္စည်းများဖြစ်သော ကျောက်ပျဥ်၊ ကျောက်ငရုတ်ဆုံ၊ ကျောက်ကြိတ်ဆုံ စသည်တို့ ပြုလုပ်သုံးစွဲလာကြောင်း သိရသည်။
ကျောက်ဆစ်အတတ်ပညာကို အဘိုးအမွေသား၊ သားအမွေ မြေးဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းအမွေအဖြစ် ဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာ၌ အိမ်တွင်းမှု ကျောက်ဆစ်လုပ်ငန်းများဖြစ်သော ကျောက်ပျဉ်၊ ကျောက် ငရုတ်ဆုံလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင် ၂၇ ဦးခန့်ရှိကြောင်း သိရှိရသည်။  ဒေသခံများ၏အဆိုအရ ကျောက်တာကျေးရွာတွင် ကျောက်ပျဉ်လုပ်ငန်းကို မြန်မာသက္ကရာဇ် ၁၁၇၉ ခုနှစ် ခရစ်နှစ် ၁၈၁၇ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ကြီးလေးကြီး အပါအဝင် ဖြစ်သည့် ကြက်ထောင့်ကန်တော်ကြီး တည်ချိန်၌ လိုအပ်သည့် ကျောက်များကို မင်းဝံတောင်ရိုးမှ ထုတ်ယူသုံးစွဲရင်း ကျောက်ပျဉ် လုပ်ငန်း  အစပြုခဲ့သည်ဟု ဆိုကြသည်။  ယခုအခါတွင် မင်းဝံတောင်ရိုးမှ လိုအပ်သော ကုန်ကြမ်းဖြစ်သည့် ကျောက်များဖြင့် မလုံလောက်၍ ကန့်ဘလူခရိုင်၊ ကို့တောင်ဘို့ မြို့နယ်မှထွက်ရှိသော ကျောက်ကုန်ကြမ်းကို ဝယ်ယူအသုံးပြုကြပြီး ထွက်ရှိကုန်ချောများဖြစ်သော ကျောက်ပျဉ်၊ ကျောက်ငရုတ်ဆုံတို့ကို စစ်ကိုင်းမြို့ပေါ် တန်ခိုးကြီးဘုရားများရှိ အရောင်းဆိုင်များနှင့်ဈေးများ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြန်မာပြည်အနှံ့အပြားရှိ  မြို့ကြီးများ သို့ တင်ပို့ရောင်းချကြသည်။ 
လုပ်ငန်းရှင်များသည် လုပ်သားအဖြစ် အမျိုးသမီးများကို အများဆုံးအသုံးပြုပြီး လုပ်သားအမျိုးသားများကို အသုံးပြုမှု နည်းကြောင်း၊ လုပ်ငန်းရှင်တစ်ဦးလျှင် အမျိုးသမီး ငါးဦးမှ ၁၀ဦးအထိ အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပြီး လုပ်သားများ၏လုပ်ငန်း ကျွမ်းကျင်မှုနှင့် လုံ့လဝီရိယအားစိုက်မှုပေါ်မူတည်၍ လုပ်သားတစ်ဦး တစ်ရက်လုပ်အားခမှာ ကျပ် ခုနစ်ထောင်မှကျပ် နှစ်သောင်း ကြားရရှိကြောင်း သိရသည်။ အရွယ်အစားကြီး/သေးနှင့် ထုအမြင့် ပေါ် မူတည်၍ ရောင်းဈေးနှုန်းများမှာ ကျောက်ပျဉ်တစ်ချပ်လျှင် ကျပ် ၃၀ဝ၀၊ ကျပ် ၅၀ဝ၀၊ ကျပ် ၁၂၀ဝ၀၊ ကျောက်ငရုတ်ဆုံတစ်ခု လျှင် ကျပ် ၃၀ဝ၀၊ ကျပ် ၅၀ဝ၀၊ ကျပ် ၈၀ဝ၀၊ ကျောက်ကြိတ်ဆုံတစ်ခု လျှင် ကျပ် ၁၀ဝ၀ဝ၊ ကျပ် ၁၅၀ဝ၀၊ ကျပ် ၂၀ဝ၀ဝ၊ ဓားသွေးကျောက် တစ်ခုလျှင် ကျပ် ၁၀ဝ၀၊ ကျပ် ၂၀ဝ၀၊ ကျပ် ၃၀ဝ၀ ဈေးအသီးသီးဖြင့် ရောင်းချကြောင်း သိရှိရသည်။
ကျောက်ပျဉ်ကိုအသုံးမပြုဘဲ နိုင်ငံခြား သို့မဟုတ် ပြည်တွင်းမှ ခေတ်ပေါ်အလှကုန်ပစ္စည်းများမည်မျှပင်ခြယ်မှုန်းကြပါစေ၊သနပ်ခါး လိမ်းခြယ်သည့် ယဉ်ကျေးမှု ထွန်းကားရာ မြန်မာနိုင်ငံအဖို့ မြန်မာ့ သနပ်ခါးလိမ်းခြယ်မှုအလေ့အထသည် မြန်မာအမျိုးသမီးများအတွက် အစဉ်အမြဲတည်ရှိနေမည်ဖြစ်သဖြင့် ကျောက်ပျဉ်လုပ်ငန်းသည်လည်း တိမ်မြုပ်ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ထာဝရ ရှင်သန်နေမည့် အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

 

သန်းသန်းတင် (မုံရွာ)