မြန်မာနိုင်ငံတွင် အိုးလုပ်ငန်းကို ရှေးနှစ်ပေါင်း ၅၀ဝ ခန့်က စတင်လုပ်ကိုင်လာကြကြောင်း သိရသည်။ ရှေးယခင်ခေတ်များက အစားအသောက်များ ချက်ပြုတ်စားသောက်ရာတွင် ဝါးဆစ်ဘူး နှင့် ကျောက်ခွက်များတွင်ထည့်၍ စားသောက်ကြရာ နောက်ပိုင်း တွင် မြေကြီးဖြင့်အိုးကို တီထွင်ဖန်တီးခဲ့ကြသည်။ အိုးသည်လူတို့ အဖို့ အစားအသောက်များ ချက်ပြုတ်စားသောက်ရာတွင် မရှိ မဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။ ယခုမျက်မှောက်ကာလ တွင် ဒန်အိုး၊ သတ္တုအိုးများ ပေါ်လာသော်လည်း မြန်မာလူမျိုးများ သည် မြေအိုးကို လက်မလွှတ်ကြသေးဘဲ ထမင်း၊ ဟင်းချက်ပြုတ် ခြင်း၊ ရေနွေးအိုးကျိုခြင်းများကို ပြုလုပ်ကြသည်။ မြန်မာလူမျိုး များသည် ယခုအချိန်အထိ သုံးစွဲနေသော အိုးအမျိုးအစားမှာ သောက်ရေအိုးဖြစ်သလို နှစ်သစ်ကူးသင်္ကြန် အခါကာလတွင် အကြိုပန်းအိုးများ၊ အတာစားအိုးများ အသုံးပြုခြင်း၊ ကဆုန်ညောင်ရေသွန်း ပွဲတော်ရက်များတွင် မြန်မာအမျိုးသမီးများ မြေအိုးထဲသို့ ရေများထည့်၍ ဘုရားကျောင်းကန်ရှိ ညောင်ပင်များသို့ သွားရောက်၍ ညောင်ရေသွန်းရာတွင် အသုံးပြုကြသည်။ ကျေးလက်တောရွာများတွင် နေဝင်ဆည်းဆာချိန်၌ ရေအိုးများကိုရွက်ပြီး ရေခပ်ကြရာတွင်လည်း မြေဖြင့်လုပ်ထားသောအိုးများဖြစ် သည်။ ထိုသို့အသုံးပြုသော မြန်မာအိုးများကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
ဖောင်းကန်ဒေသထွက် မြေအိုးလုပ်ငန်း
ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဖောင်းကံရပ်ကွက်တွင် မြန်မာ့ရိုးရာ မြေအိုး၊ သဲအိုးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်သူ ၂၀ ခန့်ရှိပြီး မိသားစု တစ်နိုင်တစ်ပိုင်အဖြစ် ရိုက်ပြီးသား အိုးစိမ်းကို ဝယ်ယူ၍ အိုးဖုတ်သူ ၁၅ ဦးခန့်ရှိသည်။ အိုးဖုတ်လုပ်ငန်းကို ဖောင်းကန်ရပ်ကွက် တစ်ခုလုံးနီးပါး လုပ်ကိုင်လျက်ရှိသည်။ ဖောင်းကန်ရပ်ကွက်မှာ ပန်းတောင်းနှင့် ဥသျှစ်ပင်သို့သွားရာ ကားလမ်းမပေါ်တွင် တည်ရှိသည်။ အိုးလုပ်ငန်းကို တန်ဆောင်မုန်းလ မှစတင်ပြီး တပေါင်းလအထိ အိုးစိမ်းရိုက်၊ အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြသည်။ အိုးဖုတ်လုပ်ငန်း လုပ်ကိုင်ရာတွင် သဲအိုးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ကြပြီး အသုံးပြုသော မြေကြီးကို ငပျက် အင်းမြေမှယူ၍ ပြုလုပ်ကြောင်း သိရသည်။
အိုးဖုတ်သည့် ဖိုတစ်ဖိုတွင် အိုးဖုတ်သူနှစ်ဦးရှိပြီး မိသားစု လုပ်အား(သို့) အပြင်အလုပ်သမား သုံးဦးနှင့် အိုးပေး၊ အိုးစီ လေးဦး စုစုပေါင်းကိုးဦးဖြင့် လုပ်ကိုင်ဆောင်ရွက်သည်။ အိုးဖုတ်သည့် ဖို တစ်ဖိုလျှင် အိုးအလုံးပေါင်း သောင်းပြောင်း ၁၀ဝ၀ဝ ခန့်ရှိပြီး အိုးထုတ်လုပ်ပုံ အဆင့်ဆင့်မှာ မြေကြီး၊ သဲနှင့်ရေရောပြီး အိုးပုံထွင်း၍ တစ်နေလှန်းရသည်။ တစ်နေလှန်းပြီး အိုးများအား အလှပုံခတ်ပြီးလျှင် တစ်နေပြန်လှန်းပြီး အိုးဖုတ်ကွင်းသို့သယ်၍ မီးအေးအေးဖြင့် ရက် ၂၀ ကြာ မီးဖုတ်ပြီးပါက သုံးစွဲ၍ရသည့် သဲအိုးများ ရရှိသည်။ အိုးဖုတ်သည့်ဖို တစ်ဖိုလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကုန်ကြမ်း၊ အလုပ်သမားခ၊ သယ်ယူပို့ ဆောင်ခ အပါအဝင် ကျပ် ၃၅၀ဝ၀ဝ ခန့် ကုန်ကျကြောင်း သိရသည်။ ထွက် ရှိလာသောအိုးများကို ရောင်းချရာတွင် အိုးတစ်အိုးလျှင် ကျပ် ၁၃၀ဝ မှ ၁၅၀ဝ အထိ ရောင်းချရကြောင်း သိရသည်။ ရာသီချိန် ဖြစ်သော သင်္ကြန်ကာလနှင့် ညောင်ရေသွန်းကာလများတွင် ဝယ်လိုအား များလာသောကြောင့် အိုးဈေးများ အနည်းငယ် မြင့်လာပြီး ကျန်အချိန်များတွင် အိုးဈေးမှာပုံမှန်ဈေးများဖြင့် ရောင်းချရကြောင်း သိရသည်။ အိုးဈေးကွက်အနေဖြင့် ဖောင်းကံရွာထဲလမ်းဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်ကားလမ်းမကြီးဘေး တစ်ဖက် တစ်ချက်ပေါ်တွင် ဆိုင်များဖွင့်လှစ်၍ရောင်းချကြပြီး ခရီးသွားပြည်သူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများက ဝယ်ယူကြောင်း သိရသည်။ ထို့ပြင် ကြံခင်း၊ မြန်အောင်၊ အောင်လံ၊ ပြည်၊ ရွှေတောင်၊ မင်းတုန်း၊ ကံမ၊ တောင်ကုတ်၊ ပဒါန်းမြို့သို့တင် ပို့ရောင်းချကြောင်း သိရသည်။ ရောင်းချသော အိုးဈေးနှုန်းများ အနေဖြင့် အင်တုံ(အကြီး)တစ်လုံးလျှင် ကျပ် ၁၅၀ဝ၊ အင်တုံ (အလတ်)တစ်လုံးလျှင် ကျပ် ၈၀ဝ ၊ အင်တုံ(အသေး) တစ်လုံးလျှင် ကျပ် ၅၀ဝ၊ သောက်ရေအိုး တစ်လုံးလျှင် ကျပ် ၁၅၀ဝ၊ ရေခပ်အိုး တစ်အိုးလျှင်ကျပ် ၁၂၀ဝ၊ ပန်းအိုးတစ်အိုးလျှင် (ကြီး-လတ်- သေး) ကျပ် ၁၂၀ဝ-၁၀ဝ၀-၈၀ဝ ၊ စုဘူးတစ်လုံးလျှင် ကျပ် ၅၀ဝ၊ သင်္ကြန် အိုးတစ်အိုးလျှင် ကျပ် ၃၀ဝ ဖြင့် လက်ကားရောင်းချသော ဈေးနှုန်းများဖြစ်သည်။ အသားတင်အကျိုးအမြတ်အနေဖြင့် အိုးတစ်ဖိုလျှင် တစ်သိန်းကျပ်ခန့် ရရှိသည်ဟု သိရသည်။ ပန်းတောင်းမြို့နယ်ရှိ ဖောင်းကံအိုးလုပ်ငန်းသည် မိရိုးဖလာ အဆက်ဆက်မှ လုပ်ကိုင် သော လုပ်ငန်းဖြစ်သဖြင့် နေ့စဉ်ဝင်ငွေများ ရရှိသည့် လုပ်ငန်းဖြစ်သည်။
ချောင်းကောင်းဒေသထွက် မြေအိုး
ချောင်းကောင်းရွာသည် ပေါက်ခေါင်းမြို့နယ်တွင် ပါဝင်သော်လည်း ပြည်မြို့နယ်ရှိ ပေါင်းတလည်မြို့နှင့် အလှမ်းမဝေးသော ရွာကလေးဖြစ်သည်။ ထိုရွာတွင် မြေအိုးပေါင်းစုံ လုပ်သည့်အပြင် ကလေးကစားစရာ အိုဖုတ်များလည်း ပြုလုပ်၍ ရောင်း ချကြသည်။ ချောင်းကောင်းအုပ်စု ချောင်းကောင်းကျေးရွာတွင် အိုးလုပ်ငန်း လုပ်ကိုင်သူအရေအတွက်မှာ ၇/၈ ခု ရှှိပြီး အလုပ် သမား ၂၅-၃၀ ဦးဖြင့် အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ အိုးဖုတ်ရာ ကုန်ကြမ်းဖြစ်သော မြေစေးကို ဇတ်ငါးရာရွာမှရယူပြီး၊ အိုးဖုတ်ရန်အတွက် ဖွဲခွံကို မြို့တွင်းရှိ ဆန်စက်များမှရယူပြီး နှမ်းရိုးနှင့် ရိုးဖြတ်ကို အနီးအနားရှိ ကျေးရွာများမှ ရရှိသည်ဟု သိရသည်။ အိုးတစ်ဖိုလျှင် အိုအလုံးပေါင်း သောင်းပြောင်း ၂၀ဝ လုံးခန့် ထွက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် ကျပ် ၈၅၀ဝ၀ ခန့် ကုန်ကျကြောင်း သိရသည်။ အိုးတစ်ဖိုလျှင် အသားတင်အကျိုးအမြတ် အနေဖြင့် ကျပ် ၁၅၅၀ဝ၀ ခန့်ရရှိကြောင်း သိရသည်။ ချောင်း ကောင်းကျေးရွာမှ ထွက်ရှိသော အိုးများကို ပေါင်းတလည်ဈေး၊ အောင်လံ၊ တီတွဒ်နှင့် ဝက်ထီးကန်ဒေသများသို့ တင်ပို့ရောင်းချပြီး အိုးအကြီး အသေးအလိုက် တစ်အိုးလျှင် ကျပ် ၁၅၀ဝ-၁၂၀ဝ-၈၀ဝ-၇၀ဝ အထိ လက်ကားရောင်းချ သော ဈေးနှုန်းဖြစ်သည်။
ထို့ကြောင့် မြန်မာ့အိုးလုပ်ငန်းအနေဖြင့် ပြည်ခရိုင်တွင် ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်များတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးအနေဖြင့် လုပ်ကိုင်လာခဲ့ရာ မိသားစုဝင်ငွေများ ရရှိလာသည်။ နောက်ပိုင်းတွင် မြေဖြင့် ခေတ်မီ ဆန်းသစ်သော အလှပန်းအိုးများ၊ လူ့အသုံးအဆောင်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်သို့ ရောင်းတမ်းဝင်အောင် လုပ်ဆောင်နိုင်လျှင် ပြည်ပဝင်ငွေများလည်း ရရှိလာမည်ဖြစ်သလို အိုးဖုတ်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အကျိုး အမြတ်များ ပိုမိုရရှိလာနိုင်မှာဖြစ်ပြီး ကျေးလက်နေ ပြည်သူများအတွက် မိုးစပါးပြီး၍ နားနေချိန်တွင် အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည်ဆိုလျှင် နှစ်ပတ်လည်အလုပ်နှင့် မပြတ်ဘဲ အပိုဝင်ငွေ များရရှိနိုင်သလို အလုပ်အကိုင် အခွင့် အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရသည်။