Main menu

Background

ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေသော တောင်ပို့မှို

Mon, 06/05/2023 - 11:52 -- journal_editor

တောင်ပို့မှိုကို အချို့က ခြမှိုဟုလည်းခေါ်ကြသည်။ တောင်ပို့မှိုဟုဆိုသည့် အတိုင်း ခြကောင်ရှိသော တောင်ပို့နေရာတွင် နွေအကုန် မိုးဦးအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာအပြီးတွင် ပေါက်ရောက်တတ်သည်။ တောင်ပို့မှိုသည် ဈေးကောင်းသော အစားအစာတစ်မျိုးဖြစ်သည်။ တောင်ပို့မှိုကို သဘာဝအတိုင်း တူးယူ၍ရသလို သဘာဝနည်းဖြင့်လည်း စိုက်ပျိုး၍ရကြောင်းလည်း သိရှိရသည်။ စိုက်ပျိုးနည်းမှာ ပါဝင် ပစ္စည်းသုံးမျိုးသာရှိပြီး မိမိပတ်ဝန်းကျင်တွင် အလွယ်တကူရှာဖွေရသော ပစ္စည်းများဖြစ်သည်။ 
ခြတောင်ပို့အတွင်းပိုင်းမှ မြေသား  ၂၀ ကျပ်သားခန့်၊ ထမင်းဖြူ ၆၅ ကျပ်သား နှင့် ရေနှစ်လီတာတို့ဖြစ်သည်။ ပထမဦးစွာ တောင်ပို့မြေနှင့် ထမင်းဖြူကို  ဇလုံ တစ်ခုထဲတွင် သမအောင် မွှေပေးရပါမည်။ ထို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန့်ဘူး နှစ်ဘူးကုန်သည်အထိ မွှေပေးရပါမည်။ 
ထို့နောက် ဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျသော မပူလွန်း၊ မအေးလွန်း သောနေရာတွင် ရွှေ့ပြောင်းခြင်းမပြုဘဲ ခုနစ်ရက်ခန့် ထားရပါမည်။  ခုနစ်ရက်ကျော် သောအခါ ဇလုံ၏မျက်နှာပြင်ပေါ်တွင် အမြှုပ်အဖတ် ဖြူဖြူမည်းမည်းလေးများ တက်လာသည်ကို တွေ့ရသည်။ ထိုအဖတ်များသည် မှိုဖောက်ရန် ကျူလ္လင်ဆီ (မှိုမျိုးစေ့)များဖြစ်သည်။ ထိုမှိုမျိုးများကို ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ၊ ကောက်ရိုးဆွေးပုံ၊ သစ်ပင်အောက်ရှိ မြေဆွေးပုံအပေါ် နှံစပ်အောင်ချထားပေးရ မည်။ မှိုမျိုးစေ့များ ချထားသောနေရာအား ခုနစ်ရက်၊ ရှစ်ရက် တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့် မှိုဖူးလေးများ ထွက်လာမည်ဖြစ်သည်။ ယခုအချိန်  ပေါ်ဦးပေါ်ဖျား  တောင်ပို့မှိုများဈေးကွက်တွင် ရောင်းချနေပြီဖြစ်သည်။ အဖူးများဖြစ်သောကြောင့် ပိုချို၊ ပိုနု၍ စားရန်အလွန်ကောင်းသည်။ တောင်ပို့မှို  ၅၀ ကျပ်သားလျှင် ကျပ် ၁၅၀ဝ၀၊ တစ်ပိဿာလျှင် သုံးသောင်းကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။ 
တောင်ပို့မှိုကို သဘာဝနည်းဖြင့် အလွယ်ကူဆုံးနှင့်ကုန်ကျစရိတ်နည်းနည်း ဖြင့် မြေအများကြီးရှိဖို့မလိုဘဲ အိမ်တွင်းတိုက်ခန်း၊ကွန်ဒိုနေသူများပါ ပန်းအိုးအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်သည်။ ထို့ကြောင့် တောင်ပို့မှိုသည် စီးပွားဖြစ်  ထုတ် လုပ်ရောင်းချနိုင်သလို တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍မိသားစုဝင်ငွေရရှိအောင် စိုက်ပျိုး ထုတ်လုပ်ရောင်းချနိုင်သဖြင့် စိုက်ပျိုးသင့်သော ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။                                              

   ယဉ်သိမ့်နွေး(ပြည်)