Main menu

Background

ပခုက္ကူမြို့ပေါ်တွင် ချည်ထည်စောင်များ တွင်ကျယ်စွာ ရက်လုပ်နေ

Tue, 06/20/2023 - 09:48 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန မကွေး တိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည်  တိုင်းဒေသကြီးနှင့် ခရိုင် ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင် အမှတ် (၁၅)ရပ်ကွက်ရှိ လက်ရက်ကန်း လုပ်ငန်းရှင်တစ်ဦး နှင့်တွေ့ဆုံ၍ ခရိုင်အတွင်း ချည်ထည်စောင်များ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ 
ပခုက္ကူမြို့နယ်တွင် ယခင်က လက်ရက်ကန်း များကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်။ ယခုအချိန်တွင် စက်ရက်ကန်းများပါ သုံးစွဲမှုများ ပြားလာ၍ လက်ရက်ကန်း ရက်လုပ်မှုများ လျော့နည်းသွားကြောင်းလည်း တွေ့ရှိရသည်။ ရက်လုပ်ခဲ့သော အထည်များမှာ  ကျားဝတ်လုံချည် အမျိုးမျိုး၊  မဝတ်လုံချည်  အမျိုးမျိူး၊ လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါ၊ ဝါဒစောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုးစောင်များကို အဓိက ရက်လုပ်ခဲ့ကြောင်း သိရှိရသည်။ ယခုအခါတွင် လက်ရက်ကန်းများ အပြင် စက်ရက်ကန်းများကိုပါ အသုံးပြုလာကြပြီး  အများစုမှာ အနံလွန် ခေါက်ချိုးစောင်များကို ရက် လုပ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။
အနံလွန်ခေါက်ချိုးစောင်  လက်ရက်ကန်း တစ်တန်းတွင် တိုင်ချည် ၁၄ ထုပ်၊ တစ်ထုပ်လျှင် ၁၈ လိမ်ပါဝင်ပြီး  တစ်လိမ်လျှင် နှစ်ခင် ပါဝင် ကြောင်း၊ ဖောက်ချည်တွင် ဖောက်ချည်ထုပ် ငါး ထုပ်၊ တစ်ထုပ်လျှင် အလိမ် ၂၀၊  တစ်လိမ်လျှင် သုံးခင် အသုံးပြုရကြောင်း၊ အသုံးပြုသော ချည် များမှာ  ဗမာချည်ခွန်ချည်ဖြစ်ပြီး တိုင်ချည်ထုပ် တစ်ထုပ်ဈေးနှုန်းမှာ ၃၃၅၀ဝ ကျပ်၊ ဖောက်ချည်မှာ ၁၀ ချည်ကို အသုံးပြုရပြီး  တစ်ထုပ်လျှင် ကျပ် ၃၅၅၀ဝ ပေးရကြောင်း၊ ချည်ထုပ်များ ဆေးဆိုးခ မှာ အရောင် အမျိုးအစားကိုလိုက်၍ တစ်ထုပ်လျှင် ကျပ် ၃၀ဝ၀- ၅၀ဝ၀- ၅၅၀ဝ ချည်စာနင်းခမှာ တစ် ထုပ်လျှင် ကျပ် ၁၈၀ဝ၊ ချည်ချခမှာ ၁၀ တွဲလျှင် ကျပ် ၃၀ဝ၀၊ ရက်ဖောက်ရက်ခမှာ တစ်တွဲလျှင် ကျပ် ၁၇၀ဝ၊ ရက်ကန်းလုပ်သားခမှာ တစ်ထည် လျှင် ကျပ် ၁၅၀ဝ ပေးရကြောင်း၊ ရက်ကန်းတစ်စင် ၏ အထွက်နှုန်းမှာ အနည်းဆုံး ၅၆ ထည်၊ အများ ဆုံး ၅၇ ထည် ထွက်ရှိကြောင်း ရက်ကန်း လုပ်ငန်း ရှင်တစ်ဦးထံမှ သိရှိရသည်။
အနံလွန်ခေါက်ချိုးစောင် တစ်ထည်၏ဈေး နှုန်းမှာ ကျပ် ၁၈၀ဝ၀ မှ ၂၅၀ဝ၀ ဖြစ်ပြီး ထွက်ရှိလာသော အထည်များကို မိမိတို့ ဒေသတွင်းသာမက   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ပုဂံနှင့် ညောင်ဦးမြို့နယ်များမှ ဟိုတယ်လုပ်ငန်းရှင်များ ကလည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။
လှိုင်ဥမ္မာဦး(ပခုက္ကူ)