Main menu

Background

ကသာခရိုင်မှထွက်ရှိသည့်ငါးကြီးချဉ်၊ ငါးလေးချဉ်အကြောင်းတစေ့တစောင်း

Tue, 07/18/2023 - 13:48 -- journal_editor

မြန်မာလူမျိုးများသည် မိမိတို့စားသုံးသည့် ထမင်းဟင်းလျာများ တွင် ချို၊ချဉ်၊ငန်၊စပ်၊ဖန်၊ခါး ရသာခြောက်ပါးကို တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်အောင်စားသုံးသည့် အလေ့အထရှိကြသည်။ ငါးတစ်မျိုးတည်း ကိုပင် အချို၊ အငန်၊  အချဉ် စသည့်အရသာစုံ ပြုလုပ်၍  နှစ်ကြိုက်စွာ စားသုံးကြသည်။ ငန်သောအရသာ ငါးပိ၊ ငါးဆားနယ်နှင့် ချဉ်သော အရသာရှိသည့် ငါးချဉ်ကိုလည်းချက်၍လည်းကောင်း၊  အစိမ်းတိုင်း သုပ်၍လည်းကောင်း စားသုံးကြသည်။ ငါးချဉ်တွင် ငါးကြီးချဉ်နှင့် ငါးလေးချဉ်ဟူ၍ နှစ်မျိုးရှိရာ ကသာခရိုင်မှထွက်ရှိသော ငါးချဉ်သည် နာမည်ကျော်ကြား လူကြိုက်များသည်။ 
ငါးကြီးချဉ်လုပ်ငန်း
ကသာခရိုင် အင်းတော်မြို့နယ်၌ ငါးကြီးချဉ်လုပ်ငန်းလုပ်ကိုင် သူပေါင်း ၁၅ဦးခန့်ရှိပြီး ယင်းတို့အနက် နားခါကျေးရွာမှ နီလာဝင်း ငါးကြီးချဉ်လုပ်ငန်းအကြောင်း တင်ပြလိုက်သည်။ နီလာဝင်း ငါးကြီး ချဉ်လုပ်ငန်းကို ၂၀၁၀ပြည့်နှစ်ကစတင်၍ လှည့်ပတ်ရင်းနှီးငွေ ကျပ် သိန်း ၁၀ဝဖြင့် လုပ်ကိုင်ခဲ့ရာ ယခုလုပ်သားတစ်ဦး  တစ်ရက်လျှင် ကျပ်၉၀ဝ၀ မှ တစ်သောင်းကြားနှုန်းဖြင့် လုပ်သား ငါးဦးကို အလုပ် အကိုင် အခွင့်အလမ်းများ ပေးထားနိုင်သည်။ ငါးကြီးချဉ် ထုတ်လုပ် သောငါးမှာ ဒေသငါးများမဟုတ်ဘဲ  ရန်ကုန်၊ မန္တလေးနှင့် ရွှေဘိုမြို့ များ၌ မွေးမြူးရေးငါး(ငါးကြင်းနက်)များကို   မှာယူပြီး ငါးကြီးချဉ် ပြုလုပ်ခြင်းဖြစ်သည်။ ပထမဦးစွာ ငါးကိုအကြေးခွံခွာ၊ ချေးထုတ်၊ ခါးရိုးထုတ်ပြီး တစ်ဆယ်သားခန့်အရွယ်တော်တုံးကာ  ရေဖြင့်သန့် စင်အောင် ဆေးကြောရသည်။ ငါးအတုံးများကို အင်တုံကြီးထဲသို့ထည့် ပြီး ဆား၊ နနွင်း၊ အချိုမှုန့်၊ အရောင်တင်မှုန့်ဖြင့် နှံ့စပ်အောင် လူးနယ် ရသည်။ ထိုနယ်ထားသော ငါးအသားများကို ပေါင်းထားသည့် ဆန် အစီး(ကောက်ညှင်းဆန်) သို့မဟုတ် ရှမ်းဆန်ထမင်းထည့်၍  နယ်ရ သည်။စေးပိုင်စွာ လူးနယ်ပြီးပါက အလုံအိုးကြီးများတွင်ထည့်ပြီးအပေါ် မှ အလေးတုံးကြီးများဖြင့် ဖိသိပ်ထားခြင်းဖြင့် အချိန်နှစ်ရက်အကြာ တွင် ဈေးကွက်ဝင် ငါးကြီးချဉ်များကိုရရှိကြောင်းသိရသည်။နီလာဝင်း ငါးကြီးချဉ်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် တစ်လလျှင်  ငါးကြီးချဉ် ပိဿာ ၃၀ဝခန့် ထုတ်လုပ်ရောင်းချနိုင်ကြောင်း သိရသည်။
ငါးကြီးချဉ်ကို အစိတ်သားထုပ်၊ ငါးဆယ်သားထုပ်၊ တစ်ပိသာ ထုပ်များကို ပလတ်စတစ် အကြည်ခံပြီး အင်ဖက်ဖြင့်ထုပ်ကာ မိမိဆိုင် တံဆိပ်ဖြင့် ရောင်းချကြသည်။  ရောင်းဈေးနှုန်းများမှာ ၂၅၀ဝကျပ်၊ ၅၀ဝ၀ကျပ်၊ တစ်သောင်းကျပ်  ဈေးအသီးသီးဖြင့် အင်းတော်မြို့ရှိ ကားဂိတ် ၁၀ဂိတ်ခန့် နှင့် ဈေးများတွင် ရောင်းချသည်။ အင်းတော်မြို့ ၌ ထုတ်လုပ်သော ငါးကြီးချဉ်လုပ်ငန်းနှင့် ဆက်နွှယ်၍ လုပ်သား ၁၅၀ ကျော်ခန့် အလုပ်အကိုင် အခွင့်အလမ်းများ   ရရှိကြောင်း သိရှိ ရသည်။
ငါးလေးချဉ်လုပ်ငန်း
ကသာခရိုင်   ကသာမြို့သည်   ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ငါးကလေးများဖြင့် ငါးလေးချဉ်လုပ်ငန်းကို ကသာမြို့ပေါ် တွင် ငါးပိ၊ ငါးခြောက်၊ ငါးချဉ်လုပ်ကိုင်သည့် ပွဲရုံလုပ်ကိုင်သူ သုံးဦး၊ မြို့ နယ်အတွင်းရှိ ပိန္နဲကုန်း၊ သဖန်းကိုင်းနှင့် မိုးတားလေးကျေးရွာများ တွင် လုပ်ကိုင်သူ  ၁၀ဦးခန့်ရှိကြောင်း သိရှိရသည်။ ကသာခရိုင်သည် မြစ်ကြိုးအင်းများစွာရှိပြီး ၎င်းအင်းများမှ   အင်းဖော်(ငါးဖော်)သည့် အချိန် သီတင်းကျွတ်လမှ တပို့တွဲလထိ ငါးလေးချဉ်များကို တွင်ကျယ် စွာ ထုတ်လုပ်ပြီး တစ်လလျှင် ငါးလေးချဉ် ပိဿာ ၇၀ဝ ကျော် ထုတ် လုပ်ရောင်းချနိုင်ကြောင်း သိရသည်။  ငါးလေးချဉ်ကို အလေးချိန်ဖြင့် ချိန်တွယ်ပြီး ရောင်းချရာ ရောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင်၇၀ဝ၀ ကျပ်မှ တစ်သောင်းကျပ်ကြား ဈေးနှုန်းအသီးသီးဖြင့် ရောင်းချသည်။ ကသာခရိုင်ရှိ အခြားမြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြား တိုင်းများသို့ တင်ပို့ရောင်းချရာတွင် ပိဿာချိန် ၁၀ ကို ခြင်းကြားများ တွင် အင်ဖက်ခံထည့်၍ တင်ပို့ရောင်းချကြောင်း သိရသည်။ ကသာ မြို့၌ ထုတ်လုပ်သော ငါးလေးချဉ်လုပ်ငန်းနှင့်ဆက်နွှယ်၍ လုပ်သား ၁၀ဝ ခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊  ကသာခရိုင်အတွင်းရှိ ဗန်းမောက် မြို့နယ်၊ ဇလုံတောင်ဘုရားသို့  ဘုရားဖူးလာရောက်သည့် ဘုရားဖူး ဧည့်သည်များနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ  ခရီးသွားဧည့်သည့်များ သည် အပြန်အမှတ်တရ လက်ဆောင်အဖြစ်  ဝယ်ယူအားပေးလျက် ရှိသော ကသာခရိုင်မှ ထွက်ရှိ သော ငါးကြီးချဉ်နှင့် ငါးလေးချဉ်များမှာ နှစ်စဉ်နှစ်တိုင်း  တိုးတက်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရ သည်။

သန်းသန်းတင်(မုံရွာ)