Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးမှ နာမည်ကျော်ကြားဆိပ်ခွန်လုံချည်များ

Mon, 08/14/2023 - 12:17 -- journal_editor

မြန်မာနိုင်ငံတွင် အမျိုးသားများဝတ်ဆင်သော လုံချည်ကို ပုဆိုး( အသံထွက် ပဆိုး)ဟုခေါ်ပြီး အမျိုးသမီးများဝတ်ဆင်သော လုံချည်ကို ထဘီ(အသံထွက်  ထမိန်)ဟုခေါ်သည်။ အမျိုးသား၊ အမျိုးသမီး ဝတ်ဆင်နည်း မတူညီသကဲ့သို့ အဆင်များနှင့်ဖွဲ့စည်း ထားပုံများမှာလည်း ကွဲပြားခြားနားပါသည်။  ရှေးအခါက အမျိုး သားများ၏ ပုဆိုးကို တောင်ရှည်ပုဆိုးဟုခေါ်ပါသည်။ တောင်ရှည် ပုဆိုးသည် အတောင် ၂၀ရှည်သောအစဖြစ်ပြီး ယခုခေတ်ဝတ်ဆင် ကြသကဲ့သို့ ကွင်းလုံးပုံ ချုပ်မထားပါ။ ယခုခေတ်ပုဆိုးဝတ်ဆင်ပုံမှာ အရှေ့ပိုင်း အစွန်းနှစ်ဖက်ကို ရှေ့လက်၌အတူတကွ ထပ်ခေါက်၍ လိပ်ပြီး ချက်အောက်နား ခါးနေရာတွင် လျှိုသွင်းထားပါသည်။ အမျိုးသမီးများသည် သုံးတောင်တစ်ထွာ ရှည်ပြီး   ရှေးအခါက အမျိုးသားများနည်းတူ ကွင်းလုံးချုပ်ထားခြင်းမရှိပါ။ အမျိုးသမီး များသည် အစတစ်ဖက်တည်းကိုသာ ရှေ့သို့ရစ်ပတ်လျက် အခြား ခါး၏ တစ်ဖက်ခြမ်းတွင် အတွင်းသို့ ထိုးသွင်းထားပါသည်။ ထဘီ အောက်နားကို ခေတ်အလိုက် အတိုအရှည် ဝတ်ဆင်လေ့ရှိသော် လည်း ဒူးအထက်သို့ မူကား မရောက်ပါ။ လုံချည်များကို များသော အားဖြင့် မချုပ်ဘဲ ရောင်းကြသည်။ သို့သော်   ယခုခေတ်တွင် အသင့်ဝတ်အထည်များအဖြစ် ရရှိနိုင်ပြီး ထဘီများကို အနောက် တိုင်း စကပ်များအတိုင်း ချုပ်ကြသည်။ လုံချည်ဖြည်ခြင်းနှင့် ပြန် ပြင်ဝတ်ဆင်ခြင်းတို့ကို အမျိုးသမီးနှင့်အမျိုးသားများသည် အများ သူငါ ရှေ့တွင် ပြုလုပ်ကြသည်ကို မကြာခဏ မြင်ရသော်လည်း အမျိုးသမီးများကပို၍ သိုသိုသိပ်သိပ် လုပ်ဆောင်လေ့ရှိကြသည်။
ရှေးက မြန်မာလူမျိုးများသည် မိမိယာမှထွက်သော ဝါဂွမ်း ကို ခူးဆွတ်၍ ဝါဖန်၊ ဗိုင်းငင်၊ ချည်ငင်၊ ချည်ချ၊ သစ်ပင်မှ ထွက် သော အစေးကို အရောင်အဖြစ် အသုံးပြု၍ အဝတ်အထည်များ ကို ကိုယ်တိုင်ရက်လုပ်ဝတ်ဆင်ခဲ့ရာ တဖြည်းဖြည်း လူနေမှုအဆင့် အတန်း တိုးတက်လာသည်နှင့်အမျှ   မိရိုးဖလာ လက်ရက်ကန်း အဆင့်မှသည် စက်ရက်ကန်းသို့ ပြောင်းလဲလာခဲ့ကြသည်။
ယခုအခါ ဆိပ်ခွန်ကျေးရွာသည်   စစ်ကိုင်းတိုင်းအတွင်း သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အမျိုးသား/အမျိုးသမီးဝတ် လုံချည်ရက်လုပ်ခြင်းဖြင့်   နာမည်ကျော်ကြား လူသိများလျက်ရှိ သည်။ ဆိပ်ခွန်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မှ ခုနစ်မိုင်ကွာဝေးပြီး ရွှေဘိုမြို့မှ   ကားလမ်းဖြင့်သွား နိုင်သည့် စံပြကျေးရွာတစ်ခုဖြစ်ပါသည်။  ဆိပ်ခွန်‌ကျေးရွာသည် မူးရေဝင်၊ ဆည်ရေသောက် လယ်မြေများနှင့်   စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည့်အပြင် ရက်ကန်းလုပ်ငန်းအား မြန်မာ့ ရိုးရာ အိမ်တွင်းမှုလုပ်ငန်းအဖြစ် ပူးတွဲလုပ်ကိုင်ခဲ့ကြသည်မှာ နှစ် ပေါင်းရာကျော်ရှိပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။
ဆိပ်ခွန်ကျေးရွာတွင် စက်ရက်ကန်းနှင့် လက်ရက်ကန်း လုပ်ကိုင်သည့်လုပ်ငန်းရှင်  ၈၀ ခန့်ရှိပြီး ဦးဝင်းမော်ဦး၊ ဆင်နှစ် ကောင်၊ ဆင်မင်း၊ တက်နေဝင်း၊ ဘရဏီ၊ ရွှေသစ္စာလုပ်ငန်းရှင်များ သည် မိမိကိုယ်ပိုင်တံဆိပ်တပ်၍  ဈေးကွက်သို့တင်ပို့ရောင်းချ ကြောင်း သိရှိရသည်။ ရက်ကန်းလုပ်ငန်းများ  ကျယ်ပြန့်များပြား လာပြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ၂၅ ရွာခန့်၌ တစ်ပိုင်တစ် နိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။

လုံချည်ထုတ်လုပ်ပုံအဆင့်ဆင့်
လုံချည်ရက်လုပ်ရန်အတွက် ရှေးဦးစွာ  ချည်ထုပ်များကို အမှုန်များ၊ ဝါဖတ်များ၊ အမှိုက်များ ကင်းစင်စေရန် ခါရကြောင်း၊ ခါပြီး ချည်များကို ရေတွင်စိမ်၍နင်းကာ ပြန်ဆည်ပြီးထုခြင်းနှင့် ရေပြန် စိမ်ခြင်းတို့ကို သုံးညအိပ် သုံးရက်ပြုလုပ်ရကြောင်း၊ ထုပြီးချည် များကိုရေညစ်ပြီး ဖွာသွားစေရန် ‌‌ရေညှစ်ပြီးခါရကြောင်း၊ထို့နောက် အသင့်ဖျော်ထားသော ဆေးဆိုးဒယ်များတွင် မိမိကြိုက်နှစ်သက် သည့် အရောင်ဖြင့်ဆေးဆိုးကြောင်း၊ ဆေးဆိုးပြီးချည်များကို ဆန် ကွဲ ထမင်းများထည့်၍ နင်းချေကာ ချည်စာ ယူရကြောင်း၊ ချည်စာ ယူပြီးချည်များကို နင်းစက် သို့မဟုတ်   ခြေထောက်ဖြင့်နင်းပြီး နေလှန်း၍ အခြောက်ခံရကြောင်း၊ ခြောက်ပြီးသော ချည်များကို ချည်စာသီးနှင့်ဖီးပြီး အတိုင်ချည်၊ အဖောက်ချည်အဖြစ် အသုံးပြု ကြောင်း လေ့လာသိရှိရပါသည်။ အတိုင်ချည်အတွက် ယောက်လုံး ဖြင့်ချည်ချ၍ ရဟတ်ပုတ်ခြင်းဖြင့် အတိုင်ဆင်ပြုလုပ်ရပြီးအဖောက် ချည်အတွက်  ချားတွင်တပ်ကာ ရက်ဖောက်ဖြင့် ရစ်သွင်းယူရ သည်။ ၎င်းရက်ဖောက်ကို လွန်းအိမ်တွင်တပ်ဆင်ကာ အတိုင်ချည် များကြားတွင် လွန်းအိမ်ကို ပြေးစေခြင်းဖြင့် အထည်များ ရက် လုပ်ကြသည်။ ယခုစက်ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ အများစု သည် ဆေးဆိုးပြီးချည်များကို ဝယ်ယူရက်လုပ်ကြကြောင်း သိရှိ ရ သည်။

ရက်လုပ်သည့် ထုတ်ကုန်နှင့် ဈေးနှုန်း၊ဈေးကွက်များ
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် စက်ရက်ကန်းစင်ပေါင်း ၄၀ဝ ကျော်ခန့်ရှိသည်။ ရက်လုပ်သည့်  ထုတ်ကုန်များမှာ အမျိုး သားဝတ် ပုဆိုးကြမ်းနှင့်အချော၊ အမျိုးသမီးဝတ် လုံချည် အကြမ်း နှင့် အချော၊  လွယ်အိတ်၊  တဘက်၊ လက်သုတ်ပဝါ စသည်တို့ကို  အဆင်ဒီဇိုင်းအမျိုးမျိုးထုတ်လုပ်ရာ အမျိုးသမီးဝတ်လုံချည်အဆင် ပေါင်း ၃၀ ခန့်ရက်လုပ်ကြောင်း သိရှိရသည်။ ရောင်းဈေးနှုန်းများ မှာ အမျိုးသားဝတ်ပုဆိုး တစ်ထည်လျှင် အနည်းဆုံး ရှစ်ထောင် ကျပ်မှ အများဆုံး ၁၆၀ဝ၀ ကျပ်ထိ၊ အမျိုးသမီးဝတ် လုံချည်တစ် ထည်(သို့မဟုတ်) အင်္ကျီနှင့် လုံချည်တွဲလျက် တစ်ထည်လျှင် အနည်းဆုံး ကျပ် ၈၀ဝ၀မှ အများဆုံး လေးသောင်းကျပ်ထိ၊ အဆင် ဒီဇိုင်းနှင့် အရည်အသွေးပေါ်   မူတည်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချကြသည်။ ဆိပ်ခွန်ကျေးရွာမှ ထုတ်လုပ်သည့် ဆိပ်ခွန်လုံ ချည်များကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် မန္တလေးမြို့သို့ အများဆုံး တင်ပို့ရောင်းချကြောင်း ရက်ကန်းလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
ဆိပ်ခွန်ရက်ကန်းလုပ်ငန်းများ    ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စက်ရက်ကန်းများသည် လျှပ်စစ်မီးကို   အသုံးပြု၍ လည်ပတ်ရ သဖြင့် လျှပ်စစ်မီးပုံမှန်ရရှိရန် လိုအပ်ခြင်း၊ ချည်အမျိုးမျိုး၊ ချည်ဆိုး ဆေးအမျိုးမျိုးနှင့် ဆေးဆိုးပြီး ချည်(အရောင်စုံ) အရောင်းဆိုင်များ၊ ရက်လုပ်ပြီး အထည်ချောများ ပြန်လည် ဝယ်ယူမည့် ဖောက်သည် ဆိုင်ကြီးများရှိပါက   ဆိပ်ခွန်ရက်ကန်းလုပ်ငန်းသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း  ရက်ကန်းလုပ်ငန်းရှင် အချို့ထံမှ သိရှိရသည်။

 

သန်းသန်းတင် (မုံရွာ)