Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးမှ နာမည်ကျော်ကြားရွှေဘိုပေါ်ဆန်းဘေးကြား

Mon, 09/11/2023 - 10:53 -- journal_editor

မြန်မာနိုင်ငံသည် တောတောင်ရေမြေ ရာသီဥတုအနေ အထား ကောင်းမွန်ပြီး စိုက်ပျိုးမြေ ပြွေါကယ်ဝသည့်အလျောက် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါး ကျီတစ်ခုဖြစ်ပြီး  ရွှေဘိုခရိုင်အား ဆန်စပါးစိုက်ပျိုးမှု၌ စစ်ကိုင်း တိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် တင်စားနိုင်သည်။ ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်၌  ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ် စုစုပေါင်း ခြောက်မြို့နယ်ရှိပြီး ၎င်းမြို့နယ် ခြောက်မြို့နယ်၏ သဖန်းဆိပ်ဆည် ရေသောက်လယ်ဧက ၄ ဒသမ ၄ သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧကသုံးသိန်းကျော်ထိ တိုးတက်စိုက်ပျိုး လာကြောင်း သိရသည်။ ရွှေဘိုပေါ်ဆန်းစပါးသည် ရွှေဘိုဒေသ၏ ရေမြေ  ရာသီဥတုနှင့် ကိုက်ညီမှုရှိခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်ထုတ်လုပ် ဖြန့်ဖြူးလာခြင်းတို့ကြောင့် တင်ပို့ရောင်းချသူ များက   ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ချဲ့ထွင်နိုင်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ  တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနများနှင့်ပူးပေါင်း၍  အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်း မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ဈေး ကွက်ခိုင်မာသော စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးခြင်း၊ အဆင့်မြင့် လယ်ယာများ ဖော်ထုတ်ခြင်း၊ သိပ္ပံနည်းကျ (GAP) စနစ်ဖြင့် စိုက်ပျိုးခြင်း စသည့် နည်းလမ်းများကို လိုက်နာအကောင်အထည် ဖော်၍ မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ရွှေဘို ပေါ်ဆန်းကို ဦးစားပေး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရ သည်။
ရွှေဘိုပေါ်ဆန်း စတင်စိုက်ပျိုးခဲ့သည့် နောက်ခံသမိုင်း
ရွှေဘို‌ပေါ်ဆန်းကို ၁၉၉၇-၁၉၉၈ ခုနှစ်ခန့်တွင် ရွှေဘို မြို့နယ် သီးလုံးကျေးရွာရှိ တောင်သူ ဦးထွန်းရီ၊ ဒေါ်ကြည်ညွန့် တို့က ရန်ကုန်တိုင်းဒေသကြီး ‌ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး လေးပြည်ယူဆောင်ခဲ့ပြီး ၎င်းလယ် မြေတွင် စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ ပြည်သူများသည် စားသုံးသည့်ဓလေ့မတူ၍ ပထမတွင် တောင်သူကြိုက်နှစ်သက်မှု နည်းပါးသော်လည်း နှစ် အနည်းငယ်ကြာမှ ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီမှုရှိ၍ စိုက်ပျိုးဖြစ်ထွန်းခြင်း၊  အထွက်နှုန်းသင့်တင့်ခြင်း၊ ဆန်ထွက် ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်း၊ ဒေသတွင်းဘာသာ ရေး၊ လူမှုရေးပွဲများတွင် ပေါ်ဆန်းဘေးကြားဆန်ဖြင့် ကျွေးမွေး ဧည့်ခံခဲ့ရာမှစ၍ လူကြိုက်များလာသည့်အပြင် ရွှေဘိုဒေသတွင် စိုက်ပျိုးသည့် အခြားသောစပါးမျိုးများထက် ဈေးနှုန်းပိုမိုရရှိခြင်း တို့ကြောင့်   ဒေသခံတောင်သူများ   စိတ်ဝင်စားမှုရှိလာကာ တောင်သူအချင်းချင်း မျိုးဖလှယ်၍ စိုက်ပျိုးခဲ့ရာမှ တဖြည်းဖြည်း စိုက်ဧက တိုးတက်လာကြောင်း လေ့လာသိရှိရသည်။
၂၀ဝ၂-၂၀ဝ၃ ခုနှစ်တွင် ပေါ်ဆန်းဘေးကြားဆန်ကို မိုးကုတ်ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကွက်စတင်ဖြစ် ထွန်းခဲ့ပြီး ရွှေဘိုမြို့ရှိ ဆန်ကုန်သည်များက စတင်ဝယ်ယူခဲ့ကြ သည်။ ထို အချိန်က စိုက်ပျိုးသော ပေါ်ဆန်းဘေးကြားစပါးမျိုးများ မှာ မျိုးကောင်းမျိုးသန့်မဟုတ်သဖြင့် ဆန်အရည်အသွေး နိမ့်ကျ ခြင်း၊ ဆန်နီများပါဝင်ခြင်း၊ ဆန်စက်များသည် အဆင့်မမီသော ကြောင့် ဆန်ဈေးကွက်တွင် ဈေးကောင်းမရရှိခဲ့ပါ။ ၂၀ဝ၄-၂၀ဝ၅ ခုနှစ် မိုးစပါးရာသီတွင် ရွှေဘိုမြို့နယ် ချီပါ မျိုးသန့်ခြံသည် ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနမှ ပေါ်ဆန်းဘေးကြားအဆင့် တစ်တင်း ၆၀  သယ်ယူ၍ မျိုးပွားခြင်း၊ ရွှေဘိုမြို့နယ် သီးလုံးကျေး ရွာရှိ အကျိုး ဆောင်တောင်သူများနှင့် ပူးပေါင်းစိုက်ပျိုးပြီး မျိုးပွား အောင် ဆောင်ရွက်ခြင်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ထွက်ရှိလာသော   မျိုးစပါးပမာဏသည်  ဒေသတွင်း လုံလောက်မှု မရှိသဖြင့် ၂၀ဝ၅-၂၀ဝ၆ခုနှစ်၊ မိုးစပါးရာသီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သရောင်းချောင်း မျိုးသန့် ခြံမှ ပေါ်ဆန်းဘေးကြား တင်း ၁၅၀၊ ဖျာပုံမြို့နယ် အောက်ကွင်း ကြီးစိုက်ကွင်းမှ ပေါ်ဆန်းရင်မျိုးသန့် အဆင့်(၁) ၁၅ တင်း  စပါး မျိုးများကိုသယ်ယူ၍ အကျိုးဆောင်တောင်သူများနှင့် မျိုးစပါး ထုတ်လုပ်မှု ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ၂၀ဝ၆-၂၀ဝ၇ ခုနှစ် နောက်ပိုင်းကာလများတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနမှ စပါးမျိုးများမှာယူပြီး ရွှေဘိုမြို့နယ် ချီပါမျိုးသန့်ခြံတွင် နှစ်စဉ် ပေါ်ဆန်းဘေးကြား မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူး ခဲ့ကြောင်း သိရသည်။
ရွှေဘိုပေါ်ဆန်းဘေးကြားစပါးသည် ဒေသတွင်းရှိ တောင်သူ အချင်းချင်း စပါးမျိုးဖလှယ်သည့် စနစ်အရ  လည်းကောင်း၊ ရွှေဘိုမြို့နယ် ချီပါမျိုးသန့်ခြံမှ မျိုးပွားပြီးဖြန့်ဖြူးပေးမှုအရလည်းကောင်း၊ ရွှေဘိုမြို့နယ်သာမက ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည့်မြို့နယ်များထိ စိုက်ပျိုးမှုမြေဧရိယာ တိုးတက်လာသည်။ ပေါ်ဆန်းဘေးကြား  စပါးမျိုးသည် ဈေးကွက်ဝင် မျိုးကောင်း မျိုးသန့်အဖြစ် ထင်ရှားလာပြီး ၂၀ဝ၆-၂၀ဝ၇ ခုနှစ်ခန့်က မန္တလေး ဈေးကွက်၌ ရွှေဘိုပေါ်ဆန်း အဖြစ် ဈေးကွက်ဝေစုရရှိခဲ့ရာ ယခုအချိန်တွင် ရွှေဘိုပေါ်ဆန်း ဆန်သည် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ထူးခြားကောင်းမွန်သော လက္ခဏာများနှင့် အရည်အသွေး
ရွှေဘိုပေါ်ဆန်း စပါးနှင့်ဆန်တို့၏ ထူးခြားကောင်းမွန်သော လက္ခဏာများနှင့် အရည်အသွေးများမှာ ‌ဒေသ၊ ရေမြေ၊ ရာသီ ဥတုနှင့် ကိုက်ညီသောကြောင့် စပါးအထွက်ကောင်းခြင်း၊ စပါး အလေးချိန်စီး၍ အနှစ်ပြည့်ဝခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန်ရည်  ဆန်သား ကောင်းမွန်ခြင်း၊ မျိုးကွဲပါဝင်မှု နည်းပြီး ဆန်နီပါဝင်မှု ကင်းစင်သဖြင့် ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ ဆန်ကိုချက် ပြုတ်ရာတွင် အမြင်လှပပြီး ထမင်း၏ အလျားရှည်သွယ်ခြင်း၊ အိုး တက်ခြင်း၊ နူးညံ့ပျော့ပျောင်းသဖြင့်  စားသုံး၍ ကောင်းခြင်း၊ အနံ့မွှေးခြင်းနှင့် ကျန်သည့် ထမင်းကြမ်းသည် အစိုမပြန်၊ အရည် မထွက်၊ အစေးမ‌ပေါက်၊ ကွဲအက်မှုမဖြစ်ခြင်း၊ မာကျောမှုမရှိသဖြင့် မနက်စာ ချက်ပြုတ်ထားသော ထမင်းကို ညနေစာအထိ ကောင်း စွာ စားသုံးနိုင်ခြင်း၊ စပါးပေါ်ချိန်မှ သိုလှောင်ချိန်ကာလထိ ဈေး ကွက်ခိုင်မာပြီး ဈေးကောင်းရရှိသဖြင့် စပါးနှင့်ဆန်ဈေးကွက်တွင် အမြင့်ဆုံးဈေးဖြင့် ရောင်းချနေရကြောင်း သိရှိရသည်။
၂၀၁၁  ခုနှစ်   အောက်တို ဘာ ၂၁ ရက် ဗီယက်နမ်နိုင်ငံ   ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ဆန် စပါး ညီလာခံတွင် ]]ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice)  အဖြစ် ရွေးချယ်သတ်မှတ်ခံရပြီး ရွှေဘိုပေါ်ဆန်းဆန်ကို ပြည် တွင်းဈေးကွက်တွင် အများဆုံးရောင်းချရပြီး ပြည်ပဈေးကွက်တွင်   မြန်မာ့ပုလဲအမည်ဖြင့် ရောင်းချလျက်ရှိကြောင်း လေ့လာ သိရှိရသည်။
ပေါ်ဆန်းစပါးများတွင်  ပေါ်ဆန်းရင်၊ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းတောင်ပျံ၊ ရွှေဘိုပေါ်ဆန်းဘေးကြား စသည်ဖြင့် မျိုး အုပ်စု တူညီသော်လည်း စားသုံးမှုအရသာမှာ တစ်မျိုးနှင့်တစ်မျိုး မတူညီကြပါ။ အမိုင်းလို့စ်ပါဝင်မှု အနည်းအများ၊ ထမင်းချက် ပြုတ်ရာတွင် အပူချိန်အနိမ့်အမြင့်၊ ဂျယ်လီဓာတ် အေးခဲမှု၊ ထမင်း သားရှည်ထွက်မှု၊ အမွှေးနံ့ပါဝင်မှုနှင့် နူးညံ့ပျော့ပျောင်း၍ စားသုံး ရာတွင် ကောင်းမွန်မှု စသည့်အချက်များက အခြားဆန်များထက် ရွှေဘိုပေါ်ဆန်းဘေးကြားဆန်၏ အရည်အသွေးနှင့် ထူးခြား သည့် ဂုဏ်သတ္တိများပင်ဖြစ်သည်။ 
စိုက်ဧက၊  အထွက်နှင့် ဈေးနှုန်းဈေးကွက်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး စိုက်ဧကပေါင်း ၁၈၁၉၉၉၀  ဧကနှင့် နွေစပါးစိုက်ဧကပေါင်း ၁၁၇၇၁၄ ဧက စုစုပေါင်းစိုက်ဧက ၁၉၃၇၇၀၄ဧက စိုက်ပျိုးနိုင်ခဲ့ ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ  သိရှိရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဧရာမင်း၊ ရွှေဘိုပေါ် ဆန်းဘေးကြား၊ မနောသုခ၊ ဆင်းသုခ၊ ပုလဲသွယ်၊ ဆင်းသွယ်ရင်၊ ရွှေသွယ်ရင်၊ ရွှေဝါထွန်း၊ ဆင်းကရီ-၃၊ မှော်ဘီ-2 IR ၇၄၇ ၊ ရက် ၉၀၊ တောင်ယာ၊ ဧည့်မထနှင့် အခြားမျိုးများကို စိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသည့်မျိုးမှာ  ရွှေဘိုပေါ်ဆန်းဘေးကြားနှင့် ဧရာမင်းမျိုးတို့ဖြစ်ကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး တွင် ရွှေဘိုပေါ်ဆန်းဘေးကြား စိုက်ဧက စုစုပေါင်း ၃၅၅၆၂၇ ဧကရှိသည့်အနက်  ရွှေဘိုခရိုင်နှင့်   ရေဦးခရိုင်တို့တွင် ရွှေဘို ပေါ်ဆန်းဘေးကြား စိုက်ဧက ၃၃၅၇၄၈ ဧက စိုက်ပျိုးပြီး ပျမ်းမျှ အထွက်နှုန်းမှာ တစ်ဧကလျှင် ၈၁ တင်းခန့်ဖြစ်ကြောင်း သိရ သည်။ 
ရွှေဘိုပေါ်ဆန်းဘေးကြား စပါးမျိုးသည် ရာသီစပါးမျိုးဖြစ် ပြီး ပုံမှန်အားဖြင့် ဇူလိုင်  တတိယပတ်တွင် ပျိုးထောင်စိုက်ပျိုးပါက အောက်တိုဘာ  တတိယပတ်တွင်   သန္ဓေကပ်ကာ နိုဝင်ဘာ တတိယပတ်တွင်  ပန်းပွင့်၍  ဒီဇင်ဘာ တတိယပတ်၌  ရိတ် သိမ်းနိုင်သဖြင့် သက်တမ်း ၁၅၀ ရက်ရှိသည်။ ယခင်နှစ် စပါး ပေါ်ချိန် ရွှေဘိုပေါ်ဆန်းဘေးကြား တင်း ၁၀ဝ ပေါက်ဈေးနှုန်းမှာ ကျပ်တစ်ဆယ့်ခြောက်သိန်ငါးသောင်းမှ နှစ်ဆယ့်တစ်သိန်းငါး သောင်းထိ၊ ဆန်တစ်အိတ် (၅၀ကီလို) လျှင် ကျပ်ငါးသောင်းရှစ် ထောင်မှ ကျပ်ရှစ်သောင်းထိ ပေါက်ဈေးနှုန်းရှိခဲ့ကြောင်း သိရ သည်။ ယခု ၂၀၂၃ ခုနှစ် သြဂုတ်လ ပေါက်ဈေးမှာ စပါးတင်း ၁၀ဝလျှင် ကျပ်နှစ်ဆယ့်ကိုးသိန်းမှ ကျပ် သုံး ဆယ့်ခုနစ်သိန်းထိ၊ ဆန်တစ်အိတ် (၅၀ကီလို)လျှင် ကျပ်ကိုးသောင်းခြောက်ထောင်မှ ကျပ်တစ်သိန်းသုံးသောင်းထိ ပေါက်ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။  ရွှေဘိုပေါ်ဆန်းဘေးကြား ဆန်များကို တိုင်းဒေသကြီးအတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မကွေး၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်) စသည့် မြန်မာနိုင်ငံ အနှံ့အပြားသို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် နာမည် ကျော်သည့် ရွှေဘိုပေါ်ဆန်းဘေး ကြားဆန်သည် နှစ်စဉ် ဝယ်လို အား တိုးတက်မြင့်မားလာသည်နှင့်အညီ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှာလည်း နှစ်စဉ် တိုးမြှင့်စိုက်ပျိုးထုတ်လုပ်လျက် ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

သန်းသန်းတင်(မုံရွာ)