အုန်းပင်သည် မြန်မာနိုင်ငံအနှံ့တွင် ပေါများစွာ ပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝပေါက်ရောက်သည့် အပင်နှင့် ပြုပြင်မွမ်းမံ၍ စိုက်ပျိုးရရှိသော အုန်းပင်များစွာရှိသည်။
အုန်းပင်သည် ၁၂ လရာသီ အသီးသီးသော အပင်ဖြစ်သည့်အတွက် မြန်မာလူမျိုးတို့သည် အုန်းသီး ကို အမြတ်တနိုး အလေးထား၍ ဘုရားပွဲ၊ ကန်တော့ပွဲ၊ ဘာသာရေးပွဲ၊ ရိုးရာနတ်ပွဲများအပြင် အုန်းသီး ဖြင့် ပြုလုပ်စားသုံးရသော မုန့်ပဲသရေစာအမျိုးမျိုးတို့တွင် ထည့်သွင်းပြုလုပ် စားသုံးလေ့ရှိကြသည်။ မြန်မာ့ရိုးရာအစားအစာများထဲတွင် အုန်းသီးမပါလျှင် မပြီးပေ။ အုန်းသီးနှင့်တွဲဖက်သော အစားအစာ အမျိုးမျိုးတို့အား ထုတ်လုပ်ကြသည့်အတွက် အုန်းအမာခွံများ ထွက်ရှိလာပြီး ကုန်ကြမ်းများမှ လူသုံး ကုန်နှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်လာကြသည်။
အုန်းပင်သည် အသုံးချတတ်ပါက တစ်ပင်လုံးအသုံးဝင်သည်။ အုန်းခွံသည် ဆင်စွယ်ရောင်သန်း၍ အသားရင့်ပါက နီညိုရောင်အဖြစ်တွေ့ရှိရသည်။ အုန်းခွံ ပေါ်ရှိ အုန်းဆံမျှင်လေးများကို ကြုတ်၊ ဓားတို့ဖြင့် ရိတ်၍ ကော်ပတ်စားခြင်းဖြင့် အုန်းအမာသားပေါ်တွင် အမျှင်ပုံလေးများ ထွက်ပေါ်လာသဖြင့် ပိုမိုလှပစေ သည်။ အုန်းခွံသည် မြေ၊ ရေနှင့် မထိတွေ့ပါက နှစ်ပေါင်းကြာရှည်ခံနိုင်သော သတ္တိရှိသဖြင့် အိမ်တွင်းအလှ ဆင်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးဝင်သည်။ အုန်းခွံလက်မှုပညာဖြင့် လူသုံးကုန်ပစ္စည်း များထုတ်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ကပင်ဖြစ်သည်။ အုန်းခွံဖြင့် ကလစ်၊ ရင်ထိုး၊ သော့ချိတ်၊ နားကပ်များ ပြုလုပ်နိုင်သည့်အပြင် အုန်းအမာခွံသည် မာကျော၍ ြွကပ်ဆတ်သည့်အတွက် စားပွဲတင် ပန်းအိုးများ၊ အလှဆင်သည့်ပန်းအိုးများ၊ ပစ်တိုင်းထောင်ရုပ်များ ပြုလုပ်နိုင်သည့်အပြင် အိမ်တွင်းအလှ ဆင်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများစွာ ထုတ်လုပ်နိုင်သည်။ ထို့အပြင် အုန်းအကြောအမျှင်များဖြင့် ခြေသုတ်ခုံများ၊ တံမြက်စည်း၊ အုန်း ဘရက်ရှ် များ၊ ကော်စောများ ပြုလုပ်နိုင်သည့်အပြင် အုန်းသားဖြင့် ပန်းပုရုပ်များ၊ အိမ်ဆောက်ပစ္စည်းများကိုလည်း ပြုလုပ်နိုင်သည်။
ဈေးကွက်/ဈေးနှုန်းများအနေဖြင့် အုန်းခွံဖြင့် ပြုလုပ်ထားသည့် အလှပန်းအိုးတစ်အိုးလျှင် ကျပ် ၈၀ဝ၀ မှ ၁၀ဝ၀ဝ၊ ငှက်ရုပ်တစ်ရုပ်လျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀၊ ဆွမ်းအုပ်တစ်ခုလျှင်ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀၊ ကလစ်တစ်ခုလျှင်ကျပ် ၅၀ဝ၀၊ ရင်ထိုးတစ်ခုလျှင်ကျပ် ၅၀ဝ၀၊ သော့ချိတ်တစ်ခုလျှင် ကျပ် ၅၀ဝ၀၊ လည်ဆွဲတစ်ခုလျှင် ကျပ် ၅၀ဝ၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ယခုအခါ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိမ်မြုပ်ပျောက်ကွယ်နေသော မြန်မာ့ရိုးရာ လက်မှု အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖော်ထုတ်ခြင်း၊ စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြင့်ထုတ်ကုန် တစ်ရပ် ထွက်ပေါ် လာရေး ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာပြီး မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလာရေး၊ ကျေးရွာတစ်ရွာတွင် ထုတ်ကုန်တစ်ခု ထွက်ပေါ်လာစေရေး၊ လက်မှုလုပ်ငန်းများ ဆက်လက်ထိန်းသိမ်းခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေ ရရှိလာရေး ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအနေဖြင့် သင်ကြားပေးလျက်ရှိသည်။
ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများသည် အုန်းခွံမှ တန်ဖိုးမြင့်ထုတ် ကုန်များကို အပြိုင်အဆိုင်ထုတ်လုပ်လာကြပြီး နိုင်ငံတကာဈေးကွက်သို့ထိုးဖောက်ကာ နိုင်ငံခြားဝင်ငွေ များရရှိလျက်ရှိသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသည်လည်း ပန်း ၁၀ မျိုးကို အခြေပြုပြီး အုန်းခွံမှ လူသုံးကုန်နှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်ရန် အချိန်အခါသင့်ပေသည်။
အချုပ်အားဖြင့်ဆိုလျှင် အသက်မွေးဝမ်းကျောင်းပညာရပ်များကို စဉ်ဆက်မပြတ်ပို့ချပေးရန်နှင့် လက်မှုအနုပညာရှင်များအား ခိုင်မာသော အဖွဲ့အစည်းတစ်ခုထူထောင်၍ တန်ဖိုးထောက်ပံ့ပေးနိုင်မည် ဆိုပါက ရွက်ပုန်းသီးလက်မှုအနုပညာရှင်များ များစွာပေါ်ထွက်လာပြီး မြန်မာ့လက်မှုအနုပညာလက်ရာ များ ကမ္ဘာတွင် ပွဲလယ်တင့်စွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စန္ဒာစိုးလွင်