Main menu

Background

မကွေးတိုင်းဒေသကြီးအတွင်းရှိဆောင်းသီးနှံများ

Mon, 02/05/2024 - 11:39 -- journal_editor

ဆောင်းနေကြာ
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်း ရေရှားရပ်ဝန်းတွင်တည်ရှိပြီး   ရေမြေရာသီဥတုအခြေအနေအရ စပါးစိုက်ဧကနည်းပြီးဝမ်းစာဖူလုံအောင်စိုက်ပျိုးနိုင်ခြင်းမရှိသော် လည်း ဆီထွက်သီးနှံများဖြစ်သည့် ဆီထွက်သီးနှံ၊ပဲမျိုးစုံ၊ ဝါ၊ နေကြာ နှင့် ကြက်သွန်နီသီးနှံများ   အဓိကထားစိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အတွင်းရှိ တောင်သူများသည် ကုလားပဲ၊ မြေပဲနှင့်အတူ ဆောင်း နေကြာကို သီးညှပ်အဖြစ်စိုက်ပျိုးကြသလို သီးထပ်အဖြစ်လည်း စိုက်ပျိုးကြသည်။ အထက်မင်းလှမြို့နယ်အတွင်း ဆောင်းနေကြာ စိုက်ဧကမှာ ၄၇၀ဝ ဧကကျော်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးရာတွင် ဆင်းရွှေ ကြာ-၂မျိုးကို အများဆုံးစိုက်ပျိုး ကြပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စတင်စိုက်ပျိုး ကြောင်း၊ ကုန်ကျစရိတ်မှာ တစ်ဧကလျှင်   ကျပ် ၁၀ဝ၀ဝ၀  ခန့်သာ ကုန်ကျကြောင်း၊  အထွက်နှုန်းအနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် အများဆုံး ၁၂ တင်းထွက်ရှိပြီး  တစ်တင်းလျှင်   ကျပ် ၄၀ဝ၀ဝ မှ ၄၅၀ဝ၀ ဈေးရရှိခဲ့ပြီး ဆီအဖြစ် ပြန်လည်ကြိတ်ရာတွင်လည်း တစ် တင်းလျှင် နေကြာဆီပိဿာ သုံးပိဿာခွဲခန့်ထွက်ရှိကြောင်း၊ တစ် ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ဖြင့် ရောင်းချရ၍ နေကြာစိုက် တောင် သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များ ရရှိခဲ့ကြောင်း၊  ဆီထွက်သီးနှံဖြစ်သောနေကြာသည် စိုက်ပျိုးသည့် တောင်သူများ အတွက် အကျိုးအမြတ် ရရှိနိုင်စေရုံသာမက ဒေသတွင်း ဆီဖူလုံ စေရန်အတွက်လည်း အထောက်အကူဖြစ်စေနိုင်သည်။
ပဲကြီး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ  ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ မင်းဂံ၊ ဇီးတော စသည့် ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ဇီးတောကျေးရွာ၌ ဆောင်းသီးနှံအဖြစ် ပဲကြီးသီးနှံကို  စိုက်ပျိုး ထားကြောင်း သိရသည်။
ဇီးတောကျေးရွာ၌ ပဲကြီးစိုက်တောင်သူ ၁၀ ဦးခန့်ရှိပြီး စိုက် ဧကမှာ ၁၀ ဧကဝန်းကျင်ခန့်ရှိကြောင်း၊  မိမိအနေဖြင့်  ပဲကြီးကို တပို့တွဲလတွင်  ခူးဆွတ်ရကြောင်း၊ ပဲကြီးမှာ ပိုးကြိုက်သော သီးနှံ ဖြစ်၍ စိုက်ပျိုးစဉ်တစ်လျှောက် ပိုးသတ်ဆေး၊ အားဆေးသုံးကြိမ်စီ ပက်ဖျန်းပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က တစ် ဧကလျှင် ကျပ် ၁၅၀ဝ၀ဝ ခန့် ကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစု စရိတ်မြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင်စုစုပေါင်း ကုန်ကျ စရိတ်မှာ ကျပ် ၂၀ဝ၀ဝ၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ယခင်နှစ်ကတစ်ဧကလျှင် ၁၅ တင်းခန့်ထွက်ရှိပြီး တစ် တင်းလျှင် ကျပ် ၁၂၀ဝ၀ဝထိ ဈေးရရှိခဲ့ကြောင်း၊   ထွက်ရှိသည့် ပဲကြီးများကို အထက်မင်းလှမြို့ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။    
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊   ပျဉ်း ချောင်းအုပ်စုရှိ အောက်ကျင်း၊ ပျဉ်းချောင်း၊ ဆင်သေ၊ ဆယ်ဝ၊ ငမိုး ကြီး၊ ငမိုးလေး စသည့်ကျေးရွာများသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ စပါး၊ ငရုတ်၊ ပြောင်း၊ မြေပဲ၊ ကုလားပဲ စသည့်သီးနှံ များကို ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။
ကုလားပဲ
ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၌ ကုလားပဲ စိုက် တောင်သူ ၅၀ ဦးခန့်ရှိပြီး  စိုက်ဧက  ၇၀ ဧကဝန်းကျင်ရှိကြောင်း၊ ဒီဇင်ဘာလ အစောပိုင်းတွင် စတင်စိုက်ပျိုးကြောင်း၊  စိုက်ပျိုးပြီး သုံးလခွဲအကြာတွင်  ရိတ်သိမ်းကြောင်း၊  မိမိတို့ဒေသ  မြေအနေ အထားမှာ ခြောက်သွေ့သောကြောင့် စိုက်ပျိုးစဉ်အတွင်း ရေသုံး ကြိမ်သွင်းပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး အပါအဝင် တစ်ဧကလျှင် ကျပ်၅၀ဝ၀ဝ၀ခန့်ကုန်ကျပြီး မိမိမျိုးများဖြင့်ပြန်လည် စိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ မြေပြုပြင်ခ၊ ရေတင်ခ  အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၃၅၀ဝ ဝ၀ ခန့်သာ ကုန်ကျကြောင်း၊ ယခင်နှစ်က ကုန်ကျစရိတ်အနေဖြင့် မျိုးတစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြင့်  ဝယ်ယူရပြီး သွင်းအားစုစရိတ်အားလုံးအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ   ကျပ် ၃၀ဝ၀ဝ၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၅ တင်းမှ  တင်း ၂၀ထွက်ရှိပြီး တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ထိဈေး ရရှိခဲ့ကြောင်း၊ ထွက်ရှိသည့် ကုလားပဲများကို ပခုက္ကူမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
မုန်ညင်း
ဆောင်းသီးနှံမုန်ညင်းကို မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ် ကျောက်တန်းကျေးရွာ၊ ချောင်းဖြူကျေးရွာ စသည် တို့ရှိ ဒေသခံ တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစုအပို   ဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။  မုန်ညင်း ပင်များကို နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး အေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။    မုန်ညင်းပင်ကို ပျိုးမထောင်ဘဲ မျိုးစေ့မှ တိုက်ရိုက် စိုက်ပျိုးခြင်းသည် ပိုမိုကောင်းမွန်သဖြင့်  တစ်ကျင်းလျှင် မျိုးစေ့ငါးစေ့ခန့်ချ၍ မြေကြီးပါးပါးဖုံးပြီး စိုက်ပျိုးရသည်။ သင့်တော် သော စိုက်နည်းမှာ တစ်ပင်နှင့်တစ်ပင်ကြားအကွာအဝေး  ၁ ဒသမ ၈ ပေခန့်အကွာနှင့် အပင်အတန်းကြားအကွာအဝေး  ၂ ဒသမ ၅ ပေခန့်အကွာဖြစ်သည်။ မုန်ညင်းသည် အစိုဓာတ် အမြဲရှိနေခြင်းကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်ခြင်းကို ကြောက်သည်။ စိုက်ပျိုး ပြီး ရက် ၅၀ မှ  ၈၀ အတွင်း မုန်ညင်းများ   အထုပ်ထုပ်ပြီဖြစ်သော ကြောင့် မုန်ညင်းများကျစ်၍ မာလာလျှင်  စတင်ခူးဆွတ်ရသည်။ အထုပ်အကာအကွယ်ရစေရန်အတွက် အောက်အရွက်သုံးရွက် ချန်၍ခူးဆွတ်ရသည်။
မုန်ညင်းကို ဆောင်းရာသီအစဖြစ်သော  နိုဝင်ဘာလဆန်း တွင် စတင်စိုက်ပျိုးကြပြီး  ၄၅ ရက်အကြာတွင်  ခူး၍ရရှိပြီးဖြစ်ရာ မုန်ညင်းပင်များကိုအချို့ကပိဿာချိန်နှင့်ရောင်းချကြပြီး အချို့ကမူ အပင်လိုက်နုတ်၍ ရောင်းချပြီး တစ်ပင်လျှင် ကျပ် ၄၀ဝ၊ ကျပ် ၅၀ဝ အထိ ဈေးရရှိသောကြောင့် မုန်ညင်းပင်ကို စီးပွားဖြစ်စိုက်ပျိုးသူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။   

 

နှင်းလွင်ဦး၊ ဆုလပြည့်ဝင်း (မကွေး)