Main menu

Background

ဈေးကွက်ဝင် မြန်မာ့ကွမ်းသီးနုပေါင်း

Mon, 04/01/2024 - 10:33 -- journal_editor

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော     စိုက်ပျိုးရေးလုပ်ငန်းများတွင် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းသည်  တစ်ခုအပါ အဝင်ဖြစ်သည်။         ယခင်နှစ်ပေါင်းများစွာက ကွမ်းသီးအမှည့်အရင့်ကိုသာ   ရောင်းဝယ်ခဲ့ကြ သည်။  ယခုအခါတွင် ဈေးကွက်ဝယ်လိုအားရှိသော ကွမ်းသီးနုများမှာ အရောင်းအဝယ်ဖြစ်၍ ကွမ်းသီး စိုက်တောင်သူများအတွက်  များစွာ အထောက် အကူပြုလျက်ရှိသည်။
အရောင်းအဝယ်ပြုလုပ်ရာတွင်  ကွမ်းသီး ခြောက်  တစ်ပိဿာနှင့် ကွမ်းသီးနု တစ်ပိဿာ ဝယ်ယူဈေးနှုန်း တူညီသော်လည်း ကွမ်းသီးခြောက် (အခွံချွတ်) တစ်ပိဿာတွင် ကွမ်းသီးလုံး ၂၂၀ ခန့်နှင့် ကွမ်းသီးနု(အခွံပါ)    တစ်ပိဿာတွင် ကွမ်းသီး ၆၂ လုံးခန့်ရှိသည့်အတွက်    ကွမ်းသီးနု ရောင်းချခြင်းမှာ ကွမ်းသီးခြောက် ရောင်းချခြင်း ထက် သုံးဆခွဲခန့် ပိုမိုရရှိနိုင်ပြီး၊ ယမန်နှစ် ကွမ်းသီးနု ဈေးကွက်မှာ ကောင်းမွန်ခဲ့သဖြင့် ကွမ်းသီးမှည့်ချိန် ရောင်းချမှုထက် ကွမ်းသီးအစိမ်းနုများ ရောင်းဝယ် မှု ပိုမိုကောင်းမွန်ပြီး ကွမ်းသီးစိုက် တောင်သူများ ဝင်ငွေပိုမိုရရှိခဲ့ကြောင်း သိရှိရသည်။
ကွမ်းသီးနုပေါ်ချိန်  ယခင်နှစ်က ကုမ္ပဏီ ဝယ်ဈေးမှာ တစ်ပိဿာ ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ ထိဖြစ်ခဲ့ပြီး ယခုနှစ်ဝယ်ဈေးမှာ ကျပ် ၃၀ဝ၀ ဖြင့် စတင်ဝယ်ယူလျက်ရှိသည်။  ကွမ်းသီးနုစိမ်းများ မတ်လလယ်တွင် စတင်ထွက်ရှိကာ ဇွန်လလယ် အထိ ဝယ်ယူရရှိ နိုင်ပြီး ထွက်ကာစ ဈေးနှုန်းထက် အသီးကုန်ခါနီးချိန်တွင် ဈေးပိုမိုရရှိကြောင်း သိရ သည်။ 
ကွမ်းသီးစိမ်းအနုကို ကွမ်းသီးပင် စတင်သီး ချိန်၊ အရည်နုများ စတင်တည်ချိန်၊ အရွယ်အစား လုံးပတ်အချင်းတစ်လက်မခန့်၊ အလေးချိန် ၂၀ ါ နှင့် ၃၀ ါ အကြားတွင် ရောင်းချကြသည်။ အဝိုင်း သီးနှင့် အချွန်သီး  ပုံစံနှစ်မျိုးဖြင့် သီးလေ့ရှိပြီး အချွန်သီး(အရှည်သီး)သာ  အရောင်းအဝယ်ဖြစ် သည်။ ကွမ်းသီးအနုများကို  မီးအပူဖြင့် ပေါင်း၍ အခြောက်ခံပြီး  တရုတ်နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချကြသည်။
ကွမ်းသီးစိမ်းအနုများကို ဝယ်ယူ၍ ကွမ်းသီး နုပေါင်း   ထုတ်လုပ်လျက်ရှိသော မွန်ပြည်နယ် မော်လမြိုင်စက်မှုဇုန်(၁)    (အတ္ထရံစက်မှုဇုန်) အတွင်းရှိ ကုမ္ပဏီမှ ပေါင်းဖိုတစ်ဖိုလျှင် ကွမ်းသီးနု ရှစ်တန်၊ ဖိုပေါင်း ၁၀ ဖိုမှ တန် ၈၀ ပေါင်းခံထုတ် လုပ်နိုင်ကြောင်း၊ တစ်ကြိမ်ပေါင်းလျှင် ၄ ရက်ခွဲခန့် ကြာမြင့်ပြီး   ကွမ်းသီးနု    တန် ၈၀ ပေါင်းပါက ကွမ်းသီးနုခြောက် တန်၂၀ ရရှိကြောင်း   သိရှိရ သည်။ ထွက်ရှိသော ကွမ်းသီးနုခြောက်များအား ကုန်ချောထုတ်လုပ်နိုင်ခြင်းမရှိဘဲ အအေးခန်းများ တွင် သိုလှောင်၍ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 Khin Zaw