Main menu

Background

နိုင်ငံအတွက် အားထားရာ ဆီအိုးကြီး

Wed, 02/05/2025 - 10:22 -- journal_editor

မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး တနင်္သာရီတိုင်း ဒေသကြီးသည် ဆီအုန်းစိုက်ပျိုးအောင်မြင်နိုင်သော ရေ၊ မြေ၊ လေ၊ ရာသီဥတု အခြေအနေကောင်းများကို သဘာဝတရား ကြီးက  ပေးအပ်ထားခဲ့သဖြင့်  ပြည်တွင်းသာမက ပြည်ပ ကုမ္ပဏီများကပါ ဆီအုန်းပင်  စိုက်ပျိုးမှုကို လွန်ခဲ့သော နှစ် ပေါင်း ၃၀ ခန့်ကပင် လာရောက်ရင်းနှီးမြှုပ်နှံ  စိုက်ပျိုးခဲ့ကြ သည်။ ယခုအခါတွင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး အနေဖြင့် ထားဝယ်ခရိုင်တွင် စိုက်ဧက ၂၁၉၆၈ ဧက၊ မြိတ် ခရိုင်တွင်  စိုက်ဧက ၆၁၀၃၈ ဧက၊  ကော့သောင်းခရိုင်တွင် ၁၈၆၇၈၇ ဧက၊ ဘုတ်ပြင်းခရိုင်တွင် ၁၂၅၉၂၈ ဧက၊ စုစုပေါင်း ဧက လေးသိန်းနီးပါး စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရသည်။ 
ဆီအုန်းပင်စိုက်ပျိုးမှုအနေဖြင့် စတင်စိုက်ပျိုးပြီး ငါးနှစ် ခန့်အကြာတွင် စီးပွားဖြစ် ဆီသီးခိုင်များ ဆွတ်ခူးနိုင်ပြီး သုံး နှစ်ခန့်အကြာတွင် ကုန်ကျစရိတ် အရင်းကျေကြောင်းနှင့် နှစ် ၂၀ ခန့်အထိ ဆီသီးခိုင်များအား ဆွတ်ခူးအသုံးပြုနိုင်ကြောင်း သိရသည်။
ဆီအုန်းပင်များအနေနှင့် တစ်ပင် ပေ ၃၀ ပတ်လည် စိုက်ပျိုးပါက တစ်ဧက အပင် ၅၆ ပင်၊ တစ်ပင် ၂၈ ပေ ပတ် လည် စိုက်ပျိုးပါက  ၆၅ ပင်စိုက်ပျိုးနိုင်ပြီး ရာသီဥတုနှင့် အပင် အနေအထားပေါ် မူတည်ပြီး တစ်ဧကလျှင် ဆီသီးခိုင် သုံးတန် မှ ငါးတန်အထိ နှစ်ပတ်လည် ဆွတ်ခူးနိုင်သည်။ တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့် ဆီအုန်းပင် လေးသိန်းခန့်စိုက်ပျိုး ထားရှိရာ ဆီသီးခိုင်အနေဖြင့် တန်သိန်း ၂၀ ခန့် ရရှိမည်ဖြစ် သည်။ ဆီသီးခိုင် တစ်တန်အား ကြိတ်ခွဲပါက ဆီကြမ်း ၁၉ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိရရှိနိုင်ပြီး ဆီကြမ်းတစ်တန် ကို ကြိတ်ခွဲပါက ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ စား သုံးဆီချောရရှိပြီး စက်မှုကုန်ကြမ်းသုံးဆီ ၃၃ရာခိုင်နှုန်းခန့်နှင့် ဆပ်ပြာကုန်ကြမ်းဆီ ၅ ရာခိုင်နှုန်းခန့်ရရှိကာ အဆိုပါ ဆပ်ပြာ ကုန်ကြမ်းဆီများအား   ကုမ္ပဏီပိုင်  ဆပ်ပြာစက်ရုံများမှ ဆပ်ပြာထုတ်လုပ်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းချလျက် ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းပင် စိုက်ပျိုးသူ ပုဂ္ဂလိကလုပ်ငန်းရှင် ၄၀ ခန့်နှင့် ကုမ္ပဏီပေါင်း ၃၉ ခုမှ စီးပွား ဖြစ် စိုက်ပျိုးလျက်ရှိပြီး ဆီသီးခိုင်အများစုကို ထားဝယ်၊ မြိတ်၊ ကော့ သောင်း၊ ဘုတ်ပြင်းခရိုင်များရှိ ဆီကြမ်းစက်ရုံများသို့ ရောင်းချလျက်ရှိကာ ဆီသီးခိုင် တစ်တန်လျှင် ယခုလက်ရှိဈေး နှုန်း ကျပ် ၄၂၈၀ဝ၀ ခန့်ရရှိနေကာ ဆီအုန်း တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၂၀ ခန့်အထိ ဝင်ငွေရရှိနေကြောင်း သိရသည်။  
တနင်္သာရီတိုင်းဒေသကြီးတွင် ဆီကြမ်းစက်ရုံများအနေ ဖြင့် ထားဝယ်ခရိုင်တွင် စက်ရုံနှစ်ရုံ၊ မြိတ်ခရိုင်တွင် စက်ရုံ လေးရုံ၊ ကော့သောင်းခရိုင်တွင် စက်ရုံသုံးရုံ၊ ဘုတ်ပြင်းခရိုင် တွင် စက်ရုံနှစ်ရုံ၊ စုစုပေါင်း စက်ရုံ ၁၁ ရုံရှိပြီး ဒေသတွင်းဝယ်ယူ ရရှိသော ဆီသီးခိုင်များကို ကြိတ်ခွဲပြီးရရှိသော ဆီကြမ်းများ အား ၎င်းတို့ကုမ္ပဏီများ ပိုင်ဆိုင်သည့်  ဆီချောစက်ရုံများသို့ ပို့ဆောင်ကာ ဆီချောကြိတ်ခွဲထုတ်လုပ်၍ ရန်ကုန်ဈေးကွက် သို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီချော စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံ ထူထောင်တည်ဆောက် နိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိရာ မြိတ်မြို့နယ်တွင် တစ် ရက်လျှင် တန် ၆၀ ကျ ဆီချောစက်ရုံ တည်ဆောက်နိုင်ရေး နှင့် ဘုတ်ပြင်းမြို့နယ်တွင် တစ်ရက်လျှင် ၂ ဒသမ ၅ တန်ကျ ဆီချောစက်ရုံ  တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။ 
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကုန်ကြမ်း ဆီသီး ခိုင်များ အသင့်ရှိပြီးဖြစ်ရာ စားသုံးရန်အတွက် စားသုံးဆီ ချောစက်ရုံများ လုံလောက်စွာ လာရောက်ရင်းနှီးမြှုပ်နှံ တည် ထောင်နိုင်ပါက ဒေသတွင်း ဆီအုန်းပင်စိုက်ပျိုးသူ တောင်သူ များအနေဖြင့် ဆီသီးခိုင်များအား ဈေးနှုန်းပိုမိုရရှိပြီး လွယ် ကူစွာ ရောင်းချနိုင်မည်ဖြစ်သည်။ ထို့ပြင် စားသုံးဆီချော ရရှိမှု လုံလောက်စွာ   ရရှိနိုင်မည်ဖြစ်ပြီး  ဒေသတွင်း စားသုံးဆီ ဖူလုံမှုမှသည် ပိုလျှံသည်အထိ ဖြစ်လာမည်ဖြစ်ကာ နိုင်ငံမှ လိုအပ်လျက်ရှိသော စားသုံးဆီများကိုလည်း အပြည့်အဝ ရရှိ မည်ဖြစ်သည်။ နိုင်ငံအတွက် ကုန်ကျလျက်ရှိသော နိုင်ငံခြား ငွေသုံးစွဲမှုအားလည်း လျှော့ချနိုင်မည်ဖြစ်သဖြင့် တနင်္သာရီ တိုင်းဒေသကြီးသည် နိုင်ငံမှလိုအပ်လျက်ရှိသော စားသုံးဆီ ကဏ္ဍတစ်ခုအား ဖြည့်ဆည်းပေးနိုင်ရန် အသင့်ရှိနေသည့် အတွက် စနစ်တကျ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ရရှိ နိုင်ရန်  ဆောင်ရွက်နိုင်ပါက မကြာမီကာလတစ်ခုအတွင်း နိုင်ငံအတွက်  အားထားရသည့် ဆီအိုးကြီးသည်  တိုင်း တနင်္သာရီ ဖြစ်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ပါသည်။                                                        

 စိုးဗြိ (ထားဝယ်)