Main menu

Background

သားကျင်ရွာက ဂျုံဦးထုပ်

Wed, 02/05/2025 - 10:43 -- journal_editor

ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာအုပ်စု သားကျင်ရွာတွင်  ဂျုံပင်မှရရှိသော ဂျုံရိုးများဖြင့် ဦးထုပ်ရက်လုပ်သည့် လုပ်ငန်းသည် မိရိုးဖလာ သားစဉ်မြေးဆက် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဂျုံသီးနှံမှာ ဆောင်းသီး နှံဖြစ်ပြီး တန်ခူး၊ ကဆုန်လများတွင် ရိတ်သိမ်းလေ့ရှိကာ သီးနှံပေါ်ချိန်တွင် ဂျုံရိုးများကို ကုန်ကြမ်းအဖြစ် အသုံးပြုရန် ဝယ်ယူစုဆောင်းလေ့ရှိကြသည်။ ဂျုံရိုး အတို၊ အရှည်၊ အတုတ်၊ အသေးပေါ်မူတည်၍ ဝယ်ယူရသည့် ဈေးနှုန်းလည်း ကွဲပြားမှုရှိကြောင်း သိရသည်။ တောင်သူလုပ်ငန်း အားလပ်ချိန်များတွင် ကလေး၊ လူကြီးမကျန် အိမ်ရှိလူကုန် ဂျုံရိုးများကို ကြိုးကျစ်ရပြီး ဦးထုပ်တစ်လုံးစာအတွက် ကြိုးအတောင် ၄၀ တစ်ခွေနှုန်းဖြင့် ကြိုးကျစ်ရကြောင်း သိရှိရသည်။ ကျွမ်း ကျင်မှုအလိုက် တစ်ရက်လျှင် နှစ်ခွေမှ လေးခွေအထိ ကြိုးကျစ်ကြကြောင်း သိရှိရသည်။
ကြိုးကျစ်ပြီးကြိုးခွေများကိုအသုံးပြု၍ အပ်ချုပ်စက်များဖြင့် ဂျုံဦးထုပ်များ ချုပ်လုပ်ရသည်။ ကျွမ်းကျင်သည့် ဦးထုပ် ချုပ်လုပ်သူများအနေဖြင့် တစ်ရက်လျှင် ဦးထုပ် ၂၅ လုံးမှ ၃၀ လုံးထိ ချုပ်လုပ်နိုင်ကြပြီး အချောထည် အနုစိတ်ချုပ်လုပ်ပါက တစ်ရက်လျှင် အလုံး ၂၀ ခန့်သာ ချုပ်လုပ်နိုင်ကြောင်း သိရှိရသည်။ ချုပ်ပြီး ဦးထုပ်များကို ဆေးချွတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဆေးရေး၊ ဆေးခြယ်၊ မှိုရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရကြောင်း သိရသည်။
ဈေးနှုန်းများအနေဖြင့် ဦးထုပ်အသေး တစ်လုံးလျှင် ကျပ် ၂၅၀ဝ၊ ဦးထုပ် အလတ်တစ်လုံးလျှင် ကျပ် ၃၅၀ဝ၊ ဦးထုပ် အကြီး တစ်လုံးလျှင် ကျပ် ၄၅၀ဝ  နှင့် ဇာရောင်စုံအနားကွပ်ဖြင့် အလှဆင်ထားသည့် အမျိုးသမီးဆောင်း  ဦးထုပ်တစ်လုံး လျှင် ကျပ် ၅၀ဝ၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် အခြားမြို့ရွာများရှိ ငွေကြို ထုတ်ပေးထားသည့် ကုန်သည်များမှ ကျေးရွာအရောက်  လာရောက် ဝယ်ယူမှုများရှိသကဲ့သို့ ရွာကုန်သည်များမှလည်း နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ မလှိုင်၊ မိတ္ထီလာ၊ မန္တလေးနှင့် ဗန်းမော်မြို့များအထိ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။
   

ဝင်းထွန်းဦး