မေလသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ရာသီ ပေါ်သီးနှံ တစ်မျိုးဖြစ်သည့် လိုင်ချီးသီး(ခေါ်) တရုတ်ဆီးသီးများ လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်သည်။ ဒေသခံပြည်သူများသာမက လူအများစုကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်၍ ဈေးကောင်း ရပြီး စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေတိုးပွားလျက်ရှိသည်။
လိုင်ချီးသီး(ခေါ်)တရုတ်ဆီးသီးကို ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်မရမ်းကျေးရွာများတွင် လူနေခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် အဓိက စိုက်ပျိုးကြပြီး အစေ့ကိုစိုက်သော အပင်များမှာ ခုနစ်နှစ်မှ ရှစ်နှစ်အတွင်း အသီး စတင်သီး၍ ကိုင်းဆက်ကူးစိုက်ပျိုးပါက သုံးနှစ်မှ လေးနှစ်အတွင်း အသီးသီးသည်။
မြစ်ကြီးနား လိုင်ချီးသီး(ခေါ်)တရုတ်ဆီးသီးသည် အသားထူ အစေ့သေး ချိုမွှေး အနံ့အရသာရှိသည့်မျိုးနှင့် အသားပါးအစေ့ကြီး အချဉ်ဓာတ် အနည်းငယ်ရှိသည့်မျိုးဟူ၍ နှစ်မျိုးရှိပြီး အမျိုးအစား ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသော်လည်း နှစ်မျိုးစလုံးကို စားသုံးသူများ ကြိုက်နှစ်သက်ကြောင်း တွေ့ရသည်။
မြစ်ကြီးနား လိုင်ချီးသီး(ခေါ်)တရုတ်ဆီးသီးသည် မေလတွင် စတင်ထွက်ပေါ်ပြီး သီးနှံပေါ်ချိန် ရက်သတ္တနှစ်ပတ်မှ သုံးပတ် အတွင်းသာ ဝယ်ယူရောင်းရသည့်အတွက် အချိန်တိုတောင်းကြောင်း၊ သီးနှံရောင်းဝယ်သူများအနေဖြင့် အပင်ပြတ် ဝယ်ယူကြောင်း၊ အသားထူ အစေ့သေးမျိုးအား အသီးအရေအတွက်ပေါ် မူတည်၍ တစ်ပင်လျှင် ကျပ် ၂၅၀ဝ၀ဝ မှ ၃၅၀ဝ၀ဝ အထိလည်းကောင်း၊ အသားပါးအစေ့ကြီးမျိုးအား ကျပ် ၁၅၀ဝ၀ဝ မှ ၂၂၀ဝ၀ဝ အထိလည်း ကောင်း ခြံအရောက်ဝယ်ယူလျက်ရှိကြောင်း၊ လက်လီဈေးနှုန်း အနေဖြင့် စတင်ထွက်ပေါ်ချိန်တွင် အသားထူ အစေ့ကြီးမျိုး အလုံး ၅၀ ပါ တစ်တွဲလျှင် ကျပ် ၃၅၀ဝ၊ အသားပါးအစေ့ကြီး အလုံး၅၀ပါ တစ်တွဲလျှင် ကျပ် ၂၅၀ဝ၊ လှိုင်လှိုင်ပေါ်ထွက်ချိန်တွင် အသားထူ အစေ့သေးမျိုး တစ်တွဲလျှင် ကျပ် ၃၀ဝ၀၊ အသားပါး အစေ့ကြီးမျိုး တစ်တွဲလျှင် ကျပ် ၂၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သီးနှံ ရောင်းဝယ်သူထံမှ သိရသည်။
ကျန်းမာရေးနှင့်ကိုက်ညီသည့် မြစ်ကြီးနားဒေသထွက် လိုင် ချီးသီး(ခေါ်)တရုတ်ဆီးသီးသည် စားသုံးသူအနေဖြင့် နှစ်ခြိုက်စွာ ဝယ်ယူစားသုံးသကဲ့သို့ ရပ်ဝေးမှ မိသားစုဝင်များ မိတ်ဆွေများထံ လက်ဆောင်များပေးပို့ခြင်းမျာလည်း ရှိသဖြင့် စိုက်ပျိုးသူများလည်း ဝင်ငွေရ၊ ရောင်းချသူများလည်း အကျိုးအမြတ်ရရှိသော ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သည်။
ဖြူထွေး(ကချင်)