Main menu

Background

အရှေ့တောင်အာရှဒေသတွင် ဆိုရှယ်ကောမတ်စ်၏   အရေးပါလာမှု

Tue, 12/20/2022 - 10:42 -- journal_editor

သုတေသန အစီရင်ခံစာတစ်ခုအရ ၂၀၂၂ ခုနှစ်အကုန် တွင် အရှေ့တောင်အာရှဒေသတွင်း ဆိုရှယ်ကောမတ်စ်  (Social-Commerce)ဟုခေါ်သည့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကူးသန်း ရောင်းဝယ်မှုပြုလုပ်သည့် တန်ဖိုးသည် စုစုပေါင်း အီးကောမတ်စ် (e-Commerce) ပြုလုပ်သည့်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ  တန်ဖိုးအထိ  ရှိမည်ဖြစ်ပြီး အများစုမှာ  TikTok, Facebook  နှင့်  Instagram တို့ဖြစ်ကြောင်း သိရှိရသည်။ 
Social Commerce in Southeast Asia 2022 အမည်ရှိ ဤအစီရင်ခံစာကို အွန်လိုင်း လက်လီရောင်းဝယ်ရေး၊ ဈေးကွက် သုတေသနနှင့် စရိတ်စံနှုန်းများ ဝန်ဆောင်မှုပေးသည့်   စင်ကာပူ အခြေစိုက် Cube Asia သုတေသနအဖွဲ့က  ပွဲဦးထွက်အနေဖြင့် ဒီဇင်ဘာလ ပထမပတ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆိုရှယ်ကောမတ်စ်ဆိုသည်မှာ ဆိုရှယ်မီဒီယာတစ်ခုခုကို အသုံးပြု၍ ကုန်စည်တစ်ခုကို တိုက်ရိုက်ရောင်းချခြင်းဖြစ်သည်။ ယင်းသည် ထိရောက်သည့် ကုန်ရောင်းမဟာဗျူဟာတစ်ခုဖြစ်ပြီး လူမှုကွန်ရက်များမှတစ်ဆင့် ရောင်းချသည့် အွန်လိုင်းဈေးရောင်း မှုများမှဖြစ်ပေါ်လာသည့် ပဋိပက္ခများကို ဖယ်ရှားပေးနိုင်မည်ဖြစ် သည်။ လူအတော်တော်များများသည်  ဆိုရှယ်မီဒီယာများကို ကြည့်ရင်း ၎င်းတို့ကြိုက်နှစ်သက်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု များကို ရှာဖွေနိုင်ကြသည်။
အဆိုပါ ဆိုရှယ်ကောမတ်စ် ခေတ်ရေစီးကြောင်းက အီး ကောမတ်စ်ကိုပိုမိုရှုပ်ထွေးစေပြီး မတူညီသည့် ကုန်အမှတ်တံဆိပ် များအတွက် ဆိုရှယ်ကောမတ်စ်က မည်မျှအရေးပါသနည်းဆို သည့်တူညီသည့်မေးခွန်းတစ်ခု ပေါ်ထွက်ခဲ့သည်။ ဆိုရှယ်ကော မတ်စ်က ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်အတွက် အလားအလာ ရှိသော လမ်းကြောင်းတစ်ခုဖြစ်ပါသလား၊ အကျိုးအမြတ်ရှိပါ သလား၊  ဘယ်ပလက်ဖောင်းတွေက  မည်သည့်အတိုင်းအတာ တစ်ခုအထိ ကူညီပေးနိုင်မည်နည်း စသည့်မေးခွန်းများကို အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာတွင် ဆိုရှယ်ကောမတ်စ်ကို နမူနာပုံစံလေးမျိုး ခွဲခြမ်းစိတ်ဖြာထားပြီး  ယင်းတို့မှာ (က) Live commerce၊ (ခ) Conversational commerce၊ (ဂ)  Community-group buy နှင့် (ဃ)   Social-platform commerceတို့ဖြစ်ကြသည်။ 
Live Commerce ဆိုသည်မှာ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့် (Live) သည့်အချိန်အတွင်း ကုန်ပစ္စည်းများကို ကြော်ငြာရောင်း ချသည့်ပုံစံအသစ်တစ်ခုဖြစ်သည်။ Conversational commerce ဆိုသည်မှာ ရောင်းသူနှင့် ဝယ်သူအကြား chat box များ၊  message box များမှတစ်ဆင့် အပြန်အလှန်ပြောဆိုဆက်သွယ်ကြပြီး ကုန်ပစ္စည်းတစ်ခုကို အရောင်းအဝယ်ပြုလုပ်သည့် စနစ်ဖြစ်သည်။ Community-group buy  ဆိုသည်မှာ အုပ်စုလိုက် ဝယ်ယူခြင်း သို့မဟုတ် အစုအဖွဲ့လိုက်ဝယ်ယူခြင်း မော်ဒယ်လ်ဖြစ်ပြီး လျှော့ဈေးဖြင့် ကုန်ပစ္စည်းနှင့်  ဝန်ဆောင်မှုများကို စားသုံးသူအုပ်စုများ ထံသို့ရောင်းချသည့် ပုံစံဖြစ်သည်။ Social-platform commerce  ဆိုသည်မှာ လူကြိုက်များသော  Instagram  နှင့်  Facebook  တို့မှ တစ်ဆင့် မိမိတို့ကုန်အမှတ်တံဆိပ်ကိုတင်ကာ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည့် စနစ်ဖြစ်သည်။
အရှေ့တောင်အာရှဒေသအတွင်း ဆိုရှယ်မီဒီယာပလက် ဖောင်းများမှတစ်ဆင့် အထက်ပါအုပ်စုလေးစုကို တိုက်ရိုက်အသုံး ပြု၍ ရောင်းဝယ်ကြရာမှ ဖြစ်ပေါ်လာသည့် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းတို့တွင် Live shopping၊ Conversational commerce  နှင့် community group buy တို့ အများဆုံးပါဝင် သည်။
အစီရင်ခံစာအရ အရှေ့တောင်အာရှဒေသအတွင်း ဆိုရှယ် ပလက်ဖောင်းအသုံးပြု၍ အရောင်းအဝယ်ပြုလုပ်သည့် တန်ဖိုး မှာ တစ်နှစ်ပျမ်းမျှ  ၂၀  မှ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ လာမည့် ငါးနှစ်ကာလအတွင်း အရောင်းအဝယ်ပြုလုပ်မှု တန်ဖိုး ဒေါ်လာ ၈၅ ဘီလီယံမှ ၁၂၅ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ အက်ပလီကေးရှင်းတစ်ခုချင်းစီ၏ ထူးခြား သည့်လက္ခဏာများကို ကျေးဇူးတင်ရမည်ဖြစ်သည်။   Facebook နှင့် Instagram တို့သည် ဈေးကွက်ကို ဦးဆောင်ခဲ့သည့်တိုင်  လောလောဆယ်တွင် TikTok သည် ဈေးကွက်၏ ထိပ်ဆုံးတွင် နေရာယူထားလျက်ရှိသည်။ 
Facebook  သည် အစဉ်အလာအရ Live-commerce ၏ ဈေးကွက်ဝေစုကို အကြီးဆုံး ရယူထားခဲ့သည်။ သို့ရာတွင် ၎င်း၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta က live stream commerce ကို ယခုနှစ်  အောက်တိုဘာလတွင်ဖြုတ်ခဲ့ပြီး ယင်း၏လက်အောက်ခံ တစ်ခုဖြစ်သည့် Instagram  တွင်အသုံးပြုနေသည့်   Live stream commerce  ကိုပါ  အပြီးတိုင်ရပ်နားသွားရန် ကြိုးစားလျက်ရှိသည်။
Live-commerce ဈေးကွက်ကိုယ်၌ပင် ဈေးကွက်အတွင်း ကြီးမားသည့် ရိုက်ခတ်မှုများရှိခဲ့ပြီး ၂၀၂၂ အတွင်း ၁၀ ဆကျော် တိုးတက်မှုရရှိခဲ့ကာ ဈေးကွက်အရွယ်အစား ဒေါ်လာ ၁၃ဘီလီယံ အထိရှိခဲ့သည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ တွင်ပိုမိုတကြွ်ကသည့် ပရိသတ်များရှိနေခြင်းက Live commerce  အောင်မြင်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် Conversational Commerce ဟု ခေါ်သည့်   ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်မှတစ်ဆင့် ရောင်းသူဝယ်သူ တိုက်ရိုက်ထိတွေ့ပြောဆိုသည့် ဈေးကွက်တစ်ခုလည်း  သီးသန့်ဖြစ်ပေါ် နေသည်။ သုံးစွဲသူများသည် ကုန်ပစ္စည်း တစ်ခုကို ရွေးချယ်ပြီးသည်နှင့်  pay  အက်ပလီကေးရှင်းတစ်ခုခုမှ တစ်ဆင့်  တိုက်ရိုက်ပေးချေသည့်စနစ်ဖြစ်သည်။
အရှေ့တောင်အာရှဒေသအတွင်း  ဆိုရှယ်မီဒီယာပလက် ဖောင်းများပေါ်မှတစ်ဆင့် ရောင်းသူဝယ်သူ တိုက်ရိုက်ထိတွေ့ ပြောဆိုသည့် Conversational Commerce တန်ဖိုးသည် ဒေါ်လာ ၁၂ ဘီလီယံရှိသော်လည်း အစီရင်ခံစာအရ သွယ်ဝိုက်၍ အကျိုး ဖြစ်ထွန်းမှုများစွာရရှိကြောင်း သိရသည်။  Web chatမှ ဒေါ်လာ ၅၀ဝ ဘီလီယံ၊ Online to Offline မှ ဒေါ်လာ ၂၀ဝ ဘီလီယံ ရှိကြောင်း၊ Cash Transaction  ကို Online ဖြင့်ပေးချေပြီး ပစ္စည်း ကို သာမန်စတိုးဆိုင်များမှတစ်ဆင့် ရယူသည့်စနစ်သည် ပိုမို အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။
တစ်ဖက်တွင် အစုအဖွဲ့ အလိုက် ဆိုရှယ်မီဒီယာလက်ဖောင်း မှတစ်ဆင့်  ဝယ်ယူမှုမှာ ၅၀ ရာခိုင်နှုန်းရှိပြီး အခြားသော ၅၀ ရာခိုင်နှုန်းမှာ အခြားသော ပလက်ဖောင်းများကို အသုံးပြုနေကြ သည်။ ဤလူမှုအဖွဲ့ အစည်းများ၏ ဈေးကွက်ဝေစု  စုစုပေါင်း အီးကောမတ်စ်၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိသာရှိသော် လည်း တန်ဖိုးအားဖြင့် ဒေါ်လာ ၅ ဘီလီယံခန့်ရှိသည်။ လူ့အဖွဲ့ အစည်းများအလိုက် ဝယ်ယူသည့် ပုံသဏ္ဌာန်ကို နှစ်မျိုးခွဲခြား နိုင်ပြီး ပထမပုံစံမှာ Price-led model ဖြစ်ပြီး ဒုတိယပုံစံမှာ Agent-led model ဖြစ်ပသည်။
Price-led model မှာ လူအုပ်စုတစ်စုသည် တစ်နေရာတွင် စုဝေးကြပြီး ရောင်းချသူအဖွဲ့များကပေးသည့်  အထူးအခွင့်အရေး နှင့်ကမ်းလှမ်းချက်များကို လာရောက်ရယူခြင်းဖြစ်သည်။ Agent-led model မှာမူ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများက အပိုဝန် ဆောင်မှု နှင့် ထပ်ဆင့်တိုးဝန်ဆောင်မှု value added service  များ ကို ဝယ်ယူသည့်အဖွဲ့များထံသို့ ပေးသည့်စနစ်ဖြစ်သည်။
ဤ အစီရင်ခံစာအတွက် လိုအပ်သည့် အချက်အလက်များ၊ ကိန်းဂဏန်းများကို ဖောက်သည်များနှင့် တိုက်ရိုက်ထိတွေ့ဆက် ဆံကာ ဆော့ဖ်ဝဲလ် ဝန်ဆောင်မှုပေးနေသည့်  Sprinkler  ကုမ္ပဏီ က  ထောက်ပံ့ကူညီပေးသည့်အပြင်  စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ လူပေါင်း ၁၅၀ဝ၀  ကို ဆာဗေးပြုလုပ်ရာမှ  ရရှိသည့် အချက်အလက်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် အများပြည်သူသုံးစွဲနေသည့် ဒစ်ဂျစ် တယ်ဒေတာပွိုင့် ထောင်ပေါင်းများစွာမှ သတင်းအချက်အလက် များကို ရယူခြင်း၊ ကနဦးသုတေသနအဖြစ် စာအုပ်များ၊ ဘဏ္ဍာ ရေးအစီရင်ခံစာများမှတစ်ဆင့်  စုဆောင်းပြုစုခဲ့သလို  အိုင်တီ လုပ်ငန်းနယ်ပယ်အတွင်းရှိ လုပ်ငန်းကျွမ်းကျင်သူများကို အင်တာ ဗျူးများပြုလုပ်ကာ ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။
References: The Jakarta Post, 
 https://asianews.network
ထွန်းသက်ထွန်း