Main menu

Background

တရုတ်နိုင်ငံသို့ အစားအသောက်များ တင်ပို့ရာတွင် အရည်အသွေးပိုင်းဆိုင်ရာ သတိပြုရမည့် အချက်များ

Tue, 01/03/2023 - 15:01 -- journal_editor

တရုတ်နိုင်ငံ၏ စီးပွားရေးကို စားသုံးသူ များက တွန်းအားပေး၍ ဖွံ့ဖြိုးသည့်ပုံစံကို ကျင့် သုံးလျက်ရှိရာ ပြည်တွင်းစားသုံးမှု အသွင်ပြောင်း လဲလာခြင်းကြောင့် ၎င်း၏ စားသောက်ကုန်ဈေး ကွက်အတွင်း  ပြောင်းလဲမှုများ သိသိသာသာ ဖြစ် ပေါ်လျက်ရှိသည်။ အထူးသဖြင့် တရုတ်စားသုံးသူ များ၏ ၈၆ ရာခိုင်နှုန်းမှာ အစားအသောက် ဝယ် ယူသည့်အခါ စိတ်ချလုံခြုံမှုရှိစေရေးကိုထည့်သွင်း စဉ်းစားပြီး  ၅၂ ရာခိုင်နှုန်းမှာ အစားအသောက် ဝယ်ယူသည့်အခါ သို့မဟုတ် ရွေးချယ်သည့်အခါ ကုန်ပစ္စည်းအညွှန်းများကို    ဖတ်ရှုကြလျက် ကျန်းမာရေးအသိအမြင်ဖြင့် အခြေခံအချက်များ ကို ထည့်သွင်း စဉ်းစားလာကြ၍  ကျန်းမာရေးနှင့် ညီညွတ်သော  အစားအစာများနှင့် လတ်ဆတ် အစားအစာများကို  ပိုမိုစားသုံးလာကြသည်။ 
ထိုကဲ့သို့ လျင်မြန်စွာ ပြောင်းလဲလာသော တရုတ်စားသုံးသူများ၏ ဝယ်လိုအားကို ဖြည့် ဆည်းရန် ပြည်တွင်းထုတ်လုပ်မှုကိုသာမက ပြည်ပ မှ တင်သွင်းမှုများကိုလည်း တင်းကျပ်သောစည်း မျဉ်းစည်းကမ်းများ  ချမှတ်လျက် ပိုမိုခွင့်ပြုလာ လျက်ရှိသည်။ တရုတ်အကောက်ခွန်ဌာနမှ ထုတ် ပြန်သော စာရင်းအရ  လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း တရုတ်၏ ပြည်ပမှ စားသောက်ကုန်တင် သွင်းမှုမှာ နှစ်စဉ် ၁၇ ဒသမ ၄ ရာခိုင်နှုန်းတိုးတက် ခဲ့သည်ကိုတွေ့ရပြီး ၂၀၁၉ ခုနှစ်တွင် စားသောက် ကုန်နှင့် အဖျော်ယမကာလုပ်ငန်းပိုင်းမှ ဝင်ငွေရရှိ မှုမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၇ ဘီလီယံ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဈေးကွက်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၆ ဒသမ ၆၇ ဘီလီယံတန်ဖိုးရှိ လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ ထို့ကြောင့်  နိုင်ငံတကာမှ ထုတ်လုပ်သူများ၊ ကုန်သွယ်ရောင်း ဝယ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ် နိုင်ငံ၏  စားသောက်ကုန်နှင့် အဖျော်ယမကာ ဈေးကွက်မှာ အလွန်ဆွဲဆောင်မှုရှိနေသည်။ 
တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၏ အစား အသောက်နှင့် အဖျော်ယမကာ စိတ်ချလုံခြုံရေး အား အစိုးရဌာနများစွာက ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး အဆင့််တိုင်း၌ စားသောက်ကုန်ပစ္စည်း များ၏ အရည်အသွေးနှင့် စိတ်ချလုံခြုံမှု သေချာ စေရန် ကြပ်မတ်စစ်ဆေးသည့်စနစ်ရှိသည်။ ၎င်း တို့နှင့် ကိုက်ညီခြင်းမရှိပါက လာရာနိုင်ငံသို့ ပြန် လည်တင်ပို့ခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းတို့ကို ပြုလုပ်သဖြင့် သွင်းကုန်တင်သွင်းသည့် ကုမ္ပဏီ များရော၊ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများ၌ပါ ဆုံး ရှုံးမှုများ သိသိသာသာ ဖြစ်ပေါ်စေလျက်ရှိသည်။ ထို့ပြင် မလျော်ကန်သည့်ပြုမူ ဆောင်ရွက်ချက်များ ကိုတွေ့ရှိပါက သွင်းကုန်လိုင်စင်အား ပြန်လည်ရုပ် သိမ်းပြီး ထပ်မံကုန်သွယ်မှုပြုခြင်းမှ တားမြစ်တတ် ရာ တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ရောင်းချ ရန် သို့မဟုတ် ရောင်းချရေးစဉ်းစားရန် စိတ်အား ထက်သန်နေသည့် မြန်မာစားသောက်ကုန် ထုတ် လုပ်သည့်လုပ်ငန်းများ အားလုံးတို့မှာ ၎င်းနိုင်ငံ၏စားသောက်ကုန်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရေး သတိထားကြရမည် ဖြစ်သည်။
တရုတ်ဈေးကွက်အတွင်း ဝင်ရောက်နိုင်သည့် နည်းလမ်းများ
မြန်မာနိုင်ငံမှ  လုပ်ငန်းရှင်များအနေဖြင့် တရုတ်ဈေးကွက်အတွင်း ဝင်ရောက်ရန် အောက် ဖော်ပြပါ ရွေးချယ်စရာ လမ်းနှစ်သွယ်ရှိကာ ၎င်း လမ်းနှစ်သွယ်ကို ပေါင်းစပ်ဆောင်ရွက်နိုင်ပါက တရုတ်နိုင်ငံရှိ မတူညီသော ဒေသအလိုက် ဈေး ကွက်များ၌  ကြုံတွေ့ရနိုင်သော ဆုံးရှုံးမှုများမှ ရှောင်ရှားနိုင်ကြပြီး စားသုံးသူများ၏ လိုအပ်ချက် များနှင့် လိုက်ဖက်ညီစေရန် ပြုပြင်ပြောင်းလဲမှုပြု ခြင်းဖြင့် အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်သည်။ တရုတ်ပြည်တွင်း၌လုပ်ကိုင်နေသူများနှင့် မိတ်ဖွဲ့ ပြုခြင်း၊  တရုတ်ပြည်တွင်းမှ  နှစ်ခြိုက်မှုများကို သိရှိရန် ဈေးကွက်သုတေသန ဦးစွာပြုလုပ်ခြင်း၌ ရင်းနှီးမြှုပ်နှံခြင်းနှင့်   ပြည်တွင်းဝယ်လိုအားနှင့် သင့်လျော်စွာ  ပြုပြင်ထုတ်လုပ်ထားသော  ကုန် ပစ္စည်းများကို ရောင်းချခြင်းတို့ ဖြစ်ကြသည်။
တရုတ်ဈေးကွက်တွင် သတိထားရမည့် အချက်များ 
ပထမဦးစွာ  သတိထားရမည့်အချက်မှာ တရုတ်နိုင်ငံသည်  စားသောက်ကုန် တင်သွင်းမှု များအတွက် အပြည်ပြည်ဆိုင်ရာ တရားဝင်အသိ အမှတ်ပြုထားသည်များကို  အသိအမှတ်မပြုဘဲ ၎င်းနိုင်ငံ၏ ကိုယ်ပိုင်စံချိန်စံညွှန်း သတ်မှတ်ချက် များကို အသုံးပြုသည့်အတွက် နိုင်ငံခြားမှ ထုတ် လုပ်သူများနှင့် တင်ပို့သူများအနေဖြင့် ပြည်တွင်းစံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သည်။ ရှုပ်ထွေးသော စည်းမျဉ်းမူဘောင်နှင့် တင်းကျပ် သော စားသောက်ကုန်လုပ်ထုံးလုပ်နည်းများက  စားသောက်ကုန်ဈေးကွက်အတွင်း ဝင်ရောက် လာသော နိုင်ငံခြားလုပ်ငန်းများသို့ အဓိကစိန် ခေါ်မှုများ  ဖြစ်ပေါ်စေလျက်ရှိသည်။ ၎င်းလုပ် ထုံးလုပ်နည်းများကို ကြိုတင်လေ့လာထားမှသာ ကြုံတွေ့ရသည့် စီမံခန့်ခွဲမှု အတားအဆီးများကို ကျော်လွှားရာတွင်   အဆင့်သင့်ဖြစ်နေနိုင်မည် ဖြစ်သည်။
ဒုတိယအချက်မှာ ကုန်ပစ္စည်းအတုအပများ၏ အန္တရာယ်ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်ပြည်တွင်း၌ ကုန်ပစ္စည်း အတုအပထုတ်လုပ်သည့် အခြေအနေမှာ တိုးတက်မှုရှိ လာခဲ့သော်လည်း တရုတ်နိုင်ငံ၏ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၌ အတုအပများထုတ်လုပ်မှုမှာ တိုးနေဆဲ ဖြစ်သည်။ ထိုကဲ့သို့သော ကုန်ပစ္စည်းများတွင် စက်မှုလုပ်ငန်းသုံး၊ ပြန်လည်သန့်စင်ထားသော ပါဝင်ပစ္စည်း များ သို့မဟုတ် အဆိပ်အတောက်ဖြစ်နိုင်သော ရောနှောမှုများ မကြာခဏဆိုသလို ပါဝင်တတ်သည်။ တရုတ်စားသုံးသူများက အစားအသောက်များ  ဝယ်ယူရာတွင် အထူး ထိရှလွယ်ဖြစ်လာသည့်အချိန်၌ မိမိပစ္စည်းကို တုပထုတ်လုပ်ထားမှုကြောင့် မိမိကုန်အမှတ်တံဆိပ်၏  နာမည်ဂုဏ်သတင်းအား ထိခိုက် ပျက်စီးစေနိုင်သည်။ ထို့ကြောင့် မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်ဈေးကွက်တွင် အတုအပ ပြုလုပ် ခံရခြင်းနှင့် မကြုံတွေ့ရစေရန် မိမိတို့တံဆိပ်၏ထင်ရှားမှုနှင့် ကုန်အမှတ်တံဆိပ်တို့ကိုကာကွယ်ရန် ဖြစ်နိုင် သည့် စီမံဆောင်ရွက်မှုအားလုံးအား စောစီးစွာ စတင်ပြုလုပ်ထားသင့်သည်။
တတိယအချက်အနေဖြင့် တရုတ်ဈေးကွက်တွင် အောင်မြင်စွာ နေရာယူနိုင်စေရန် မြန်မာထုတ်လုပ် တင်ပို့သူများအနေဖြင့် ပြည်တွင်းစားသုံးသူများ၏ အမူအကျင့်များကို နားလည်ထားရန် လိုအပ်သည်။ ၎င်းတို့မှာ တရုတ်စားသုံးသူများ၏ ဦးတည်ချက်များနှင့် ဝယ်လိုအားများအပေါ် မြေပြင်အခြေအနေအတိုင်း သိရှိနိုင်ခြင်း၊  ပြည်နယ်အလိုက် ကွဲပြားခြားနားသော စားသုံးမှုပုံစံများကို သိရှိထားခြင်းနှင့် အတွင်းကျကျ ပြောင်းလဲဖြစ်ပေါ်နေမှုများကို သိရှိထားခြင်းတို့ဖြစ်ကြသည်။
အများအားဖြင့် တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပထမအဆင့်မြို့ကြီးများမှာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော လူနေမှုအဆင့်အတန်းနှင့် ဝင်ငွေပိုမိုမြင့်မားပြီး ပိုမိုဖွံ့ဖြိုးသော မြို့ကြီးများဖြစ်ကြသည်။ ၎င်းမြို့ကြီးများတွင် ပြည်တွင်းထုတ်ကုန်များထက် နိုင်ငံခြားဖြစ် ကုန်ပစ္စည်းများကို ပိုမိုနှစ်ခြိုက်လေ့ရှိကြသည်။ တစ်ချိန်တည်းမှာပင် ဒုတိယအဆင့် မြို့အများအပြားမှာ လျင်မြန်စွာဖွံ့ဖြိုးလာသောကြောင့် အမှတ်တံဆိပ်ရှိပြီး ကုန်ပစ္စည်းများအနေဖြင့် ၎င်းဈေးကွက်များမှလည်း အကျိုးအမြတ် ရရှိနိုင်ကြသည်။
တရုတ်လူမျိုးများ၏ ၇၃ ရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့် ပိုမိုညီညွတ်သော အစားအသောက်များ အတွက် ဈေးနှုန်းပိုမိုပေးရန် အသင့်အနေအထားရှိနေကြပြီး အသက်(၂၀)နှင့် (၄၉)နှစ်အကြားရှိ တရုတ် လူလတ်တန်းစား၏ ၅၈ ရာခိုင်နှုန်းမှာ ကျင့်ဝတ်များနှင့် ညီညွတ်သော ကုန်အမှတ်တံဆိပ်များအတွက် ဈေးပိုမိုပေးရန် စိတ်အားထက်သန်လျက်ရှိကြသည်။
စတုတ္ထအချက်မှာ တရုတ်၏ဈေးကွက်၌ အွန်လိုင်းလက်လီ လမ်းကြောင်းများမှ ရောင်းချခြင်းမှာ အရေးပါလာသည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် မြို့တော်များတွင် တရုတ်စားသုံးသူများ၏ ၈၂ ရာခိုင် နှုန်းတို့က (အနည်းဆုံးအနေဖြင့် ရံဖန်ရံခါဖြစ်စေ) အစားအသောက်နှင့် အဖျော်ယမကာများကို အွန်လိုင်း ပေါ်မှ ဝယ်ယူကြသည်။ ထိုသို့ အွန်လိုင်းပေါ်မှ ဝယ်ယူရာတွင်  အစားအသောက်နှင့် အဖျော်ယမကာ ကုမ္ပဏီ၏ မူလရှိပြီး website အား တရုတ်ဘာသာသို့ အလွယ်တကူဘာသာပြန်စေရုံဖြင့် မလုံလောက်သည့်အတွက် နိုင်ငံတကာတွင် နာမည်ရပြီးဖြစ်သည့် ကုန်အမှတ်တံဆိပ်များက ၎င်းတို့၏ website များအား တရုတ်ဖောက်သည်များ၏ စိတ်ဝင်စားမှုရရှိစေရန် ပြင်ဆင်ရေးဆွဲရသည်များလည်း ရှိလာသည်။ ထို့ပြင် ဆိုရှယ်မီဒီယာမဟာဗျူဟာများဖြင့်လည်း ဆောင်ရွက်မှုပြုရန် လိုအပ်သည်။
ပဉ္စမအချက်မှာ တရုတ်ဘက်မှ ပူးပေါင်းဆောင်ရွက်သူများက မြန်မာကုမ္ပဏီများဘက်မှ တင်သွင်း မည့်ပစ္စည်းများအတွက် ၎င်းတို့ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ဆွဲဆောင်လေ့ရှိကြသည်။ ထိုသို့ဆွဲဆောင်သော်လည်း ၎င်းတို့ဘက်မှ တာဝန်ယူမှုနှင့် တာဝန်ခံမှုများ အားနည်းခြင်း၊ မြန်မာပစ္စည်း များကို မည်သို့ ဈေးကွက်ထိုးဖောက်ပေးမည်ကို လက်တွေ့ကျကျ ပြောကြားနိုင်မှု အားနည်းခြင်း၊ မြန်မာ လုပ်ငန်းရှင်၏ အဆက်အသွယ်ဖြင့် အခြား တရုတ်လုပ်ငန်းများထံ တင်ပို့သည့်အခါ ကိုယ်စားလှယ်ဟူသော အမည်ပေးအပ်ထားသည့် တရုတ်လုပ်ငန်းအား  ကော်မရှင်ငွေကြေး ပေးရန်လိုအပ်ခြင်း စသည့် မလိုလား အပ်သော စိန်ခေါ်မှုများဖြင့် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် ကိုယ်စားလှယ်အဖြစ် ထားရှိမည့် တရုတ် ကုမ္ပဏီ၊ လုပ်ငန်းအား သေချာစွာစိစစ်ရန် လိုအပ်မည်ဖြစ်သည်။
တရုတ်နိုင်ငံ၏  စည်းမျဉ်းစည်းကမ်း စံချိန်စံညွှန်းများနှင့်  ကိုက်ညီ စေရေးပြင်ဆင်ခြင်း
နိုင်ငံခြားမှ တရုတ်နိုင်ငံသို့ တင်ပို့လာသော အစားအသောက် နှင့် အဖျော်ယမကာများ တရုတ်နိုင်ငံ သို့ ရောက်ရှိသည်နှင့် စစ်ဆေးသည့်အဆင့်တိုင်း၌ စည်းမျဉ်းစနစ်များနှင့် တင်းကျပ်ထားသဖြင့် ၎င်းတို့နှင့် ကိုက်ညီရန်လိုအပ်သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်က ၎င်း၏  လုပ်ထုံးလုပ်နည်းများကို လျင်မြန်စွာ ပြောင်းလဲလာခဲ့ပြီး ၎င်းနိုင်ငံ၏ စားသောက်ကုန် စိတ်ချလုံခြုံစေရေးဥပဒေအား ပြန်လည် သုံးသပ်ပြင်ဆင်ခဲ့ကာ စားသောက်ကုန်များကို တင်သွင်းရန် လိုင်စင်လိုအပ်လာသည့်အတွက် မြန်မာလုပ် ငန်းရှင်များအနေဖြင့် ၎င်းစနစ်ကျနသည့် ချဉ်းကပ်မှုများအတိုင်း လိုက်ပါဆောင်ရွက်ရန် လိုအပ်နေသည်။
စားသောက်ကုန် စိတ်ချလုံခြုံရေးဥပဒေ (၂၀၁၅)
၎င်းဥပဒေအရ အရည်အသွေးစံချိန်စံညွှန်းများ၊ စားသောက် ကုန်ထုတ်လုပ်ရေးလိုင်စင်များ၊ ထုတ် လုပ်ရေးနှင့် ဖြန့်ချိရေး၊ စားသောက်ကုန်နှင့်  ဆက်စပ်နေသော  ကုန်ပစ္စည်းများ၊ သိုလှောင်ခြင်းနှင့် ထောက်ပို့  သယ်ယူပို့ဆောင်ခြင်း၊ စားသောက်ကုန်ထဲ ထည့်သွင်းသည့် ပစ္စည်းများ၏ စိတ်ချလုံခြုံမှုနှင့် သဘာဝအစားအစာများအပေါ် အထူးအာရုံစိုက်ထားသည်။
အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) 
(GACC အမိန့်အမှတ် ၂၄၈ [၂၀၂၁] နှင့် ၂၄၉ [၂၀၂၁]) 

အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ မကြာသေးမီက ပြန်လည်ပြင်ဆင်ထားသော ပြည်ပမှ တင်သွင်းလာသော အစားအစာများ မှတ်ပုံတင်ခြင်းဆိုင်ရာ စီမံခန့်ခွဲရေးဆိုင်ရာ ပြဋ္ဌာန်းချက်များမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာပြီးဖြစ်သည်။  အဆိုပါ ပြဋ္ဌာန်းချက်များအရ ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ထုတ်လုပ်သူများ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးလုပ်ငန်း များ၊ တရုတ်နိုင်ငံသို့ အစားအစာများ တင်ပို့ရောင်းချသည့် နိုင်ငံရပ်ခြားမှ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများ (အစားအသောက် ဖြည့်စွက်စာနှင့် အစားအသောက်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများ အပါအဝင်) အားလုံးသည်  GACC တွင် မှတ်ပုံတင်ရန် လိုအပ်သည်။ GACC ၌ မှတ်ပုံတင်ထားသော ပြည်ပသို့ တင်ပို့ရောင်းချသူများ၊ ထုတ်လုပ်သူများနှင့် တရုတ်မှတင်သွင်းသည့် အစားအစာတင်သွင်းသူများကသာ တရုတ်နိုင်ငံ၏ အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းစဉ်ကို တရားဝင်ဖြတ်သန်းနိုင်မည်ဖြစ်သည်။
မှတ်ပုံတင်ရန် လိုအပ်သည့်  စားသောက်ကုန်များ
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ စားသောက်ကုန်ပစ္စည်းများကို တင်ပို့လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ အကြံပြုထောက်ခံချက် (Recommendation) ဖြင့် တရုတ်နိုင်ငံ၊  အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (The General Administration of Customs of China - GACC)  သို့ တင်ပြလျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။ အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ၊ အခြားကုန်စည်အမျိုးအစားများ (၎င်းအောက်၌ ဘူးခွံများ၊ ပျားထွက်ကုန်များ၊ ကြက်ဥနှင့် ဥထွက်ပစ္စည်းများ၊ စားသုံးနိုင်သော အဆီနှင့်အဆီများ၊အစာသွတ်ထားသည့် ပါစတာ ခေါက်ဆွဲများ၊ စားသုံးနိုင်သော အစေ့အဆန်များ၊  ကြိတ်ခွဲထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများနှင့် မော့ (malt)၊ လတ် ဆတ်ပြီး အခြောက်ခံထားသည့် ဟင်းသီးဟင်းရွက်များနှင့် ပဲစေ့ခြောက်များ၊ ဟင်းခတ်အနှစ်များ၊ အခွံမာ သီးများနှင့် အစေ့များ၊ သစ်သီးခြောက်များ၊ လှော်ထားခြင်းမရှိသော ကော်ဖီစေ့များနှင့် ကိုကိုးစေ့များ၊ ကျန်းမာရေး အထူးအစားအစာများ ပါဝင်ပါသည်။)
အထက်ဖော်ပြပါ ကုန်စည်အမယ် ၁၈ အုပ်စု၌ ပါဝင်သည့် ကုန်စည်များကို ထုတ်လုပ်တင်ပို့မည့်လုပ်ငန်းများ  မှတ်ပုံတင်ရန်  အသစ်လျှောက်ထားခြင်း၊ အချက်အလက် ပြည့်စုံခြင်းမရှိသည့် လုပ်ငန်းများ ပြန်လည်မှတ်ပုံတင်ရန် လျှောက်ထားခြင်း စသည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၏ တရားဝင် အကောင့်များဖြင့် https://cifer.singlewindow.cn သို့ ဝင်ရောက်လျှောက်ထားခြင်းကို လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။ ကုန်စည်အမယ် ၁၈ အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်တင်ပို့မည့် လုပ်ငန်းများအနေဖြင့်မူ https://cifer.singlewindow.cn သို့ဝင်ရောက်၍ အကောင့်ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လိုသည့်လုပ်ငန်းများအား အကြံပြုထောက်ခံချက်ပေးမည့် ဌာနများ၏ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်အမည်စာရင်းများအား နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ကြေညာထားပြီးဖြစ်သည်။ 
အထက်ဖော်ပြပါ  စားသောက်ကုန်စာရင်းတွင် ပါဝင်သော ကုန်ပစ္စည်းတစ်မျိုးကို တရုတ်နိုင်ငံ၌  မှတ်ပုံတင်ခဲ့ပါက GACC ၏ ဝက်ဘ်ဆိုဒ်ဖြစ်သော https://ciferquery.singlewindow.cn ပေါ်တွင် အများပြည်သူ ကြည့်ရှုနိုင်စေရန် ဖော်ပြထားသည်။   မှတ်ပုံတင်ပြီးသည့် လုပ်ငန်းတစ်ခုချင်းအနေဖြင့် ၎င်းဝက်ဘ်ဆိုက်အား မိမိတို့၏ သီးခြားအကောင့်များဖြင့် ဝင်ရောက်အသုံးပြုနိုင်သည်။
ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန် ထုတ်လုပ်သူများ မှတ်ပုံတင်ခြင်း သက်တမ်းမှာ ငါးနှစ်ဖြစ် သည်။ သက်တမ်းကုန်ဆုံးရက်မတိုင်မီ သုံးလမှ ခြောက်လအတွင်း မှတ်ပုံတင်သက်တမ်းတိုး ကြိုတင်တိုး ရန် လျှောက်လွှာကို GACC သို့ တင်ပြရမည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)
ဒေါက်တာရွှေစင်ကို (ကုန်သွယ်ရေးဦးစီးဌာန)