ကမ္ဘာ့ပေါင်းစည်းမှုဖြစ်စဉ် သို့မဟုတ် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) သည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေ ကြောင်း ဝေဖန်ဆွေးနွေးမှုများ မြင့်တက်နေသည်။ သို့သော်လည်း လက်ရှိတွင် ကမ္ဘာ့ကုန်သွယ်ရေး၏ ကြံ့ကြံ့ခံနိုင်စွမ်းကြောင့် ကမ္ဘာ တစ်ဝန်း၌ ကုန်သွယ်မှု တိုးတက်နေသည်။ လက်ရှိ တိုးတက်မှုအရ ဂလိုဘယ်လိုက်ဇေးရှင်း အထွတ်အထိပ်ရောက်နေပြီဟု ပြောဆိုနိုင် သည်။ တစ်နည်းအားဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း ဖြစ်ပေါ်တိုးတက်ခဲ့သော ဂလိုဘယ်လိုက်ဇေးရှင်း ပြောင်းပြန်ဖြစ်သွား ပြီဟူသော သုံးသပ်ချက်မှာ မှားယွင်းနေသည်။
ကိုဗစ်(၁၉) ကပ်ရောဂါနှင့် ရုရှားနှင့် ယူကရိန်းစစ်ပွဲက ကမ္ဘာ လုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက် (Global Supply Chains) ကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ မှ ၄၀ အတွင်း တိုးတက်ပြောင်းလဲခဲ့သော ကမ္ဘာ့ပေါင်းစည်းမှု အနေအထားနှင့် အနာဂတ် ကမ္ဘာ့ပေါင်းစည်းမှု အနေအထားတို့ကို နှိုင်းယှဉ်သုံးသပ်ပြီး ငြင်းခုံဆွေးနွေးမှုများ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။
ကုန်သွယ်ရေးစန်းပွင့်ခြင်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်း
Globalization သည် ရုပ်လုံးပုံသဏ္ဌာန်မပီပြင်သော အကြောင်း အရာတစ်ခု (Amorphous Subject) ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) က စီးပွားရေးပေါင်းစည်းမှုဖြစ်စဉ် (Economic Globalization) ကို အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ၎င်းမှာ“ကုန်စည်၊ ဝန်ဆောင်မှုနှင့် အရင်းအနှီးများ နယ်စပ်ဖြတ်ကျော် ရွေ့လျားခြင်းအားဖြင့် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများ၏ စီးပွားရေးပိုမို ပေါင်းစည်းလာခြင်းဟူ၍ ဖြစ် သည်။
လက်ရှိအချိန်ကာလတွင် အချို့သော စီးပွားရေးပညာရှင်များ က ဆယ်စုနှစ်သုံးခုနောက်ပိုင်း ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ရပ် တန့်နေကြောင်း ထောက်ပြပြောဆိုသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ဖြစ်ပေါ်ခဲ့သော ငွေကြေးဖောင်းပွမှု နိမ့်ကျခြင်း (Low inflation)၊ ချေးငွေ လွယ်ကူစွာရရှိခြင်း (Easy Credit)၊ ကမ္ဘာ့စီးပွားရေးနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးပေါင်းစည်း ခြင်းအပြင် ငြိမ်းချမ်းသော အချိန်ကာလ (Peaceful Period) တို့သည် ယခုအခါ ပြောင်းပြန်ဖြစ်နေသောကြောင့်ဖြစ်သည်။ ကပ်ရောဂါ ဖြစ်ပွားခြင်း၊ သာမန်ပြည်သူလူထု၏ အကျိုးကို အလေးပေးသော နိုင်ငံရေးစနစ် ထွန်းကားလာခြင်း၊ ဥရောပ၌ စစ်မက်ဖြစ်ပွားနေခြင်း၊ တရုတ်နိုင်ငံ၏ စစ်ရေး၊ စီးပွားရေးနှင့် နည်းပညာ တိုးတက်ခြင်းတို့က ကမ္ဘာ့နိုင်ငံများအား ပြည်ပ ဦးစားပေးသော မဟာဗျူဟာ (Outward- Looking Strategy) ထက် ပြည်တွင်း ဦးစားပေးသော မဟာဗျူဟာ (Inward – Looking Strategy) ကို ပိုမိုကျင့် သုံးလာစေသည်။
ဂလိုဘယ်လိုက်ဇေးရှင်းအရှိန် လျော့ကျသွားသည် သို့မဟုတ် ဂလိုဘယ်လိုက်ဇေးရှင်း အားပျော့သွားသည်ဟူသော ပြောဆိုချက် မှာ မှန်ကန်နိုင်သည်။ သို့သော်လည်း ဂလိုဘယ်လိုက်ဇေးရှင်း အဆုံး သတ်သွားပြီ သို့မဟုတ် ဇာတ်သိမ်းသွားပြီဟူသော ဝေဖန်သုံးသပ် ချက်မှာ ချဲ့ကားပြောဆိုလွန်းရာရောက်သည်။ ၂၀၂၂ ခုနှစ်၏ ကမ္ဘာ လုံးဆိုင်ရာ ကုန်သွယ်ရေးသည် တန်ဖိုးအရ စံချိန်တင်မြင့်တက်ခဲ့ သကဲ့သို့ အရေအတွက်အရလည်း စံချိန်တင်မြင့်တက်စန်းပွင့်ခဲ့ သည်။ နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးသော ငွေကြေးဖောင်းပွမှု ကို ရင်ဆိုင်ခဲ့ရသော်လည်း ကမ္ဘာ့ကုန်သွယ်ရေး သိသိသာသာတိုးတက် ခဲ့သည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၏ ကုန်သွယ်မှုပမာဏသည် ကမ္ဘာ့ စုစုပေါင်းဝင်ငွေ (Global GDP) ၌ ၅၇ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ပို့ကုန်များလည်း သိသာစွာ တိုးတက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ကိန်း ဂဏန်းများအရ သိရှိရသည်။ ဤတိုးတက်မှု ရာခိုင်နှုန်းသည် ၂၀ဝ၈ ခုနှစ်တွင် တိုးတက်ခဲ့သော ၆၁ ရာခိုင်နှုန်းနားသို့ နီးကပ်လျက်ရှိသည်။ အဆိုပါ ၂၀ဝ၈ ခုနှစ်၏ ကုန်သွယ်ရေးတိုးတက်မှုဖြစ်သော ၆၁ ရာခိုင် နှုန်းကို ဂလိုဘယ်လိုက်ဇေးရှင်း အမြင့်ဆုံး ရောက်ရှိခြင်း (Peak globalization) အဖြစ် နိုင်ငံအများစုက သဘောတူလက်ခံခဲ့ကြသည်။ ထို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း အဆိုးမြင်သုံးသပ်ချက် များကို ပြန်လည်ဆန်းစစ်သင့်သည်။
ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ (United Nation Conference for Trade and Development-UNCTAD) မှ စီးပွားရေးပညာရှင် Alessandro Nicita က ကမ္ဘာ့ကုန်သွယ်ရေးပုံစံကို မြေကြီးလက်ခတ်မလွဲ ပြောင်းလဲရပါမယ်။ အဲဒီလိုပြောင်းလဲရာမှာ ကမ္ဘာ့စီးပွားရေးပေါင်းစည်းမှု အားပျော့ခြင်း (De-globalization) ဒါမှမဟုတ် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း (Regio- nalization) ဖြစ်လာနိုင်ပါတယ်။ ဒီလိုပူးပေါင်းရာမှာ စီးပွားရေးလုပ် ငန်းစုတွေ (Industries) ရွေးချယ်ပူးပေါင်းတာမျိုး၊ နိုင်ငံအချင်းချင်း ရွေးချယ်ပူးပေါင်းတာမျိုး ရှိလာနိုင်ပါတယ်။ အဲဒီလို ပြောင်းလဲတာတွေ၊ ရွေးချယ်ပူးပေါင်းတာတွေဟာ အချိန် ငါးနှစ်ကနေ ၁၀ နှစ်ထိ ကြာမြင့်နိုင်ပါတယ်ဟူ၍ ပြောကြားသည်။
"ဂလိုဘယ်လိုက်ဇေးရှင်း အားပျော့လာတာ မတွေ့ရသေးပါဘူး။ De -globalization မရှိသေးပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း ဆုတ်ယုတ်သွားပါတယ်ဆိုတဲ့ အထောက်အထားနဲ့ ကိန်းဂဏန်းတွေ တကယ်မရှိပါဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် "ကမ္ဘာ့ကုန်သွယ်ရေးဟာ မနှစ်က သုံးရာခိုင်နှုန်းလောက် တိုးတက်ခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းနဲ့ အတူတူ လောက် တိုးတက်ခဲ့ပါတယ်။ နောက်တစ်ခုက ကာလရှည် ရင်းနှီး မြှုပ်နှံမှု ရှုထောင့်ကကြည့်ရင် ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ကြံ့ကြံ့ခံနိုင် စွမ်းကြောင့် ငွေကြေးဖောင်းပွမှုဖိအား (Inflationary Pressures) ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီအချက်က ထွန်းသစ်စဈေးကွက်တွေ (Energing Markets) ကို ကောင်းကျိုးပြုတာ တွေ့ရပါတယ်" ဟု UNCTAD စီးပွားရေးပညာရှင် Nicita က သုံးသပ် ပြောကြားခဲ့သည်။
ဒေသတွင်းစီးပွားရေးပေါင်းစည်းခြင်း(Regionalization)
၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေး (Global goods trade) စံချိန်တင် မြင့်တက်ခဲ့ သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်သော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ကုန်သွယ်ရေး သည်လည်း ဆက်တိုက်တိုးတက်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဒီဂျစ်တယ် ဝန်ဆောင်မှု ပို့ကုန် (Global exports of digital services) သည်လည်း ၂၀ဝ၅ ခုနှစ်နောက်ပိုင်း တင်ပို့မှုထက် သုံးဆကျော် ပိုမိုတိုးတက်ခဲ့ သည်။ ထိုကဲ့သို့ တိုးတက်ခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization -WTO) ဒုတိယညွှန်ကြားရေးမှူးချုပ် Anabel Gonzalez က ပြောကြားခဲ့သည်။ ထို့ပြင် ကုန်သွယ်ရေးနှင့် ဂလိုဘယ် လိုက်ဇေးရှင်းတို့သည် ယုတ်လျော့မှေးမှိန်သွားခြင်း မရှိကြောင်း၊ သို့သော် ၎င်းတို့သည် ပြောင်းလဲနေကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေး (Service-based trade) နှင့် ဒီဂျစ်တယ်ကုန်သွယ်ရေး (Digital-based trade) တိုးတက်နေကြောင်း ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပသည့် ကမ္ဘာ့ကုန်သွယ်ရေးပေါ်လစီဖိုရမ် (Global Trade Policy Forum) ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာနှင့် တွက်ချက်ရာ၌ ကမ္ဘာ့စီးပွားရေး အင်အား အကြီးမားဆုံး နိုင်ငံ/ဒေသ သုံးခု၏ ကုန်သွယ်ရေးစီးဆင်းမှု သည် ယခင်ထက် ပိုမိုအင်အားကောင်းလာကြောင်း တွေ့ရသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပို့ကုန် သည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၉ ထရီလီယံရှိပြီး သွင်းကုန်သည် ၂ ဒသမ ၇၂ ထရီလီယံ ရှိသည်။ အလားတူ ယူရိုဇုန်၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ သုံး ဒသမ ဝ၅ ထရီလီယံရှိပြီး သွင်းကုန်သည် ၃ ဒသမ ၁၁ ထရီလီယံ ရှိသည်။ ထိုနည်းတူစွာပင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အပြန်အလှန် တင်ပို့တင်သွင်းမှုသည်လည်း စံချိန်တင်မြင့်တက်ခဲ့သည်။
သို့သော်လည်း ကမ္ဘာ့ကပ်ရောဂါနှင့် ရုရှား-ယူကရိန်း စစ်ပွဲတို့ က ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ကွင်းဆက်များကို ပြတ်တောက်စေခဲ့သည်။ ထို့ကြောင့် နိုင်ငံနှင့်ဒေသများသည် စွမ်းအင်၊ စားနပ်ရိက္ခာ၊ သွင်းအားစုနှင့် နည်းပညာများကို မိမိနိုင်ငံနှင့် မိမိဒေသ ဖူလုံရေး (Self-Sufficiency) အတွက် ပိုမိုကြိုးပမ်း အားထုတ်လာကြသည်။
အမေရိကန်အစိုးရသည် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက် ဥပဒေ (Inflation Reduction Act) နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ငွေကြေးထောက်ပံ့ရေး ဥပဒေမူကြမ်း (Chip Funding Bill) ကဲ့သို့ သော ဘဏ္ဍာရေးအစီအစဉ်များ ချမှတ်ပြီး တွန်းအားပေးလျက်ရှိသည်။ ဤအစီအစဉ်များအရ အစိမ်းရောင်စွမ်းအင် (Green energy) ၊ နည်းပညာနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း သို့မဟုတ် ဆီမီးကွန်ဒတ်တာလုပ်ငန်းစု (Semiconductor industries) အတွက် ထောက်ပံ့ကြေးနှင့် ငွေကြေးထောက်ပံ့မှု (Subsidies and funding) အမြောက်အမြား သုံးစွဲသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံသည်လည်း ယင်း၏ ဆီမီးကွန်ဒတ်တာ လုပ်ငန်းစုအတွက် အမေရိကန်ဒေါ်လာ ၁၄၄ ဘီလီယံကျော်သည့် ထောက်ပံ့ရေးအစီအစဉ် (Support Package) ကို ဆောင်ရွက် လျက်ရှိသည်။ ဥရောပသမဂ္ဂသည်လည်း အလားတူစီမံကိန်းမျိုး ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ အကျိုးဆက်အနေဖြင့်Regionalization တိုးတက်မှုနှင့်အတူ ထုတ်လုပ်မှုကွင်းဆက် (Supply Chains) အားကောင်းလာသည်။ ထို့ကြောင့် ယခုအခါ အာရှ တိုက်နိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့သော စုစုပေါင်းစက်နှင့် သယ်ယူပို့ဆောင်ရေးကိရိယာများသည် ၇၉ ရာခိုင်နှုန်းနီးပါးရှိသည်။ ၂၀၁၉ ခုနှစ်တွင် ၆၅ ရာခိုင်နှုန်းသာရှိခဲ့သော တရုတ်နိုင်ငံ၏ ဒေသ တွင်းတင်သွင်းမှုသည် ယခုအခါ ၇၉ ရာခိုင်နှုန်းသို့ တိုးတက်လာခြင်း ဖြစ်သည်။
ဧကဝင်ရိုးလား၊ ဗဟုဝင်ရိုးလား (Unipolar Vs Multipolar)
ဤဒေသတွင်း ပေါင်းစည်းမှု (Regionalization) က အမေ ရိကန်ပြည်ထောင်စုနှင့် ကူးလူးဆက်ဆံသော တရုတ်နိုင်ငံ၏ စီးပွား ရေး၊ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးကိစ္စရပ်များ တဖြည်းဖြည်း လျော့နည်းသွားစေနိုင်သည်။ စစ်အေးတိုက်ပွဲ (Cold War) ပြီးဆုံးချိန် ကတည်းက ယခုအချိန်အထိ အမေရိကန်နိုင်ငံ၏ စီးပွားရေးလွှမ်းမိုးမှု (Economic hegemony) သည် တရုတ်နှင့် အမေရိကန်ဆက်ဆံရေး (Sino-U.S relations) ယိုယွင်းမှုနှင့်အတူ တဖြည်းဖြည်းကျဆင်းလျက် ရှိသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံဂေဟစနစ် (Eco- systems) ပျက်ယွင်းမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်သည် လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလာသည်။ အပိုင်းပိုင်း ဖြစ်လာသည်။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးသည် ဧကဝင်ရိုးကမ္ဘာ (Unipolar World) မဟုတ်တော့ဘဲ ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) ဖြစ်လာနေသည်ဟု ကောက်ချက်ချနိုင်သည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာ့နိုင်ငံများသည် ငွေကြေးဖောင်ပွခြင်း၊ အတိုးနှုန်း မြင့်မားခြင်းနှင့် စီးပွားရေးတိုးတက်မှု ပိုမိုကျဆင်းခြင်းတို့ကို ရင်ဆိုင်ရနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားသည်။ ဧကဝင်ရိုးကမ္ဘာ ဆိုသည်မှာ နိုင်ငံရေးနှင့် စီးပွားရေးအင်အား အလွန်ကြီးမားသော နိုင်ငံတစ်နိုင်ငံက ကြီးစိုးသောကမ္ဘာဖြစ်သည်။ ဗဟုဝင်ရိုးဆိုသည်မှာ နိုင်ငံရေးနှင့်စီးပွားရေး အင်အားကြီးမားသော နိုင်ငံများစွာက ကြီးစိုး သောကမ္ဘာဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံက လွှမ်းမိုးထားခြင်းမဟုတ်ဘဲ နိုင်ငံအမျိုးမျိုးကြား နိုင်ငံရေး နှင့် စီးပွားရေးအင်အား ဖြန့်ခွဲထားသော စနစ်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်း (Nearshoring) နှင့် မိတ်ဖက်နိုင်ငံများနှင့်သာ ကုန်သွယ်ခြင်း (Friendshoring) တို့သည် ကုန်ကျစရိတ် အလွန်များပြားပါသည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းရွှေ့လုပ်ကိုင် ကုန်သွယ်မည့်နိုင်ငံများ၌ ကုန်ဈေးနှုန်းနှင့် လုပ်ခမြင့်တက်နေသောကြောင့်ဖြစ်သည်။ Nearshoring ဆိုသည်မှာ လက်ရှိ လုပ်ကိုင်လျက်ရှိသော နိုင်ငံမှ အနီးအနား၌ရှိသော နိုင်ငံများသို့ စီးပွားရေးလုပ်ငန်း ပြောင်းရွှေ့လုပ်ကိုင်ခြင်းဖြစ်သည်။ Friend- shoring ဆိုသည်မှာ မိတ်ဆွေနိုင်ငံများ သို့မဟုတ် မဟာမိတ်နိုင်ငံများထံမှ ကုန်ကြမ်းရယူပြီး ကုန်ပစ္စည်းထုတ်လုပ်၍ ကုန်သွယ်ခြင်းဖြစ်သည်။ ပထဝီနိုင်ငံရေးကို ထည့်သွင်းစဉ်းစားပြီး ဤကဲ့သို့ ကုန်သွယ်ခြင်းက ဆုံးရှုံးနိုင်ခြေ (Risk) လျော့ကျပြီး ကမ္ဘာ့ဈေးကွက်ကို ရရှိစေ သည်။ Nearshoring နှင့် Friendshoring တို့သည် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှု လျော့ရဲလာသည့်ဖြစ်စဉ် (Deglobalization process) ၏ အစိတ်အပိုင်းများဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း စီးပွားရေးချဲ့ထွင်မှုများသည် ယခင်နှစ်ပေါင်း ၃၀ မတိုင်မီ ဆယ်စုနှစ်များအတွင်းဖြစ်ပေါ်ခဲ့သော စီးပွားရေးချဲ့ထွင်မှုများ (Economic expansions) ထက် ပိုမိုကြာ ညောင်းသည်။ ထိုသို့ ကြာညောင်းရခြင်းမှာ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့ခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေး သည် အထူးသဖြင့် ဧကဝင်ရိုးမူဘောင် (( Unipolar framework) အတွင်း အချိန်ကြာမြင့်စွာ လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ထိုစဉ်က ဂလိုဘယ်လိုက်ဇေးရှင်းကို ပြောင်းလဲစေသော အချက်သိပ် မရှိခဲ့ပေ။
ယခုအခါ ဂလိုဘယ်လိုက်ဇေးရှင်းကို ပြောင်းလဲစေသော အချက်များအဖြစ် စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနှင့် နိုင်ငံရေးဟူသော အချက်များကို တွေ့ရှိရသည်။ ထို့ကြောင့် လာမည့်နှစ်များအတွင်း De-globalization ကိုဖြစ်ပေါ်စေသောအင်အား စုများ ပိုမိုအရှိန်ပြင်းထန်လာနိုင်သည်။ ထို့အတွက် သတိထားစောင့်ကြည့်သင့်သည်။
စိတ်ပူစရာကောင်းသော အချက်တစ်ချက်ရှိသည်။ ယင်းမှာ နိုင်ငံများသည် မိမိနိုင်ငံဖူလုံရေးကိုသာ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။ ထိုအခါ ဆက်ဆံရခက်ခဲသည့် ကုန်သွယ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းသဘောတူညီချက် ရရှိရန် မက်လုံးနည်းပါး လာမည်ဖြစ်သည်။
Source: Reuters
သိန်းမြင့်ဝေ