Main menu

Background

အိန္ဒိယ၏ မူဝါဒ အပြောင်းအလဲကြောင့် ကမ္ဘာ့ဆန်ဈေးကွက် ငြိမ်နေ  

Thu, 10/13/2022 - 11:38 -- journal_editor

ယခုနှစ် စက်တင်ဘာ ၈ ရက်တွင် အိန္ဒိယက ဆန်ကွဲတင်ပို့မှု တားမြစ်ခဲ့ပြီး  စက်တင် ဘာ ၁၅ ရက်မှ စတင်၍ ဆန်ဖြူတင်ပို့မှုအပေါ်  အခွန် ၂၀ ရာခိုင်နှုန်းတိုး၍ ကောက်ခံခဲ့သည်။  အဆိုပါ တားမြစ်မှု များအား စက်တင်ဘာ  ၃၀ ရက်အထိသက်တမ်းတိုးပေးခဲ့ပြီး ယခုအခါ အောက်တိုဘာ  ၁၅ ရက်တိုင်အောင်ရွှေ့ဆိုင်းထားသဖြင့် လတ်တလောကမ္ဘာ့ဆန်ဈေးကျဆင်းနေသည်ဟုသိရသည်။အိန္ဒိယနိုင်ငံ၏တားမြစ်ချက်အသက်ဝင်ပြီးနောက်ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအပါအဝင် ဆန်တင်ပို့သည့်နိုင်ငံများအားလုံးရှိ  ကမ္ဘာ့ဆန်ဈေးကွက်မှာ အလွန်လှုပ်ခတ်ခဲ့သည်။သို့သော်လည်း အိန္ဒိယအစိုးရ၏ပို့ကုန်စည်းမျဉ်းများ ဖြေလျှော့ပေးမှု နှင့်အတူယခုအချိန်တွင် ဈေးကွက်ငြိမ်သက်နေသည်ကို တွေ့ရသည်။ယနေ့ကမ္ဘာ့ဈေးကွက်တွင် အထင်ရှားဆုံးဆန်ရောင်းချသူများအနက် ထိုင်းနိုင်ငံမှ ကုန်စည်အားလုံး၏ဈေးနှုန်းများမှာ  စံချိန် တင်ရလောက်အောင် အဆမတန် ကျဆင်းနေသည်။ အထူးသဖြင့် ၅ ရာခိုင်နှုန်းအကျိုး အကြေပါ ဆန်တစ်တန်လျှင် ၄၃၅ ဒေါ်လာဖြစ်နေကာ ယခင်တစ်ပတ်ကထက် ၁၁ဒေါ်လာခန့် ကျဆင်းသွားပြီ စက်တင်ဘာလအစပိုင်းကထက် ၂ ဒေါ်လာသာ ပိုများသည်။  ဟွမ်မာလီကဲ့သို့သော  တန်းမြင့်မွှေးဆန်တစ်တန်လျှင် ယခင် တစ်ပတ်နှင့်နှိုင်းယှဉ်ပါက အမရိကန်ဒေါ်လာ ၉၀ဝ ကျော်သာ ရှိ၍ တစ်တန်လျှင် ၂၂ ဒေါ်လာ ကျဆင်းသွားသည်။   စံပယ်ဆန်မှာ လည်း ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ၁၆ ဒေါ်လာသို့ ကျဆင်းသွား ပြီး တစ်တန်လျှင် ၆၃၂ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
အလားတူ ပါကစ္စတန်၏ ၅ ရာခိုင်နှုန်းအကျိုးအကြေပါဆန် ဈေးနှုန်းမှာ ပြီးခဲ့သည့်  သီတင်းပတ်က တစ်တန်လျှင်  အမေရိကန် ဒေါ်လာ ၄၂၇ ဒေါ်လာသို့ ရုတ်တရက် တက်လာပြီးနောက်  ယခု အခါ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ မှ ၃၉၃ ဒေါ်လာကြားသို့ကျဆင်းသွားသည်။အိန္ဒိယနှင့်ဗီယက်နမ်ဆန်သာလျှင် တစ်တန်လျှင်အမေရိကန် ဒေါ်လာ ၃၈၃ နှင့် ၄၂၃အသီးသီးဖြင့် ဆက်လက်တည်ငြိမ်နေခဲ့သည်။ Viet Hung Co., Ltd. (Tien Giang) ၏   ဒါရိုက်တာ မစ္စတာ ငုယင်ဗန်ဒွန်က အိန္ဒိယမှ ဆန်တင်ပို့မှုကို ကန့်သတ်ရန် အမိန့်ပေး ပြီးနောက် ယခုအချိန်အထိ   ဗီယက်နမ်ဆန်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၀ မှ ၅၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊ သို့သော်လည်းမကြာသေးမီရက်များအတွင်း  အိန္ဒိယသည် ဆန်တင်ပို့မှုဆိုင်ရာ မူဝါဒများစွာကို ဖြေလျှော့လိုက်ချိန်တွင် ဈေးကွက်သည်တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာခဲ့ကြောင်း၊ ကမ္ဘာတစ် ဝန်းမှ သွင်းကုန်လုပ်ငန်းရှင်များက ယခင်ကဲ့သို့ စာချုပ်များ ကို တက်ကြွစွာ စေ့စပ်ညှိနှိုင်းခြင်း မပြုတော့သည့်အပြင်ဖိလစ်ပိုင်အစိုးရ ကလည်း ခွဲတမ်းအသစ်ကိုထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ယနေ့ကမ္ဘာတွင် ပျမ်းမျှ ဆန်ဈေးက အလွန်မြင့်နေသဖြင့် စားသုံးရန်ခက်ခဲကြောင်း၊ တစ်ချိန်တည်းတွင် ဗီယက်နမ်၌ အထွက်နည်းပြီး  အလယ် ပိုင်းဒေသတွင် မိုးရာသီ၏အထွတ်အထိပ်၌ရှိနေကြောင်း၊ အနောက် ဘက်တွင် ရေကြီးသည့်ရာသီဥတုသို့  ရောက်လာပြီး  ရေအတော် အတန် မြင့်လာသောကြောင့်    နွေစပါး မျိုးစေ့ကြဲမည့်အချိန်ကို အနည်းနှင့်အများ သက်ရောက်မှုရှိကြောင်း၊ယင်းအကြောင်းများ ကြောင့် ဗီယက်နမ်ဆန်ဈေးကွက်တွင် ယခုမှနှစ်ကုန်အထိ အတက်အကျအနည်းငယ်ရှိနိုင်မည်ဖြစ်သော်လည်း၊ဈေးနှုန်းကို အတော်အသင့် ထိန်းထားနိုင်ဆဲဖြစ်ကြောင်းဖြေကြားခဲ့သည်ကိုတွေ့ရသည်။ မကြာသေးမီက ဗီယက်နမ်စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာန က ဗီယက်နမ်စားနပ်ရိက္ခာအသင်း((VFA)နှင့်ဆန်တင်ပို့ရောင်းချ သူများထံသို့  ပို့ကုန်နှင့် ပြည်တွင်းစားသုံးမှုအကြား ဟန်ချက်ညီစေရန် ဖြေရှင်းချက်များကို အကောင် အထည်ဖော်ရာတွင် ညှိနှိုင်းဆောင် ရွက်ရန် စာဖြင့် အဆိုပြုခဲ့သည်။

ရေရှည်အားသာချက်
အိန္ဒိယအာဏာပိုင်များ၏ စာရင်းဇယားများအရ  ပို့ကုန်ကန့် သတ်ရေးမူဝါဒကြောင့် ဆန်တန်ချိန်တစ်သန်းခန့်မှာ ယင်းနိုင်ငံရှိ ဆိပ်ကမ်းများတွင် ပိတ်မိနေခဲ့သည်ဟု သိရသည်။အကြောင်းရင်းမှာ ပို့ကုန်တင်ပို့သူဘက်ကရော တင်သွင်းသူဘက်ကပါလျှောက်ထား ရုံဖြင့် ထပ်ဆောင်းအခွန် ၂၀ ရာခိုင်နှုန်းပေးဆောင်ရန်သဘောမတူ သောကြောင့်ဖြစ်သည်။ ပိတ်ပင်မှုကြောင့် အိန္ဒိယဆန်တင်ပို့သူများ၏ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့်ရှိသည်။  ဟိုချီမင်း မြို့တော်ရှိ  Hiep Quang Agro Company၏ ဒါရိုက် တာMr. Tran Vu Khanhက မူဝါဒသစ်အတွက် လျှောက်လွှာတင် ကာလကို သက်တမ်းတိုးရန် အိန္ဒိယအစိုးရ၏ကြေညာပြီးနောက် ၎င်း တို့ကုမ္ပဏီမှ ဝယ်ယူမည့် စာချုပ် ၁၀ စောင် မှာ  ဆိပ်ကမ်းတွင် ပိတ် မိနေဆဲဖြစ်ကြောင်း၊  ပို့ကုန်တင်ပို့သူနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်း သော်လည်း အောင်မြင်ဖွယ်မရှိကြောင်း၊ ထို့ကြောင့်  ရွေးချယ်စရာ အသစ် ရှာဖွေရန် စာချုပ်ကို ပယ်ဖျက်ဖို့ စဉ်းစားနေကြောင်း မှတ်ချက် ပြုပြောကြားခဲ့သည်။ဗီယက်နမ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခဒေါက်တာ Bui Chi Buu က ဆန်မှာ ထိလွယ်ရှလွယ် ပစ္စည်း ဖြစ်သောကြောင့်ဈေးနှုန်းအလွန်အမင်း မငြိမ်မသက် ဖြစ်လေ့ရှိ ကြောင်း၊ ထို့ကြောင့် အစိုးရများက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် ရန်နှင့် လူမှုဖူလုံရေး တည်ငြိမ်ရန် ကဲ့သို့သော ရည်မှန်းချက်များစွာကို အောင်မြင်ရန် ဈေးနှုန်းတည်ငြိမ်ရေးမူဝါဒများ ချမှတ်လေ့ရှိကြောင်း၊  ကမ္ဘာ့ဆန်ဈေး အမြန်အေးသွားရခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်၏ ဆန်စပါးလုပ်ငန်းတွင် အားသာချက်များစွာရှိကြောင်း၊   ဈေးနှုန်းအရ အစိုးရက ငွေကြေးဖောင်းပွမှုကို လျှော့ချခြင်းဖြင့် စားသောက်ကုန် ဈေးနှုန်းများအတွက် အကျိုးကျေးဇူးတစ်ရပ်ဖြစ်စေကြောင်း၊  ထို့ အပြင် ကာလတို စပါးမျိုးများကို ထုတ်လုပ်သောကြောင့် ထိုင်းဆန် အများစုနှင့် နှိုင်းယှဉ်ပါက သီးနှံရရှိရန်  ၃-၄ လသာ အချိန်ကြာမြင့် ကြောင်း၊ ၎င်းအချက်များမှာ ကမ္ဘာ့ဆန်ဈေးကွက် အတန်ငယ် ဖိစီးနေ သည့် အခြေ အနေတွင် ဗီယက်နမ်၏အားသာချက်များဖြစ်ကြောင်း ပြောကြားခဲ့သည်ကို လေ့လာတွေ့ရှိသည်။ 
Trung An Hi-tech  Agri-culture Joint Stock Company (Can Tho) ၏ အထွေထွေညွှန်ကြားရေးမှူး Mr. Pham Thai Binh က စီးပွားရေးရှုထောင့်မှ မှတ်ချက်ပြုပြောကြားရာ၌ အိန္ဒိယ၏ ဆန် တင်ပို့မှုအပေါ် ကန့်သတ်ချုပ်ချယ်မှု မှာ လုံခြုံရေးပြဿနာများ၏ အရေးပါမှုကို ပြသနေကြောင်း၊ လက်ရှိ ကမ္ဘာတွင် အစားအသောက် အခြေအနေမှာ အတော်ဖိစီးမှုဖြစ်နေကြောင်း၊  ကမ္ဘာ့ဆန်ဈေးကွက် အတွက် ဆန်အဓိကရင်းမြစ်ဖြစ်သည့် အိန္ဒိယမှ ရောင်းလိုအားကျဆင်း ခြင်းမှာ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အား အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဗီယက်နမ်၏အားသာချက်မှာ ဆန်ထုတ်လုပ်မှုကို မြောက်မှတောင်သို့    ဖြန့်ကြက်ဆောင်ရွက်နိုင်သောကြောင့်  ပို့ကုန်အတွက် တည်ငြိမ်ပြီး ပိုလျှံကြောင်း၊ သို့သော်လည်း ယနေ့ ဆန်စပါးထုတ်လုပ်မှုတွင်  စီးပွားရေးထိရောက်မှု ပြဿနာကို  ဂရုတစိုက်တွက်ချက်ရန် လိုအပ် လာကြောင်း၊ ဗီယက်နမ်ဆန်၏ အရည်အသွေးကို  မကြာသေးမီ နှစ်များအတွင်း တိုးတက်လာစေရန်ဆောင်ရွက် နိုင်ခဲ့ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် အဆင့်မြင့်ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက် ခဲ့ကြောင်း၊  ဗီယက်နမ်နိုင်ငံက ရေရှည်တည်တံ့သော အစိမ်းရောင်စံ နှုန်းများနှင့်အညီ  တန်ဖိုးကြီး ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် အရည် အသွေးမြင့်ဆန်ထုတ်လုပ်နေသည့်အဖွဲ့အစည်းအားဆက်လက်တကြွ်ကစွာမြှင့်တင်ရန် လိုအပ်ကြောင်း၊ ပြည်ပပို့ကုန်အတွက်အရည်အသွေးမြင့်ဆန် ဟက်တာ တစ်သန်း၏အစီအစဉ်ကိုဆက်လက်မြှင့်တင်သင့်သည်ဟု ထင်မြင ကြောင်း၊  သို့ဖြစ်ရာ လယ်သမား များနှင့် ဈေးကွက်ရှိ  စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်မှု (အထူးသဖြင့် တန်ဖိုးကြီး ဈေး ကွက်များနှင့် ချိတ်ဆက်မှု)ကို အား ကောင်းခိုင်မာစေရန်  လိုအပ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များ (FTAs) မှ  ရရှိလာသည့် ဈေးကွက်အခွင့် အလမ်းများ၏ အကျိုးကျေးဇူးကို  ယူနိုင်စေရန်  ဤအစီအစဉ်ကို မြှင့်တင်ရန် လိုအပ်နေကြောင်းဟု MR.Binh က ပြောကြားခဲ့သည်။
ရင်းမြစ် -   vietstock.vn/2022/10/vi-sao-thi-truong-gao-the-gioi-ha-nhiet-118-1005468.htm (1-10-2022)

ဒေါက်တာရွှေစင်ကို