အတွဲ(၁၅)အမှတ်(၅)
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာပါ ဆောင်းပါးရှင် မောင်စားသုံး ဆိုသူရေးသားတဲ့သိရင် ပြောပေးပါဆောင်းပါး ဖတ်လိုက်ရပါတယ်။ ကျွန်တော် အိပ်ပျော်ရာ က ရုတ်တရက် လှန့်နှိုးခြင်း ခံလိုက်ရသလို ဖြစ်သွားပါတယ်။ သေသေ ချာချာ ပြန်ဖတ်ပြီး စာရေးသူရဲ့ ဆိုလိုရင်းကို ဖော်ထုတ်ဖို့ ဖြစ်နိုင်ခြေ ရှိတာတွေ စာရွက်ပေါ်ရေးချတဲ့အခါမှာ စားသုံးသူအကာအကွယ်ပေး ရေး ဆောင်ရွက်ချက်တွေ အားမလိုအားမရ ဖြစ်နေရပုံကို တွေ့ရှိရ ပါတယ်။ စေတနာနဲ့ အကြံပြုတာ တွေ့ရတဲ့အတွက် ကြိုဆိုရမှာပဲဖြစ် ပါတယ်။ ဒါကြောင့်လည်း ကိုစားသုံးသူရဲ့စေတနာကို ပြန်လည် လေးစားတဲ့အနေနဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်ရင် ကောင်းမှာပဲလို့ စဉ်စားခဲ့ပါတယ်။
ဘယ်လိုအလုပ်ပဲလုပ်လုပ် ပြန်ပြီးသုံးသပ်မှုမရှိရင် အဲဒီအလုပ် က ပရမ်းပတာ ဖြစ်သွားနိုင်ပါတယ်။ အောင်မြင်မှုရရင်လည်း ရေရှည် ထိန်းထားနိုင်ဖို့ အခြေခံစံထားရမယ့်အချက်အလက်မရှိ ဖြစ်နေတော့ အထွတ်အထိပ်မရောက်နိုင်ဘဲ လမ်းခုလတ်က ပြန်လာတတ်ကြပါ တယ်။ အဲဒီအတိုင်းပဲ နိုင်ငံနဲ့ချီပြီး ဆောင်ရွက်ခဲ့ရတဲ့ စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းကို အဘက်ဘက်ကသုံးသပ်ပြီး ဘယ်သူက ဘာတာဝန်ကို ထမ်းဆောင်သင့်တယ်၊ ဘယ်လိုဆောင်ရွက်သင့်တယ်၊ ဘာတွေကို ဘယ်လိုလုပ်သင့်တယ် အစရှိသဖြင့် ပြန်လည်ပြုပြင် သင့် တာတွေကို ပြုပြင်၊ ပယ်ဖျက်သင့်တာတွေကို ပယ်ဖျက်၊ ရှေ့ကိုတစ်ဆင့် တိုးပြီး ဆောင်ရွက်ရမယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။ ဘယ်အပိုင်း က အားနည်းနေသေးလဲ၊ ဘာတွေကို ပြုပြင်ပြောင်းလဲဖို့ လိုသေးလဲ ဆိုတာတွေကို သုံးသပ်ဖို့ အထက်ပါဆောင်းပါးရှင်က သတိပေးလိုက် သလို ဖြစ်သွားပါတယ်။
ဘယ်သူက အရေးယူမှာလဲဆိုတဲ့အပိုင်းနဲ့ ဆောင်းပါးရှင် မေးမြန်းအကြံပြုချက်ကို အဆုံးသတ်တာ တွေ့ရတဲ့အတွက် အဓိက မေးခွန်းကလည်း ဒီအပိုင်းပဲဆိုတာ သွားတွေ့ရပါတယ်။ဒီမေးခွန်းကို မိမိအနေဖြင့် ဖြေရမယ်ဆိုပါက ''အရေးယူတယ်ဆိုတာထက် စားသုံး သူ ပြည်သူတိုင်းထံကို စားသုံးသူဆိုင်ရာ အသိပညာပေးလုပ်ငန်း အရင်လုပ်ပါ။ ပြီးမှ သိလျက်နဲ့ ချိုးဖောက်လာရင် စားသုံးသူပြည်သူ တွေကပဲ တိုင်တန်းရမှာဖြစ်ပြီး အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအတိုင်း ထိထိရောက်ရောက် တရားစွဲအရေးယူရမှာပါ'' လို့ အဖြေ ပေးလိုက်ချင်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတစ်ခုမှာ စားသုံးသူကိုယ်စား လှယ်တစ်ဦးက ''စားသုံးသူက အငြင်းပွားဖို့နေနေသာသာ သူတို့က သူတို့ရဲ့ အခွင့်အရေးကို မသိကြဘူး။ ထုတ်လုပ်သူအချို့ကလည်း ထုတ်လုပ်သူလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကို ကောင်းကောင်း နားမလည်ကြဘူး။ ဒါကြောင့် အငြင်းပွားမှုကို မဖြေရှင်းခင် စားသုံး သူပညာပေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ်လို့ သူ့အနေနဲ့ မြင်ပါတယ်'' တဲ့။
စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းကို ကျွန်တော်တို့ နိုင်ငံက အခုမှလုပ်နေတာဖြစ်တဲ့အတွက် အတွေ့အကြုံနုနယ်သေးတာကတစ်ကြောင်း၊ ၂၁ရာစု လူတို့ရဲ့ စိတ်နေစိတ်ထား၊ အလေ့အထ များ ပြောင်းလဲလာတာကတစ်ကြောင်း၊ ထုတ်လုပ်မှု အားကောင်းတဲ့ အိမ်နီးချင်း နိုင်ငံများဆီက စစ်ဆေးမှုမပြုနိုင်တဲ့ ကုန်စည်တွေ အလုံး အရင်းနဲ့ ဝင်လာတာကတစ်ကြောင်း၊ အခြားအကြောင်းများစွာများ ကြောင့် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်း သိကောင်းစရာ များ သိသင့်သလောက် မသိနိုင်သေးတဲ့အတွက် စားသုံးသူများ နစ်နာ ဆုံးရှုံးမှု တစ်ပုံတစ်ပင်ဖြစ်ခဲ့ရပါတယ်။
တစ်နေ့ ကျွန်တော့်ဆီကို မုံရွာမြို့မှာရှိတဲ့ ဥမါညေငခ ၤမောငညါ ရ ဏမသိကခအျ ွှနော က ဦးမျိုးဝင်းနဲ့ ဦးမြတ်နိုင်ထွန်းတို့နှစ်ယောက် ရောက်လာကြပါတယ်။ အရင်တုန်းက သူငယ်ချင်းတွေဖြစ်တာကြောင့် မို့လို့ ရောက်တတ်ရာရာ ပြောကြားရင်း ကျွန်တော်တို့ရဲ့ စားသုံးသူ အကာအကွယ်ပေးရေး ပညာပေးဟောပြောပွဲအကြောင်း စကားစပ်မိ ကြပါတယ်။ ကျွန်တော့်ရဲ့ အားနည်းချက်ကိုလည်း အားမနာတမ်း ထောက်ပြပြောဆို သွားပါတယ်။ ဘယ်အချက်အလက်တွေက အထောက် ထားမခိုင်လုံဘူး၊ ဘယ်အချက်တွေက မပြည့်စုံဘူး အစရှိ သဖြင့် အကြုံပြုကြတာလည်း တွေ့ရပါတယ်။ စားသုံးသူအကာ အကွယ်ပေရေးဥပဒေရဲ့ ပြစ်မှုပြစ်ဒဏ်မှာ ထောင်ဒဏ် သုံးနှစ်နှင့် ကျပ်ငွေ သိန်းငါးဆယ်ဆိုတာက ယခုခေတ်မှာ ဘယ်သူမှ မကြောက် တော့ဘူးဆိုတဲ့အချက်တွေ၊ အဲဒီဥပဒေအရ ဘယ်သူက တရားလိုလုပ် မှာလဲ၊ ပြစ်မှုမြောက်တာကိုကော ဘယ်သူဆုံးဖြတ်မှာလဲ၊ အစွပ်စွဲခံရ သူကကော ငြင်းဆိုမယ်၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ကိုယ်လွတ်ရုန်း ရင်ကော ဘယ်လိုလုပ်မှာလဲ အစရှိသဖြင့် မေးခွန်းမျိုးစုံကို မေးခဲ့ကြပါ တယ်။သူတို့ရဲ့မေးခွန်းကို သေချာနားထောင်ပြီး ပြန်ရှင်းတဲ့အခါမှာ နေရာဒေသ အလိုက်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ရဲ့ လုပ်ရမယ့်တာဝန်၊ လုပ်ပိုင်ခွင့်၊ အဖွဲ့ဝင်တွေရဲ့ ကိုယ်ရည် ကိုယ်သွေး၊ စေတနာနဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ဖြေရှင်းပေးရမယ်ဆိုတဲ့အကြောင်း ကို ရှင်းပြလိုက်တော့ အတော်ကျေနပ်သွားကြပုံ ရပါတယ်။
မုံရွာမြို့က ကျွန်တော်ရဲ့ သူငယ်ချင်းနှစ်ယောက်ကို ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း တတ်သလောက်၊ မှတ်သလောက် ပြောပြပြီးတဲ့ နောက်မှာ သူတို့က အော်ဂဲနစ်စိုက်ပျိုးရေးအပိုင်းဘက်ကို စကားပြန် လှည့်လာကြပါတယ်။ ယခုခေတ် ဓာတ်မြေသြဇာတွေရဲ့ စွမ်းပကား တွေ၊ အဲဒီဓာတ်မြေသြဇာတွေက သုံးပြီး တစ်နှစ်အထိ မြေကြီးမှာ သူ့ ရဲ့ ဓါတ်<ကင်းတွေ ကျန်ရှိခဲ့ပုံ၊ ဒီဓာတ်တွေက စားမိတဲ့ စားသုံးသူတွေ ရောဂါပေးပုံ၊ ဒါကြောင့် တောင်သူလယ်သမားတွေကို စည်းရုံးပြီး အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးလာဖို့၊ အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ် ဖြန့်ဝေမယ့် အခြေအနေတွေ၊ ပညာရှင်များ ကိုယ်တိုင်ဟောပြောပြီး လက်တွေ့ပြသမယ့်အစီအစဉ်တွေ၊ အော်ဂဲနစ် စိုက်ပျိုးရေးကလည်း သီးနှံအထွက် လျော့မကျပုံများကို ပြောပြပြီး ကျွန်တော်တို့ရဲ့ စားသုံးသူ အကာအကွယ်ပေးရေး ပညာပေးဟောပြောပွဲမှာလည်း အော်ဂဲနစ် သီးနှံအကြောင်း ဟောပြောသင့်ပုံ၊ ဓာတုဓာတ်ကင်းများရဲ့ အန္တရာယ် ကို များများဟောပြောပေးဖို့တွေ၊ နောင်ဟောပြောပွဲတွေမှာ သူတို့ လည်း ပါဝင်ပေးမယ့် အခြေအနေတွေကို ဆွေးနွေးပြီး ကျွန်တော် တို့ရဲ့စကားဝိုင်းကို ရုပ်သိမ်းလိုက်ကြပါတယ်။
ပြီးခဲ့တဲ့ နွေရာသီတုန်းက မကွေးတိုင်းဒေသကြီး၊ စကုမြို့မှာ နေထိုင်တဲ့ ခန္ဓာကိုယ် အရိုးအဆစ်ခိုင်ရောဂါနဲ့ အိပ်ရာပေါ်မှာ လဲလျောင်းနေရတဲ့ စာရေးဆရာ - ကဗျာဆရာ အေးမင်းစောကို စားသုံးသူအကာအကွယ်ပေးရေးအကြောင်း ပြောပြခွင့် ကျွန်တော်ရ ရှိခဲ့ပါတယ်။ ဆရာနဲ့ စကားပြောကြည့်တဲ့အခါမှာ နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းပေါင်းစုံကို အံသြစရာကောင်းလောက်အောင် သိခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော်က စားသုံးသူအကာအကွယ် ပေးရေးအကြောင်းများကို ပြောတော့ သူက ကျွန်တော့်ထက် ပိုမို ဆွေးနွေး နိုင်ပါသေးတယ်။ဆရာပြောပြတဲ့အထဲက ပထမအချက် တစ်ချက်အနေနဲ့ အစိုးရမဟုတ်တဲ့ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းနဲ့ ကျွန်တော်တို့ရဲ့ စားသုံးသူရေးရာဌာန ပူးပေါင်းဆောင်ရွက် ခြင်းမရှိတာ ဘာဖြစ်လို့လဲတဲ့။ ဒုတိယအချက်မေးခွန်းက စားသုံးသူ ရေးရာ အကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာ ပညာပေး လုပ်ငန်း ထိရောက်သင့်သလောက် ထိရောက်အောင် မလုပ်နိုင်ကြ တာ ဘာကြောင့်လဲတဲ့။ တတိယမေးခွန်းအနေနဲ့ ဈေးတွေမှာအန္တရာယ် ရှိ စားသောက်ကုန်တွေ ရောင်းနေတာ အများပြည်သူကသိပါလျက်နဲ့ ဘာဖြစ်လို့ တားမြစ်တာ၊ စစ်ဆေးတာ၊ ဖမ်းဆီးအရေးယူတာတို့ကို ဘာကြောင့်မလုပ်ကြတာလဲ စတဲ့မေးခွန်း တွေဖြစ်ပါတယ်။
ဆရာအေးမင်းစောရဲ့ မေးခွန်းတွေကို ကျွန်တော်တတ် သလောက် ကြိုးစားပြီးတော့ ဖြေခဲ့ပါတယ်။ ပထမမေးခွန်းဖြစ်တဲ့ အစိုးရမဟုတ်တဲ့ စားသုံးသူကြိုတင်ကာကွယ်ရေးအသင်းနဲ့ ဘာ ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာလဲ ဆိုတာကို ''ပူးပေါင်း ဆောင်ရွက်နေပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးက လှုပ်ရှားမှု သတင်း များ အပတ်စဉ်ထုတ် ကောမတ်စ်ဂျာနယ်မှာ တွေ့ရလေ့ရှိကြောင်း၊ နောက်ဆိုရင် ပိုမိုပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း'' ရှင်းပြခဲ့ ပါတယ်။ ဒုတိယမေးခွန်းဖြစ်တဲ့ ပညာပေးလုပ်ငန်း ထိရောက်စွာ မလုပ်နိုင်တဲ့ အကြောင်းကိုတော့ ''ဝန်နှင့်အား မမျှတဲ့သဘောလည်း ဖြစ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံရဲ့ စားသုံးသူ အကာအကွယ်ပေး ရေး လုပ်ငန်းဆောင်ရွက်မှု နုနယ်သေးတာကတစ်ကြောင်း၊ ကျွမ်း ကျင်သူ နည်းပါးသေးတာကလည်း တစ်ချက်ဖြစ်ကြောင်း၊ အထောက် အကူပြုပစ္စည်း လိုအပ်ချက်ရှိတာကလည်းပါကြောင်း၊ စရိတ်စကပံ့ပိုး မှု အားနည်းချက်ကလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ် ဆိုတဲ့ အကြောင်း'' ကျွန်တော်ရဲ့ အမြင်နဲ့ ဖြေကြားခဲ့ပါတယ်။ တတိယမေး ခွန်းဖြစ်တဲ့ ဈေးထဲမှာရှိတဲ့ အန္တရာယ်ရှိ စားသောက်ကုန်ကို ပထမ အဆင့်အနေနဲ့ ဈေးမှာ တာဝန်ယူထားတဲ့ ဈေးကော်မတီဆိုတာရှိ တယ်။ အဲဒီ ကော်မတီကပဲ သိမ်းဆည်းခြင်းလုပ်ရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တောင်းခံရမှာ ဖြစ်ပြီးတော့ ကုန်ပစ္စည်းဖျက်ဆီးခြင်းကို ကော်မတီကပဲ ဘုတ်အဖွဲ့နဲ့ ဖျက်ဆီးရမှာဖြစ်တယ်။ ကုန်ပစ္စည်းရောင်းချတဲ့သူကိုတော့ တရားရုံး ကို တိုက်ရိုက်တရားစွဲတင်ပို့ပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနဲ့ ပြစ်မှုဆိုင်ရာဥပဒေများ၊ ဆက်စပ်ဥပဒေများနဲ့ လိုအပ်သလို အရေးယူရမှာဖြစ်ပါတယ်လို့ ဖြေခဲ့ပါတယ်။
ကျွန်တော်တို့ ဟောပြောပွဲအတော်များများ လုပ်တဲ့အထဲမှာ ပရိသတ်နဲ့ ကျွန်တော်တို့ အပြန်အလှန် ဆွေးနွေးခဲ့တဲ့ အမှတ်တရ ပွဲတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ရွှေဘိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့တဲ့ပွဲဟာ အားရစရာကောင်းတဲ့ပွဲအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အဲဒီပွဲမှာ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေ ဖြစ်လင့်ကစား အတွေး အခေါ်နဲ့ အယူအဆတွေမြင့်မားနေတာကို သတိထားမိပါ တယ်။ မေးတဲ့မေးခွန်း အချို့ကိုတင်ပြရမယ်ဆိုရင် ''ဟင်းချိုမှုန့်စားရင် ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျနိုင်တယ်၊ ပြီးတော့ ရောဂါတွေရမယ်လို့ ဆိုပါတယ်၊ သမီးတို့ကလည်း ဟင်းချိုမှုန့်မပါရင် ထမင်းစားမကောင်းဘူး။ အဲဒီလိုဆိုရင် သမီးတို့က ဘာစားရမလဲ'' မေးခွန်းထုတ်သူ က နဝမတန်းကျောင်းသူတစ်ယောက်။ နောက်ဒသမတန်းကျောင်းသားက ''စားအုန်း ဆီမှာ ပြည့်ဝအဆီပါဝင်မှုနှုန်းက ၅၀ ရာခိုင်နှုန်း၊ မပြည့်ဝအဆီ ၄၇ ရာခိုင်နှုန်းဆို တော့၊ စားလို့မရတဲ့ပြည့်ဝအဆီပါဝင်တဲ့နှုန်းက များတဲ့အတွက် ဘာဖြစ်လို့ နိုင်ငံ တော်က တင်သွင်းခွင့်ပြုတာလဲ''တဲ့။ နောက် ကျောင်းသူတစ်ယောက်ကပဲ ''အရက် နဲ့ဘီယာတွေ နိုင်ငံတော်က နိုင်ငံခြားမှ တင်သွင်းခွင့်မပြုထားဘူးလို့ သိရပါတယ်၊ ရပ်ကွက်တွေမှာ အရက်ဆိုင်နဲ့ဘီယာဆိုင်တွေ ပြည့်နှက်နေပါတယ်။ ဘာပြုလို့ အဲဒီ ဆိုင်တွေကိုကျတော့ နိုင်ငံတော်က မပိတ်တာလည်းရှင့်''ဒသမတန်းကျောင်းသား တစ်ယောက်ကလည်း ''အိမ်နီးချင်းနိုင်ငံကြီးက အန္တရာယ်ရှိ စားသောက်ကုန်တွေ အများအပြားကို ကျွန်တော်တို့နိုင်ငံထဲကို ဈေးနှုန်းချိုချိုနဲ့ ခိုးကြောင်ခိုးဝှက် တင် သွင်းလာတယ်လို့ သိရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်ကိုကော အုတ်တံတိုင်း ကာပြီး ပိတ်ဆို့လို့မရနိုင်ဘူးလား''တဲ့။ နောက်ထပ် ကျောင်းသူတစ်ယောက်ကတော့ ''နိုင်ငံခြားက ကုန်ပစ္စည်းတင်သွင်းရာမှာ လိုအပ်တဲ့ ထောက်ခံချက်ကို အတုလုပ်လာ တာကော မရှိဘူးလား၊ ဘယ်လိုကာကွယ်ထားသလဲဆိုတာ သိလိုပါတယ်ရှင့်''တဲ့။
အထက်ပါ မေးခွန်းများဟာ စားသုံးသူပြည်သူအချို့ရဲ့ ရင်ထဲကလာတဲ့ မေး ခွန်းများပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို လူနည်းစုဆီကပဲ ရရှိသေးတာဖြစ်ပြီးတော့ လူအများနဲ့ဆိုရင် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။ ဒီအချက် တွေကို ကြည့်ခြင်းအားဖြင့် စားသုံးသူပြည်သူများသည် စားသုံးသူအကာအကွယ်ပေး ရေးအတွက် မေးခွန်းပေါင်းများစွာ မေးနေပြီဆိုတဲ့ သုံးသပ်ချက်ရရှိမှာဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ စားသုံးသူပြည်သူများအနေနဲ့ တာဝန်ရှိသူများကို စောင့် မနေဘဲ မိမိရဲ့လုပ်နိုင်တဲ့စွမ်းအားနဲ့ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းကို မိမိတို့သိသလောက် တတ်သလောက် ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စား သုံးသူအကာအကွယ်ပေးရေးလုပ်ငန်း အောင်မြင်ဖို့ အလွန်လွယ်ကူလာမှာ ဖြစ်ပါ တယ်။ စားသုံးသူနဲ့ ထုတ်လုပ်သူတွေဟာ လူတွေဖြစ်တဲ့အတွက် လူတိုင်းက အတ္တ မကင်းနိုင်ဘူး၊ လောဘ အဆုံးမသတ်နိုင်ဘူး၊ ပရသမား မဖြစ်နိုင်ဘူး။ ဒါကြောင့် နိုင်ငံချစ်စိတ်မွေးမြူပြီး စားသုံးအကာအကွယ်ပေးရေးလုပ်ငန်းအတွက် စည်းရုံးရင်း အခြေခံအကျဆုံးကနေစပြီး လုပ်မယ်ဆိုရင် မူလနဲ့ အရေးကြီးဆုံး စားသုံးသူကိစ္စဖြေ ရှင်းရေးအဖွဲ့အဖြစ် အများပြည်သူက သတ်မှတ်သွားမှာသာဖြစ်ကြောင်း ဆွေးနွေး တင်ပြလိုပါတယ်။
ခမ်လျန်စွမ်း