Main menu

Background

ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်

Wed, 06/21/2023 - 10:59 -- journal_editor

နေ့ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်(၁၉)  ကပ်ရောဂါကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ ထို့ပြင် ယခုတစ်ခါ မျောက် ကျောက်ရောဂါဟူ၍ ပေါ်လာပြန်သည်။ ထို့နည်းတူစွာပင်  ယခုလို မိုးရာသီအခါမျိုးတွင် သွေးလွန်တုပ်ကွေးရောဂါကလည်း ဖြစ်ပွားနှုန်း များလာသည်ကို စာရေးသူသတိပြုမိသည်။ ကလေးငယ်များတွင် အများအပြားဖြစ်ပွားလေ့ရှိသည်။   သွေးလွန်တုပ်ကွေးရောဂါသည် လည်း ပေါ့ဆ၍ မရသောရောဂါဖြစ်သည်။  ပေါ့ပေါ့ဆဆနေပါက အသက်သေဆုံးသည်အထိ ဖြစ်တန်သောကြောင့် သွေးလွန်တုပ်ကွေး မဖြစ်အောင် ကြိုတင်ကာကွယ်ကြဖို့ လိုပါသည်။ ကျန်းမာရေးဌာန အနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ကို လည်း တွေ့ရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားခြင်း
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းသည် သွေးလွန်တုပ် ကွေးရောဂါကိုသယ်ဆောင်လာသော ခြင်းကျားကြောင့်ဖြစ်သည်။ ထိုခြင်ကျားသည်  ရေအိုင်များ၊ အိုးခြမ်းကွဲနှင့်နို့ဆီဘူးကဲ့သို့သော ဘူး များအတွင်းရှိ ရေများ၊ မိုးရွာပြီးနောက် တင်ကျန်ခဲ့ ရေအိုင်ငယ်လေး များတွင် နေထွက်လာသောအခါ   ပိုးလောက်လမ်းလေးများ ပေါက် လာသည်။ ထိုမှတစ်ဆင့်ခြင်ကျားခေါ် ခြင်ပုန်းများ ဖြစ်လာသည်။သွေးလွန်တုပ်ကွေးဖြစ်ပွားခြင်းသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး (Dengue Virus) ကို သယ်ဆောင်လာသော အေဒီစ်ခြင်ကျား ကိုက်ခံရသောကြောင့် ဖြစ်သည်။ အေဒီစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် အများဆုံးပေါက်ပွားလေ့ရှိပြီး နေ့အချိန်တွင်  ကိုက်လေ့ရှိသည်။ ထို့ပြင် ညနေစောင်းအချိန်နှင့် အရုဏ်ဦးအချိန်တွင်လည်း ကိုက်လေ့ရှိသည်။ သွေးလွန်တုပ်ကွေးသည် ကူးစက်တတ်သောရောဂါတစ်မျိုး လည်းဖြစ်သည်။
 သွေးလွန်တုပ်ကွေးရောဂါသည်  တစ်နှစ်ပတ်လုံး  ဖြစ်လေ့ရှိ တတ်သော်လည်း မိုးရာသီဖြစ်သော   ဇွန်လမှ သြဂုတ်လများတွင် အဖြစ်များလေ့ရှိသည်။ တစ်နည်းဆိုသော် မိုးရာသီတစ်ရာသီလုံးတွင် ဖြစ်တတ်သည်။ အဖြစ်များသည်က မိုးရာသီဖြစ်သည်။ သွေးလွန်တုပ် ကွေးရောဂါသည်အသက်အရွယ်မရွေး ဖြစ်တတ်သော်လည်း များသောအားဖြင့် အသက် ၃ နှစ် မှ ၁၅ နှစ်အရွယ်အထိ ဖြစ်တတ်သည်။သို့သော် ယခုအခါ လူလတ်ပိုင်းဖြစ်သော အသက် ၂၅ နှစ်မှ ၃၀ အရွယ်တွေပါ ဖြစ်နေကြောင်း သိရသည်။ အသက် ၁၅ နှစ်အထက် အရွယ်အပိုင်းအခြားတွင်ဖြစ်ပါက ရောဂါဖြစ်ပွားမှုပြင်းထန်ပြီး အသက် ဆုံးရှုံးသည့်အထိဖြစ်တတ်ကြောင်း ကျန်းမာရေးဆောင်းပါးတစ်ပုဒ် တွင် စာရေးသူ ဖတ်လိုက်ရသည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ
သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုလျှင် နှစ်ရက်မှ ခုနစ်ရက်အထိ ဖျားတတ်သည်။ တချို့က အပူအလွန် မကြီးသော်လည်း ကလေးငယ်များသည် မှိန်း၍နေတတ်သည်။ တချို့ကလေးများဆိုလျှင် အပူအလွန် ကြီးလေ့လည်းရှိသည်။ ကိုယ်အပူချိန် ၁၀၃မှ ၁၀၄ အထိ  ရှိတတ်သည်။ စာရေးသူ၏  တပည့်ငယ်တစ်ယောက်ဆိုလျှင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်၍ ကျောင်းမတက်နိုင်ပေ။ စာရေးသူ တူတစ်ယောက်ဆိုလျှင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ၃-၄ရက် ဆေးရုံတက်လိုက်ရသည်။ သွေးလွန်တုပ်ကွေးဖြစ်လျှင် ခန္ဓာကိုယ်အနီစက်များ ထွက်လာခြင်း၊ ပျို့အန်တတ်ခြင်း၊  ဝမ်းဗိုက်နာခြင်း  စသည့်လက္ခဏာများ ဖြစ်တတ်သည်။  စာရေးသူ၏ တူကလေးဆိုလျှင် အနီစက်များလည်း မထွက်၊ အန်လည်း မအန်ပါ။ သို့သော် မှိန်းနေတတ်သည်။ ထို့ကြောင့် မှိန်းနေခြင်းသည်လည်း သွေးလွန်တုပ်ကွေး လက္ခဏာတစ်ရပ်ဖြစ် သည်။ 
ယင်းအပြင်အခြားသောလက္ခဏာတချို့လည်း ရှိပါသေးသည်။တချို့က ကိုယ်အပူချိန် ၁၀၅ လောက်အထိ ဖြစ်သွားတတ်သည်။ နောက်ထပ် သွေးလွန်တုပ်ကွေး လက္ခဏာတချို့မှာ အရိုးအဆစ်နှင့် ကြွက်သားများ ကိုက်ခဲခြင်း၊  ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မျက်နှာနီမြန်းနေတတ်ခြင်း၊ အစားအသောက် သို့မဟုတ် အရည်တစ်မျိုးမျိုးဝင်ပါက အန်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်းစသည့် လက္ခဏာများလည်း   ဖြစ်တတ်သည်။ အဖြစ်အများဆုံး လက္ခဏာများမှာ မှိန်းနေခြင်း၊ ပျို့အန်ခြင်းနှင့် အနီစက်များထွက်လာ ခြင်းတို့ဖြစ်သည်။
ထို့ပြင် သွေးလန့်သည့် လက္ခဏာမျိုးလည်းရှိပါသည်။ သွေးလန့်သည့် လက္ခဏာဆိုသည်မှာ ဖျားနေရာမှ  ရုတ်တရက် အဖျားကျသွားပြီး ခြေဖျားလက်ဖျားများ  အေးစက်လာခြင်း၊  နှလုံးခုန်မြန်ခြင်း၊ ရောဂါဖြစ်ပွားနေသော ကလေးသည် အစာစားခြင်း၊ ကစားခြင်းမရှိဘဲ မှိန်းနေခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်နေတတ်ခြင်း၊  အန်သောအခါ အညိုရောင်အဖတ်မျှင်လေးများ ပါလာတတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းနှင့် သွားဖုံးမှသွေးယိုခြင်း၊ ဝမ်းသွားလျှင် အမည်းရောင်နှင့် ကတ္တရာစေးရောင်များ ဖြစ်နေခြင်း  စသည်တို့သည်လည်း သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများပင် ဖြစ်ပါသည်။

သွေးလွန်တုပ်ကွေးဖြစ်လျှင် ရှောင်ကြဉ်ရမည့်အစားအစာ
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက  စားသင့်သည့်အစား အစာများရှိသလို ရှောင်ကြဉ်ရမည့်အစားအစာများလည်း ရှိပါသည်။ စားသုံးသင့်သော အစားအစာများမှာ စွပ်ပြုတ်ရည်၊ ဓာတ်ဆားရည်နှင့် အားရှိစေသော အစားအစာများ ဖြစ်သည်။   ရှောင်ကြဉ်ရမည့် အစားအစာများမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလတ်နှင့် အညိုရောင်ပါသော အစားအစာများတို့ဖြစ်သည်။
ကော်ဖီနှင့်လက်ဖက်ရည်ကို ရှောင်ခိုင်းခြင်းမှာ သွေးလွန်တုပ်ကွေး ရောဂါပြင်းထန်၍ အန်ပါက ကော်ဖီရောင် အန်တတ်သောကြောင့် ကော်ဖီသောက်ပါက ရောဂါလက္ခဏာကို ခန့်မှန်းရန် မလွယ်ကူသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့်ရှောင်ကြဉ်ရမည့် အစားအစာများကို လုံးဝရှောင်ကြဉ်ရပါမည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းခြင်း
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်ဟူသော ကျန်းမာရေးစကားအရ သွေးလွန်တုပ်ကွေးရောဂါကိုလည်း မဖြစ် အောင် ကြိုတင်ကာကွယ်ကြဖို့လိုသည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို   လေ့လာတင်ပြလို သည်။ သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင်ကျားပေါက်ပွားစေသော ရေအိုင်များ၊ အိုးခြမ်းပဲ့များနှင့် ရေဝပ်သောနေရာများကို စနစ်တကျ ဖယ်ရှားခြင်း၊ မြေဖို့ခြင်းများ ပြုလုပ်ပေးရမည်။ ဤကဲ့သို့ ပြုလုပ်လိုက် ပါက ပိုးလောက်လမ်းများ မဖြစ်နိုင်တော့ပေ။ ထို့ပြင်  ခြင်းကျား ခိုအောင်းနေနိုင်သောနေရာများကို ရှာဖွေပြီး  အိမ်တိုင်း၊ ရွာတိုင်း၊ မြို့တိုင်းတွင် ခြင်ကျားမဖြစ်ခင် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်း များကို စုပေါင်းလုပ်ဆောင်ကြရပါမည်။
အထူးသဖြင့် ကလေးများစုဝေးရာကျောင်းတွင် သွေးလွန်တုပ် ကွေးရောဂါအကြောင်းပညာပေးဟောပြောပွဲများပြုလုပ်၍ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဖုံး၊ သွန်၊ လဲ၊ စစ် စသည့်နည်းစနစ် များကို သိရှိဆောင်ရွက်တတ်အောင် လေ့ကျင့်သင်ကြားပေးဖို့ လိုပါသည်။ သွေးလွန်တုပ်ကွေးကို ကာကွယ်ရာတွင် ဖုံး၊သွန်၊လဲ၊စစ်သည် အရေးကြီးသော အချက်များဖြစ်သည်။ ရေအိုးရေခွက်နှင့် စဉ့်အိုး များ၊ ရေစည်ပိုင်းများကို  ရေမဝင်အောင် ဖုံးအုပ်ပေးရမည်။ ရေအိုး ရေခွက်နှင့်စဥ့်အို စည်ပိုင်းများကို တိုက်ချွတ်ဆေးကြော၍ သွန်းပစ် ရမည်။ ညောင်ရေအိုးနှင့်ပန်းအိုးများကို တစ်ပတ်တစ်ခါ ရေလဲပေးရ မည်။ ရေအိုးရေစည်များအတွင်းသို့ ရေထည့်ပါ ရေစစ်ဖြင့်စစ်၍ထည့်ဖို့ လိုပါသည်။ 
ထို့ပြင် နေ့ခင်းနေ့လယ်တွင် မိမိအိမ်၌ ခြင်းမခိုအောင်နိုင်အောင် ပြတင်းပေါက်များ ဖွင့်ထားရပါမည်။ မိုးရေတင် ကျန်စေနိုင်သည့် ခွက် နှင့်ဘူးများကို စနစ်တကျရှင်းလင်ပေးဖို့လည်း လိုပါသည်။  မိမိအိမ် သို့မဟုတ် ကျောင်းတွင် ခြင်မခိုအောင်းနိုင်အောင် ခြင်ဆေးဖျန်းသည့် အဖွဲ့ကို အကူအညီတောင်း၍ ခြင်ဆေးဖျန်းပေးရပါမည်။ ခြင်ဆေး ဖျန်းခြင်းသည် သက်ကြီးခြင်များကို  တိုက်ရိုက်နှိမ်နင်းခြင်းဖြစ်ပါသည်။ ထိုအခါ သက်ကြီးခြင်များမှ နောက်ထပ်ခြင်ပေါက်ပွားမှုမရှိ တော့သဖြင့်  သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ရာရောက် ပါသည်။ ဤနည်းကား ခြင်ကြီးများကို  တိုက်ရိုက်နှိမ်နင်းနည်းဖြစ်ပါသည်။   သို့သော် ခြင်ဆေးမှုတ်ခြင်းနှင့်  ခြင်ဆေးဖျန်းခြင်းသည် မာလာသီယွန်နှင့်ဒီဇယ်ကို သတ်မှတ်အချိုးအတိုင်း ရောစပ်ပြီး စက်အတွင်း၌ မီးခိုးအဖြစ် ပြန်လည်ဖန်တီးပေးခြင်းဖြစ်သဖြင့် မီးခိုးငွေ့ များထွက်လာခြင်းဖြစ်သည်။ ထိုအခါ ခြင်များ သေဆုံးသွားကြသည်။
ခြင်ဆေးမှုတ်မည်ဆိုပါက မကြာခဏမှုတ်ခြင်းမျိုးမပြုသင့်ပါ။ခြင်များ ဆေးယဉ်သွားနိုင်သောကြောင့်ဖြစ်သည်။ ထိုသို့ ပိုးသန့်ဆေး ယဉ်ပါးသွားပါက ထိုဒေသဝန်းကျင်၌ အမှန်တကယ် ရောဂါဖြစ်ပွား၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပါ  ထိရောက်မှုမရှိဘဲ လူပေါင်းများစွာ သွေးလွန်တုပ်ကွေးဖြစ်ပွားကူးစက်ခံရပြီး  အသက် ပေါင်းများစွာ သေဆုံးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ျွှံဥ) ၏ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလမ်းညွှန်ချက်တွင် ဖော်ပြ ထားကြောင်းသိရသည်။ ဤကား  သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရာတွင်သတိပြုရမည့်အချက်တစ်ချက်ဖြစ်သည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နှိမ်နင်းမည်ဆိုပါက ပိုးလောက်လမ်း  နှိမ်နင်းရေးလုပ်ငန်းစဉ်ဖြစ်သော  ဖုံး-သွန်-လဲ-စစ်  လုပ်ငန်းကို စနစ်တကျပြုလုပ်ခြင်းက ထိရောက်သော အကောင်းဆုံး ကြိုတင်ကာကွယ်ရေးနည်းလမ်းဖြစ်ပါသည်။ ထို့ပြင် အခြားသော ကာကွယ်ရေးနည်းလမ်းများမှာ   နေ့ခင်းဘက်အိပ်လျှင် ခြင်ထောင် ထောင်၍အိပ်ခြင်း၊    လုံခြုံသောအဝတ်များကို  ဝတ်ဆင်ခြင်းများ ပြုလုပ်ရပါမည်။ ဤကား  ကြိုတင်ကာကွယ်နှိမ်နင်းရေးနည်းလမ်း များပင် ဖြစ်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းအဖြစ် များလျက်ရှိနေသည်။မပေါ့ဆသင့်ပါ။ ရောဂါပြင်းထန်ပါက အသက် သေဆုံးသည့်အထိ ဖြစ်နိုင်ပါသည်။ ထို့ပြင် သက်ကြီးရွယ်အိုများနှင့် ဆီးကျိတ်ကင်ဆာ၊ အဆုတ်၊  နှလုံးနှင့်နာတာရှည်ရောဂါရှိနေသူများ အနေဖြင့် အထူးဂရုစိုက်ဖို့ရန် လွန်ခဲ့သော   ၁၆၃၅ ခုနှစ်က  သွေးလွန် တုပ်ကွေးရောဂါသည် ကမ္ဘာပေါ်တွင်   ကပ်ရောဂါအဖြစ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း ၁၉၇၀ပြည့်နှစ် လောက်က ကပ်ရောဂါဆန်ဆန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။၂၀၁၉ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၀ဝ၀ကျော်ရှိသည့်အနက် ၁၀ဝ ကျော်  သေဆုံးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ   ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၀ခုနှစ်၊ မေလအထိ မြန်မာနိုင်ငံတွင်သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၈၀ ဦးရှိပြီး ရှစ်ဦး သေဆုံးကြောင်း သိရသည်။
ထို့ပြင် ၂၀၂၀ ခုနှစ်တွင်  မန္တလေးတိုင်းဒေသကြီး၌  ရောဂါ ဖြစ်ပွားသူ ၂၆၀ဝ ခန့်ရှိပြီး ခုနစ်ဦး သေဆုံးခဲ့သည်။  ထို့နည်းအတူ ရန်ကုန်တိုင်းဒေသကြီး၌လည်း ဖြစ်ပွားသူ ၃၂၅ ဦးရှိပြီး   သေဆုံးသူ လေးဦး ရှိခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါသည် လေးနှစ်လျှင် တစ်ကြိမ် အပြင်းအထန်ဖြစ်သည်ဟု ကူးစက်ရောဂါ ဆိုင်ရာ အဖွဲ့အစည်း များ၏ထုတ်ပြန်ချက်အရ သိရသော်လည်း ယခုလက်ရှိအချိန်မှာ လည်း ဖြစ်ပွားလျက်ရှိနေသောကြောင့် မပေါ့ဆသင့်ပေ။

အာဟာရပြည့်ဝသောအစားအစာများ စားသုံးပေးခြင်း
ရောဂါဟူသည်ခန္ဓာကိုယ်အားနည်းချိန်တွင် အလစ်ဝင်ရောက် တိုက်ခိုက်တတ်ပါသည်။ ကိုဗစ်(၁၉)ရောဂါ  အပြင်းအထန်ဖြစ်ပွား နေချိန်က ကိုယ်ခံအားကောင်းအောင် အစာအာဟာရများများ  စား သုံးပေးရန် ကျန်းမာရေးဌာနကလမ်းညွှန်ခြင်းဖြစ်သည်။  ယခုသွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ရာတွင်လည်း အစာအာဟာရသည် အဓိကဖြစ်ပါသည်။  အာဟာရ ပြည့်ဝအောင် စားသုံးပေးပါက တချို့ သောရောဂါများ မဝင်ရောက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အာဟာရပြည့်ဝနေသဖြင့် ကိုယ်ခံအား ကောင်းမွန်က ထိုကိုယ်ခံအား ကပင် ရောဂါကိုပြန်လည်ခုခံတိုက်ထုတ်ပေးခြင်းကြောင့်ဖြစ်သည်။ 
ကိုယ်ခံအားစနစ်ကောင်းစေရန်   အိပ်ရေးဝ၀အိပ်စက်ခြင်း၊ ရေဓာတ်ကို ဖြည့်တင်းပေးရန် ရေလုံလောက်စွာ သောက်ခြင်း၊ ဗီတာမင်ဒီ ပါဝင်သော  ဒန့်သလွန်သီး၊ ချဉ်ပေါင်ရွက်၊ မာလကာသီး၊ ကင်ပွန်းရွက်၊ တမာရွက် အစရှိသော အသီးအနှံများကို စားသုံးပေးသင့်သည်။
ထို့ပြင် ကန်စွန်းဥ၊ မုန်လာဥနီ၊ မြင်းခွာရွက်၊ ဘူးညွန့်၊ ဖရုံညွန့်၊ ဟင်းနုနယ် အစရှိသော ဗီတာမင်အေ  ပါဝင်သော အစားအစာများကို စားသုံးပေးသင့်ပါသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုလည်း လုံးဝရှောင်ကြဉ်ရပါမည်။ အထူးသဖြင့် တစ်နေ့ ရှစ်နာရီ ပုံမှန်အိပ်ရေးဝ၀အိပ်ဖို့ လိုအပ်သည်။  နိဂုံးချုပ်ဆိုရလျှင် ယခုလိုမိုးရာသီတွင်  သွေးလွန်တုပ်ကွေးရောဂါသည်အဖြစ်များလျက်ရှိနေသည်ကို တွေ့ရသည်။ စာရေးသူကိုယ်တိုင်လည်း ကြားသိတွေ့မြင်နေရသည်။ တချို့သော ဆရာ၊ ဆရာမများလည်း သတိပေး ရေးသားခဲ့ကြသည်ကိုလည်း တွေ့ရသည်။ သို့သော်လည်း ယခုအချိန်ထိ ဖြစ်ပွားလျက် ရှိနေသဖြင့် စာရေးသူအနေဖြင့် ကြိုတင်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ထပ်မံမျှဝေလိုသောကြောင့် အထက်ပါ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်နှိမ်နင်းရေး  နည်းလမ်းများ၊ ရှောင်ကြဉ်ရမည့်  အစားအစာများနှင့် အာဟာရပြည့်၍ ကိုယ်ခံအားကောင်းအောင် စားသုံးရမည့်အစားအစာများကို လေ့လာတင်ပြလိုက်ပါသည်။
ကိုးကား   - မုတ်သုံရာသီနဲ့သွေးလွန်တုပ်ကွေးအန္တရာယ်(ဖေနှင်းငွေ)
               - သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိပ်နင်းရေး(ဒေါက်တာမြင့်သန်းထွန်း-ပြည်သူ့ကျန်းမာရေး)
               - သွေးလွန်တုပ်ကွေးမဖြစ်ရေး သတိပေးပါရစေ(တင်ထက်ထက်ဇော်)

ကျော်စွာ(ကျိုက်ပိ)