Main menu

Background

ပံပြောင်းဖူး စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Fri, 03/03/2023 - 11:42 -- journal_editor

မကွေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာ ဦးစီးဌာန၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်   အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်  နံနက် ၁၁နာရီတွင် နွယ်တ မယ်ကျေးရွာရှိ  ပံပြောင်းစိုက်ပျိုးသော တောင်သူ ဦးအေးဝင်းထွန်းနှင့် တွေ့ဆုံ၍စိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်ဖောက်ကားမှု   အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့သည်။
တောင်သူအနေဖြင့် ယခုနှစ်တွင်  ဖူးစား ပြောင်း  တစ်ဧကစိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုး ရာတွင်  တောင်သူများအနေဖြင့် (၁၃၅)ပံပြောင်း အမျိုးအစားကိုသာ အဓိကထား စိုက်ပျိုးကြ ကြောင်း၊ ယခင်နှစ်က ပံပြောင်းသုညဒသမ ၅ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း  ကောင်းမွန်၍ တစ်ဖူး လျှင် ကျပ် ၁၁၀ ရရှိခဲ့ကြောင်း၊  ပံပြောင်းကိုနှစ်စဉ် ချောင်းရေကျချိန်  ဒီဇင်ဘာလတွင် စိုက်ပျိုးပြီး စိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အထွက်နှုန်းတိုးစေရန် တန်းကြားနှစ်ပေ၊ ပင်ကြား ခြောက်လက်မခန့် အကွာအဝေး စိုက်ပျိုးရကြောင်း၊ ယခုနှစ်တွင် တစ်ဧကလျှင် အပင်ရေ ၂၂၀ဝ၀ ခန့် စိုက်ပျိုးရာတွင် ပျမ်းမျှအပင်ရေ ၂၀ဝ၀ဝ ဖြစ်ထွန်း ကြောင်း၊ စိုက်ပျိုးပြီး သုံးလအကြာတွင်   စတင်၍ အဖူးချိုးရပြီး တစ်ဧကလျှင် အဖူး ၂၀ဝ၀ဝ ခန့် အဖူးချိုးရ၍ ယခုနှစ်တွင် တစ်ဖူးလျှင် ကျပ် ၂၀ဝ ရောင်းချရသည့်အတွက် တစ်ဧကဝင်ငွေကျပ် ၄၀ သိန်းခန့်ရရှိပြီး မျိုး၊ မြေပြုပြင်စိုက်ပျိုးခြင်း၊ ရိတ် သိမ်းခြင်း၊ သွင်းအားစုနှင့် လုပ်အားခများ  အပါ အဝင် တစ်ဧကလျှင်  ကျပ် ၁၉ သိန်း ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် ကျပ် ၂၁ သိန်း အကျိုးအမြတ်ရရှိကြောင်း၊ ထွက်ရှိပြီးသော  ပံပြောင်းဖူး များကို တောင်သူများအနေဖြင့် မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ချောက်မြို့များသို့   သွားရောက် ရောင်းချကြပြီး တချို့ပွဲစားများအနေဖြင့်  ပြောင်း ခင်းအရောက် အခင်းပြတ်  ဝယ်ယူကြကြောင်းနှင့် ယခုနှစ်  ဆောင်းရာသီကာလတွင် (၁၃၅)ပံပြောင်း စိုက်တောင်သူများ အဆင်ပြေလျက်ရှိပြီး ဝင်ငွေ တိုးပွားလျက်ရှိကြောင်း တောင်သူဦးအေးဝင်းထွန်း ထံမှ သိရှိရသည်။

ဆန်းလင်းမောင်