Main menu

Background

စားနပ်ရိက္ခာဖူလုံဖို့ အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စို့

Mon, 08/10/2026 - 11:24 -- journal_editor

သမိုင်းကြောင်း
အာလူးကို တောင်အာဖရိကတိုက် ပီရူးနိုင်ငံတွင် စတင်တွေ့ရှိ ခဲ့သည်။ အာလူးဟူသော အခေါ်အဝေါ်မှာ အိန္ဒိယနိုင်ငံ ဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံတွင် အာလူးဟုသာ ယနေ့ထက်တိုင် ခေါ်ဝေါ်လျက်ရှိသည်။ ယခုလက်ရှိကာလတွင် ကမ္ဘာပေါ်မှာ အာလူးစားသုံးမှု မြင့်မားလာသောကြောင့် စားသောက်မှုဆိုင်ရာ အရေးပါသော သီးနှံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအဆင့် နံပါတ်(၄)တွင် သတ်မှတ်ထားရှိကြောင်း သိရသည်။     
မြန်မာနိုင်ငံသို့ ၁၉၁၅ ခုနှစ်  ကလောရထားဘူတာ စတင်ဖွင့်လှစ်ပြီးချိန် ကလောဒေသတစ်ဝိုက်တွင် စတင်စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးသည့်မျိုးအနေဖြင့် Up  to Date  များကို စတင်၍ ဒေသနေတောင်သူများမှ စိုက်ပျိုးကာဒေသတွင်းလူများ စားနပ်ရိက္ခာအတွက် အရေးပါလာခဲ့ကြောင်း၊ ထပ်မံ၍ ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်တပ်များမှ ရိက္ခာအဖြစ် ယူ‌ဆောင်လာခဲ့ကြသည့် အာလူးများကို ထပ်မံစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ၎င်းအာလူးမျိုး နှစ်ခုသည် မျိုးရင်း အာလူးမျိုးများဖြစ်ကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသများတွင် ၂၀ဝ၀ ပြည့်နှစ်အထိ စိုက်ပျိုးခဲ့ကြသည်။ နောက်ပိုင်းတွင်  ထပ်ခါတလဲလဲ  ပြန်လည်အသုံးပြုခြင်းများကြောင့် မျိုးရိုးနိမ့်ကျမှု၊ ပိုးမွှားဝင်ရောက်မှုနှင့် အထွက်နှုန်းနှင့် အရွယ်အစားများ ကျဆင်းလာသည်။ ၎င်းအာလူးမျိုးနှစ်ခုသည် မြန်မာနိုင်ငံအာလူး စတင်စိုက်ပျိုးမှုတွင် အရေးပါခဲ့ပြီး Cooking Qality and Eating Quality အလွန်ကောင်းမွန်ခဲ့သော အာလူးများဖြစ်ကြောင်း သိရှိရသည်။
ထိုမျိုးရိုးကျဆင်းခဲ့ရသည့် အာလူးမျိုးနှစ်ခုနေရာတွင် အစားထိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ KUFRIJYOTI မျိုးကို တင်သွင်းခြင်း၊ ၂၀၁၄ ခုနှစ်တွင် NGO အဖွဲ့တစ်ခုမှ ကလောမြို့နယ် မြက်ဆက်ကျေးရွာနှင့် ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာရှိ အာလူးစိုက်တောင်သူများကို နယ်သာလန်နိုင်ငံမှ Markies  နှင့် Corulus အာလူးမျိုးနှစ်ခုကို ယူဆောင်လာခဲ့ပြီး တောင်သူများ စိုက်ပျိုးနိုင်ရန် ထောက်ပံ့ပေးခြင်း၊ ၂၀၁၅ ခုနှစ်တွင် ဟဲဟိုးမြို့နှင့် နောင် တရားဒေသ အာလူးအစုအဖွဲ့များမှ အာလူးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အစဉ်တစိုက်ဆောင်ရွက်နေသူများမှ ဦးဆောင်၍ နယ်သာလန်နိုင်ငံသို့ အာလူးလေ့လာရေးခရီးစဉ်  သွားရောက်ခဲ့ကြသည်။ အထက်ဖော်ပြပါ အာလူးမျိုးနှစ်ခုကို မျိုးအသစ်များဖြန့်ဝေခြင်းနှင့် ရှမ်းပြည်နယ်၏ ရာသီဥတုနှင့်ကိုက်ညီပြီး  အထွက်ကောင်းသော နယ်သာလန် မျိုးများကို တင်သွင်းပြီး အဓိကစိုက်ပျိုးလာခဲ့ကြသည်။
ယခုလက်ရှိတွင် နယ်သာလန်နိုင်ငံမှ Corulus, Markies, Rumba, Arirona, Babyl  အာလူးမျိုးများနှင့် တရုတ်နိုင်ငံမှL-6 မျိုးတို့ကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များ၊ သိုလှောင်မှုများဖြင့် အာလူးစားသုံးမှုကဏ္ဍအတွက် လိုအပ်ချက်များကို ဖြည့်တင်းပေးလျက်ရှိသည်။
ကမ္ဘာတွင် အာလူးအများဆုံး ထုတ်လုပ်သော (၁၀)နိုင်ငံ
    စဉ်       နိုင်ငံအမည်         နှစ်စဉ်ထုတ်လုပ်မှုတန်ချိန်(ခန့်မှန်း)သန်း
     ၁            တရုတ်                        ၉၅ - ၁၀ဝ    
    ၂              အိန္ဒိယ                        ၆၀ - ၆၅    
    ၃            ယူကရိန်း                      ၂၀ - ၂၁    
    ၄           အမေရိကန်                    ၁၈ - ၁၉    
    ၅               ရုရှား                         ၁၈ - ၁၉    
    ၆              ဂျာမနီ                         ၁၁ - ၁၂    
    ၇          ဘင်္ဂလားဒေ့ရှ်                   ၁၀ - ၁၁    
    ၈              ပြင်သစ်                          ၉ - ၁၀    
    ၉            ပါကစ္စတန်                        ၈ - ၉    
    ၁၀         နယ်သာလန်                      ၇ - ၈        
မြန်မာနိုင်ငံ၏ အာလူးစိုက်ပျိုးထုတ်လုပ်မှု
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟဲဟိုးလွင်ပြင်ဒေသ၊ ပင်လောင်း(နောင်တရား)၊ တောင်ကြီးမြို့နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် စိုက်ဧက ၅၀ဝ၀ဝ ကျော် စိုက်ပျိုးသည်။  ရှေးယခင်က တစ်နှစ်လျှင် မတ်လတွင်သာတစ်ကြိမ်တည်း စိုက်ပျိုးခဲ့ကြပြီး ဧပြီလ၌ စိုက်ပျိုးသည့် မိုးကြိုအာလူး၊ သြဂုတ်လတွင် စိုက်ပျိုးသည့် စကအာလူး၊ ဒီဇင်ဘာလတွင် စိုက်ပျိုးသည့် နွေအာလူး(ခ)ရေအာလူးဟူ၍ ရှမ်းပြည်နယ်တွင် တိုးချဲ့စိုက်ပျိုးလာကြပြီး မြန်မာနိုင်ငံ၏ အခြားဒေသများဖြစ်သည့် မကွေးတိုင်း ဒေသကြီး၊ ဆင်ဖြူကျွန်းမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဧက ၃၀ဝ၀ဝ နီးပါး စိုက်ပျိုးကြသည်။  မြန်မာနိုင်ငံတွင် အာလူးကို ဧက ၉၀ဝ၀ဝ နီးပါး စိုက်ပျိုး၍ ပြည်တွင်း အာလူးစားသုံးမှု ဖူလုံနိုင်ရေး အတွက် တောင်သူများမှ ကြိုးပမ်းစိုက်ပျိုးလျက်ရှိသည်။
မြန်မာ့အာလူး ထုတ်လုပ်မှုနှင့် ဈေးကွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)အနေဖြင့် အာလူး တစ်ဧကလျှင် ပျမ်းမျှ ၁၀ တန်ခန့်ထွက်ရှိပြီး ဟဲဟိုးလွင် ပြင်ကဲ့သို့ စိုက်ပျိုးသည့် နေရာများတွင် တစ်ဧကလျှင် ပျမ်းမျှ ၁၆-၁၇ တန် ထွက်ရှိသည်။  နှစ်စဉ်  ရှမ်းပြည်နယ်(တောင်ပိုင်းတွင် အာလူးစိုက်ပျိုး ထုတ်လုပ်မှု အနေဖြင့် တန်ချိန် သုံးသိန်းကျော်ခန့်ရှိပြီး အာလူးကုန်ထုတ်လုပ်ငန်း ဖြစ်သည့် အာလူးကြော်နှင့်   စားဖိုချောင်သုံး   အာလူးတို့အတွက် တစ်နိုင်ငံလုံး လိုအပ်ချက်အနေဖြင့် နေ့စဉ် အာလူးလိုအပ်ချက်မှ တန်ချိန် ၃၀ဝ အထက် ပိဿာ ၂၀ဝ၀ဝ ခန့် လိုအပ်လျက်ရှိကြောင်း သိရသည်။  ယခုအခါ အာလူးအရွယ်အစားအရ ၄၅ မီလီမီတာအောက် အာလူးများကို  မျိုးအာလူးအဖြစ်သို့ လှောင်ထားလျက်ရှိပြီး (၄၅-၅၀) မီလီမီတာအထက်  အာလူးများကို ပြည်တွင်းဈေးကွက်များသို့ တင်ပို့ရောင်းချကြသည်။ စိုက်ပျိုးထွက်ရှိသော အာလူးများကို မျိုးအာလူး၊ အကြော်အာလူး၊ စားအာလူးဟူ၍ သုံးမျိုးခွဲခြား၍ ဈေး ကွက်များသို့ တိုက်ရိုက်တင်ပို့ခြင်းနှင့် ခေတ်မီအအေးခန်းသိုလှောင် ရုံများတွင်လည်း သိုလှောင်ထားရှိကြသည်။
အာလူးဈေးနှုန်းများအနေဖြင့် အောင်ပန်းပွဲရုံများမှ ဈေးနှုန်းများအရ အာလူးထွက်ရှိမှုနည်းပါးသည့် ဇွန်လမှစက်တင်ဘာလများတွင် အာလူးဈေးနှုန်းမှာ ပျမ်းမျှအရွယ်အစားနှင့် အရည်အသွေးအရ တစ်ပိဿာလျှင် ကျပ်၂၀ဝ၀ မှ ကျပ် ၆၂၀ဝ ထိ၊ အောက်တိုဘာလမှ ဒီဇင်ဘာလများတွင် အာလူးအထွက်နှုန်းနည်းသဖြင့် ဈေးနှုန်းမြင့်မားပြီး ပျမ်းမျှအရွယ်အစားနှင့် အရည်အသွေးအရ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ မှ ကျပ် ၇၅၀ဝဖြင့် ဈေးနှုန်းသင့်တင့်ကာ ဖေဖော်ဝါရီလမှ ဧပြီ၊ မေလများတွင် အထွက်နှုန်းများပြီး ဈေးကွက်လိုအပ်ချက်ထက် ကျော်လွန်သောကြောင့် အာလူးဈေးနှုန်းများလျော့နည်း၍ တစ် ပိဿာလျှင် ကျပ် ၁၀ဝ၀ မှ ၆၀ဝ၀ သာရှိကြောင်း သိရှိရသည်။ ထို့ပြင် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်း၍ ဝင်ရောက်လာသော အာလူး များကြောင့် ဈေးကွက်အပေါ်  သက်ရောက်မှုသည် ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သိရသည်။
ခေတ်မီအအေးခန်းများဖြင့် အာလူးများ ထိန်းသိမ်းခြင်း
ယခုအခါ ရှမ်းပြည်နယ်(တောင်ပိုင်း) အနေဖြင့် အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည့် ဟဲဟိုးအာလူးအစုအဖွဲ့၊ နောင်တရားအာလူးအစုအဖွဲ့များမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်မှစတင်၍ ခေတ်မီအအေးခန်းသိုလှောင်ရုံများအား တောင်သူ အစုအဖွဲ့များ၊ သမဝါယမအသင်းသားများ၏ ရင်းနှီးမတည်ငွေများဖြင့် တန်၁၅၀ဝ မှ တန်၂၈၀ဝ အအေးခန်း သိုလှောင်ရုံများကို ဟဲဟိုး၊ နောင်တရား၊ ပင်းတယ၊ အောင်ပန်း၊ ဟိုပုံး၊ တီကျစ်၊ ဘော်နှင်းနှင့် မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့နယ်များ စက်ရုံ  ၁၉  ရုံ တည်ဆောက်ထားရှိပြီး စုစုပေါင်းသို လှောင်နိုင်မှုအနေဖြင့် တန်ချိန် ၂၈၀ဝ၀ကိုစိုက်ပျိုးထွက်ရှိချိန်အလိုက် အစုအဖွဲ့ဝင်၊ အသင်း ဝင် တောင်သူများကိုယ်တိုင် မျိုးအာလူးများကို အဓိက သိုလှောင်ထား၍ စိုက်ပျိုးချိန်ရောက်ရှိသည့် ကာလတွင် တောင်သူများအား ပြန်လည်ဖြန့်ဖြူးခြင်း၊ အာလူးအထွက်နှုန်းများသည့် ကာလများတွင်လည်း တောင်သူများမှ အဆိုပါအအေးခန်း သိုလှောင်ရုံများ၌ ယာယီ အပ်နှံ   သိုလှောင်ခြင်းဖြင့်  ဈေးကွက်တွင်   ဈေးနှုန်းကျဆင်းမှုကို ကာကွယ်နိုင်သဖြင့် တောင်သူများဆုံးရှုံးမှု  မဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ခေတ်မီအအေးခန်းသိုလှောင်ရုံတည်ဆောက်၍ အာလူးမျိုး လိုအပ်ချက်နှင့် ဈေးကွက်ထိန်းကျောင်းမှု ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၀၁၈ ခုနှစ်မှစတင်၍ သက်ဆိုင်သည့်အာလူးအစုအဖွဲ့များ၊ သမဝါယမအသင်းများနှင့် အာလူး ကဏ္ဍအား စိတ်ပါစားသည့် ရင်းနှီးမြှုပ်နှံသူများမှ ခေတ်မီအအေးခန်း သိုလှောင်ရုံများ တည်ဆောက်ခဲ့သည်မှာ သိုလှောင်နိုင်မှုအနေဖြင့် တန်ချိန် ၂၈၀ဝ၀ ကျော်၊ စက်ရုံပေါင်း ၁၉ ရုံရှိပြီး အဓိကအနေဖြင့် အာလူးမျိုးများကို သိုလှောင်၍ မျိုးလိုအပ်ချက်များကို ဖြည့်ဆည်းပေး လျက်ရှိသော်လည်း ဒေသတွင်း စိုက်ဧကအရ နှစ်စဉ်အာလူးမျိုးလို အပ်ချက်မှာ တန်ချိန် ၄၂၀ဝ၀ ကျော်ဖြစ်သဖြင့် ထပ်မံ၍ တန်ချိန် ၁၃၀ဝ၀ ခန့်အတွက် အအေးခန်းစက်ရုံများ ထပ်မံလိုအပ်နေခြင်း ကြောင့် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် လိုအပ်သည့် စက်ရုံများ ပြည့်မှီနိုင်ရေးအတွက်ကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရသည်။ ယခုအခါ အာလူးမျိုးများ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ်တွင် တစ်ရှူးကာချာနည်းဖြင့် မျိုးထုတ်လုပ် ခြင်းအား နောင်တရား အာလူးအစုအဖွဲ့မှ ဦးဆောင်ပြီး စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် အဆင့်ဆင့် မျိုးပွားမှု ဆိုင်ရာလုပ်ငန်းများကို နည်းပညာ၊ ငွေကြေးကုန်ကျမှု၊ အချိန်ကာလကြာမြင့်စွာ ဆောင်ရွက်ခဲ့မှု၏ အသီးအပွင့်အနေဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ အာလူးမျိုးရင်းသစ်များကို ယခုနှစ်မှ စတင်ပြီး စမ်းသပ်စိုက်ပျိုးခြင်းများကို အာလူးစိုက်ပျိုးသူများ၏ ဦးဆောင်မှုဖြင့် နောင်တရား၊ ပင်လောင်းဒေသများတွင် စတင် စိုက်ပျိုးလျက်ရှိတာကို တွေ့ရှိရသည်။
အာလူးအစုအဖွဲ့များ၏ ရှေ့လုပ်ငန်းစဉ်များ
အာလူးကဏ္ဍမှ ဦးဆောင်ဆောင်ရွက်နေသူများအနေဖြင့် လိုအပ်လျက်ရှိသည့် အအေးခန်းသိုလှောင်ရုံများ ပြည့်မီအောင်ဆောင်ရွက်ခြင်း၊ နှစ်စဉ်မျိုးအာလူးတင်သွင်းမှုအားရပ်ဆိုင်းနိုင်ရန် အအေးခန်းသိုလှောင်ရုံများမှ ထိန်းသိမ်းထားရှိသည့်မျိုးများနှင့် တစ်ရှူးကာချာမျိုးပွားနည်းဖြင့် ဆောင်ရွက်နေသည့်မျိုးများအား ပိုမိုဖြန့်ဝေပေးနိုင်ရန်ဆောင်ရွက်ခြင်း၊ ၎င်းတို့ပြည့်မီ၍ အာလူးစားသုံးမှုကဏ္ဍအတွက် ပြည်တွင်းဈေးကွက်လိုအပ်ချက်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခြင်း၊ အာလူးများဈေးကွက် စနစ်တစ်ခုဖော်ဆောင်ခြင်း၊ စားသောက်ကုန် တန်ဖိုးမြှင့်ကုန်ချောများဖြစ်သည့် အာလူးကြော်၊ အာလူးချောင်း(အအေးခံ)၊ အသင့်သုံး အာလူးအစားအစာများ ထုတ်လုပ်နိုင်သည့် ခေတ်မီစက်ရုံများတည်ထောင်၍ ဒေသခံလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးနှင့် ရှမ်းပြည်နယ်၏ အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုများအား ရေးသားတင်ပြလိုက်ရပါသည်။

Source:Naung Ta Yar potato Culsture

Saw win Kyaw