Main menu

Background

မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းနှင့် မေးမြန်းခြင်း

Fri, 11/11/2022 - 15:13 -- journal_editor

သြဂုတ်လနှင့် စက်တင်ဘာလအတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ချိန် အရောင်းအဝယ်သွက်ခဲ့သည့် ပြည်တွင်းကားဈေးကွက် ယခုလအတွင်း အမြင့်ကားများ ဈေးပြန်ကျနေသလို ကားအရောင်းအဝယ်အေးစက်လျက်ရှိသည်။ ပြည်ပ ကားတင်သွင်းခွင့်ပါမစ်များ ရပ်ဆိုင်းထားချိန် ပြည်တွင်းကားစက်ရုံ တိုယိုတာမော်တော်ကားကုမ္ပဏီမှ ကားထုတ်လုပ်မှု စတင်မည်ဟု ကြေညာခဲ့သလို အီးဗွီ လျှပ်စစ်ကားများ  ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာတော့ မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကားဈေးကွက် လှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်လျက်ရှိရာ ယင်းသို့ ကားဈေးကွက် လှုပ်ခတ်လာမှုအခြေအနေ မည်သို့ဖြစ်ပေါ်နေသလဲဆိုခြင်းအား မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းနှင့် မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
လတ်တလော ပြည်တွင်း ကားဈေးကွက် အခြေ အနေလေး ပြောပြပေးပါဦး။
ကားအရောင်းအဝယ်က အရင်တုန်းကတော့ သွက်တယ်။ နောက်ပိုင်းကျတော့  SKD တွေ ပြန်ပေးမယ်၊ လက်ရှိ သီလဝါတိုယိုတာကုမ္ပဏီကနေပြီးတော့ SKD ကားတွေ ထုတ်ပေးမယ်၊ ဒီပြင်ဟာတွေလည်း လာမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ နိုင်ငံတော်ကနေ တရားဝင် ကြေညာထားတာကတော့ တိုယိုတာတစ်ခုပဲ လည်ပတ်နေသေးတာပေါ့။ ဆိုတော့ ဈေးကွက် အနေအထားက ရုတ်တရက် ရပ်တန့်သွားပြီးတော့ အရင်တုန်းက အမြင့်ဈေးနဲ့မိထားတဲ့ကား တွေက အခု အရှုံးခံပြီး ပြန်ရောင်းရမယ့် ပုံစံမျိုးပေါက်နေတာ။ အထူးသဖြင့် ဘယ်ကိုင်းတွေပေါ့။ ဘယ်ကိုင်းတွေ ဈေးကျသွားတယ်ဆိုလို့ရှိရင် လည်း သူ့ရဲ့အနေအထားအရ အပေါ်ကားကျတယ်ဆို အောက်ကားက နည်းနည်းပါးပါး ပါသွားတာပေါ့။ အထူးသဖြင့်ကတော့ ဂျပန် ကား ညာကိုင်းအသစ်တွေကတော့ ဈေးကျတော့ ကျတယ်။ အရင်တုန်းက ဟွန်ဒါဖစ်လို အောက် ဆုံးကားတွေက တက်သွားတုန်းက ကျပ်သိန်း ၃၅၀၊ ကျပ်သိန်း ၄၀ဝ ထိတောင် တက်သွားတာ၊ ပုံပြောင်းတွေ အခု ကျပ်သိန်း ၃၀ဝ အောက် ခုန် ဆင်းကုန်ကြပြီ။ ဒါတောင် ရိုးရိုးပုံစံပုံမပြောင်းတဲ့ ဟွန်ဒါဖစ် ရှစ်၊ ကိုး၊ တစ်ဆယ်တို့ ဘာတို့ဆိုရင် သိန်း ၂၆၀ ပတ်လည် ဖြစ်ကုန်တာပေါ့။ အောက် ကားလေးတွေပေါ့။  သူလည်း အပေါ်ကားကျ သလောက် ပြန်ကျတာပေါ့။ အဲ့သဘောပဲလေ၊ အခုက နိုင်ငံခြားကနေပြီးတော့ မော်တော်ယာဉ် တင်သွင်းခွင့်ကို ပိတ်ထားတယ်။ ဒါပေမယ့် ပြည် တွင်းမှာ ထုတ်လုပ်မှုကို ထပ်တိုးပြီးလုပ်လာမယ် ဆိုရင် အဆင်ပြေစေမှာဖြစ်ပါတယ်။ လက်ရှိမှာ က ပြည်တွင်းထုတ်လုပ်မှု SKD ကားတွေပဲ ထိုး တက်သွားတာ။ တကယ်တမ်း ထုတ်တော့မယ်လို့ အသံလည်းကြားရော ဈေးကျသွားတာလည်း ဘယ်ကိုင်းတွေပဲ  ဖြစ်နေတယ်။ အဲဒီတော့ နင်လား ငါလား  ထုတ်လာပြီဆိုလို့ရှိရင်တော့ ဈေးက ဆက်ကျဦးမှာပဲ။ လောလောဆယ်တော့ တိုယိုတာစက်ရုံကနေ  SKD နဲ့ ထုတ်တဲ့ကားတွေ လည်ပတ်နေသေးတယ်။ အပြင်တော့ မရောက် သေးဘူးပေါ့။ အဲတော့ ဈေးကွက်က ပြန်ပြီးငြိမ်သွားတယ်။ အဝယ်သိပ်မရှိဘူး။ တကယ်သုံးမယ့် သူတွေ လိုအပ်သလောက်ပဲ ဝယ်ကြတယ်။ ကား ဝယ်ရောင်းလုပ်တဲ့သူကတော့ အခုလောလော ဆယ်  ကားပြည့်နေရင်တော့  မဝယ်သေးဘူး။ သူဝယ်ထားတဲ့ ကားတွေက အမြင့်ဈေးနဲ့ကားဆိုတော့ ငွေလိုရင်တော့ အရှုံးခံ ချရောင်းမှာပဲ။နည်းနည်းပါးပါးကိုင်ပြီး တစ်စီးစ၊ နှစ်စီးစ ရောင်း တဲ့သူကတော့ ဒါနဲ့လည်ပတ်ပြီးမှ စားသောက် နေရတာဆိုလို့ရှိရင် ငွေလိုရင်တော့ ချရောင်းမှာပဲလေ။ ချရောင်း လိုက်လို့ တန်တယ်ဆိုပြီး ဝယ် ပေမယ့် ဈေးပေးမယ့်သူမှ မရှိတာ။ အရောင်း အေးနေတော့ ဈေးကို ကြိုက်ရောင်းကြိုက်ဝယ် ပုံစံမျိုး ဖြစ်နေတာပေါ့။

ကားတင်သွင်းခွင့်ပိတ်ထားတော့ ဈေးကွက်ထဲ ရှိပြီးသားကားဈေး အခြေအနေဘယ်လိုရှိနေပါသလဲ။
လက်ရှိ မော်တော်ယာဉ်တင်သွင်းမှု ပိတ်ထားတယ်။ ထုတ်လုပ်မှုအားကလည်း သိပ်မရှိဘူး။ ပြည်တွင်းမှာ သုံးစွဲမှုအားက များလာတယ်။ လူဦးရေက တိုးပွားလာတယ်။ ဒီကားက ဒီနှုန်းအတိုင်းပဲဆို မလောက်ဘူးပေါ့နော်။ ရန်ကုန် တစ်မြို့တည်း ကျပ်သိပ်နေတာ။ နယ်တွေမှာ ကားတောင်မရှိဘူး၊ အဲ့ပုံစံတွေဖြစ်နေတာ။ ကားဈေးအနေအထားကတော့  အလယ်အလတ်တန်းစား  စီးနိုင်တဲ့ အနေအထားက ကျပ်သိန်း ၂၀ဝ အောက်ကားဆို မစဉ်းစားနဲ့ မရှိဘူးဖြစ်နေ တယ်။ အနိမ့်ဆုံး သိန်း ၂၅၀၊ သိန်း ၃၀ဝ ကြား ကားလေးတွေ အရောင်းအဝယ်ဖြစ်တယ်။ ကျပ် သိန်းတစ်ထောင် အပေါ်ဆိုတာလည်း တကယ် လိုအပ်တဲ့သူလောက်ပဲ ဖြစ်ကြတာ  များတယ်။ အရင် သိန်း ၄၅၀ တန်တဲ့ကားတွေက သိန်း ၈၀ဝ၊ သိန်း ၉၀ဝ ဖြစ်ကုန်တာ။ အခု ကျပ်သိန်း ၈၀ဝ၊ ၉၀ဝ ဖြစ်တဲ့ကားတွေက ပြန်ကျတာ ကျပ်သိန်း ၆၀ဝ၊ ၇၀ဝ လောက် ပြန်ဖြစ်လာပြီးတော့ ကျပ် သိန်း ၂၀ဝ ဝန်းကျင်လောက် ပြုတ်ကျသွားတယ်။ အရောင်းအဝယ် ဖြစ်လားဆိုတော့ မဖြစ်ဘူး အေးနေတယ်။ ဒါပေမဲ့  ပြည်တွင်းထုတ်လုပ်မှု အနေအထားက ဒီတိုင်းပဲ ဆက်သွားနေမယ် ဆိုရင်တော့ ဈေးနှုန်းက တန့်သွားမှာပဲ။

ပြည်တွင်းကားထုတ်လုပ်မှုမှာ  SKD ကနေ CKD ထိ  လုပ်ဆောင်ရာမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
SKD(Semi Knock Down) ဆိုတာကတော့ တပ်ဆင်တာ၊ တပ်ဆင်ပြီးတော့ ရောင်း တာ၊ ထုတ်တာလို့ မခေါ်ဘူး။ CKD ကျတော့ တကယ်ကိုမှ CKD(Complete Knocked Down) ပုံစံမျိုးဖြစ်ချင်တာ။ ဒီထုတ်လုပ်မှုတစ်ခုလုံးကို ကကြီးကနေ အ အထိ ထုတ်လုပ်မယ်ဆိုလို့ရှိရင် ဒီစက်ရုံတွေမှာ လုပ်သားထောင်နဲ့ချီ အလုပ်ရသွားမယ်။ ဘော်ဒီပိုင်းဆို ဘော်ဒီပိုင်း၊ အင်ဂျင်ပိုင်းဆို အင်ဂျင်ပိုင်း၊ ဝါယာရိန်းပိုင်းဆို ဝါယာရိန်း၊ အစကနေအဆုံးထိ ထုတ်လုပ်တယ် ဆိုတော့ လုပ်သားအများကြီးလိုတယ်။ လုပ်သားအများကြီးလိုပြီဆိုတော့ နိုင်ငံခြားကိုသွားပြီး  အလုပ်လုပ်စရာမလိုတော့ဘူး။ ပြည်တွင်းမှာတင် အလုပ်အကိုင်တွေ ရမယ်။  ယိုးဒယားနိုင်ငံကလည်း တိုယိုတာထုတ်တာပဲ။ သူတို့ နိုင်ငံမှာ အစကနေ အဆုံးထိ ထုတ်တာ။ တစ်စချင်း ဆင်တာမဟုတ်ဘူး။ အစအဆုံး ထုတ်လိုက်နိုင်မယ်ဆိုလို့ရှိရင် စက်ရုံ၊ အလုပ်ရုံတွေ ပေါများလာမယ်။ မြန်မာ နိုင်ငံမှာရှိတဲ့သူတွေရဲ့  အလုပ်အကိုင် အခွင့် အလမ်းတွေ များလာမှာဖြစ်ပါတယ်။ ဒီ CKD စနစ်ကို နိုင်ငံတော်က အားပေးပြီးတော့ လုပ်စေချင်ပါတယ်။ နောက်ဆုံးမလုပ်နိုင်ဘူးဆိုရင်တောင်မှ ဖက်စပ်လုပ်သင့်တယ်။ အခု Southeast တို့  ဘာတို့ဆို အင်ဂျင်က ဂျပန်ကလာတယ်။ ဂီယာ ဘောက်က ဂျာမနီ၊ ဘော်ဒီပိုင်းက တရုတ် အဲလိုပဲမှာတာ၊ CKD စနစ်ကို အခုတော့မလုပ် နိုင်သေးဘူးပေါ့။  ဒါပေမဲ့  မလုပ်နိုင်သေးရင် တောင်မှ အင်ဂျင်လုံးက ဘယ်ကုမ္ပဏီကမှာတယ်၊ ဒီမှာ အကုန် ဆေးမှုတ်၊ ဒီမှာ အစအဆုံး လုပ်တဲ့ သဘောပါပဲ။ အဲတော့ CKD စနစ်ကို လုပ်လိုက်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပေါပေါများများ ဖြစ်လာမှာဖြစ်ပါတယ်။

အီးဗွီ လျှပ်စစ်ကားတွေ  ပြည်တွင်းထဲ ဝင်ရောက်လာတော့မယ်ဆိုတော့ ဈေးကွက်ရဲ့ စိတ်ဝင်စားမှုအခြေအနေ ဘယ်လိုရှိနေပါသလဲ။
လက်ရှိ မြန်မာပြည်မှာ  ပထမဆုံးသွင်းတဲ့ ကားကတော့ နစ်ဆန်းက သွင်းတဲ့ကားပါ။ ဒီကားက ရန်ကုန်လိုင်စင် မပေးဘူး၊ နယ်လိုင်စင်ပဲ ပေးတာပါ။ အနီးဆုံးဆို ပဲခူးတော့ပေးတာပေါ့။ ရန်ကုန်လိုင်စင်လိုချင်တယ်ဆို ရန်ကုန် စလစ်ကပ်၊ ရန်ကုန်စလစ်က သိန်း တစ်ရာကျော် ရှိတာကိုးကားကတော့ ကောင်းတယ်၊ ဘက်ထရီ ရဲ့ ခံနိုင်ရည်အားက လိုသေးတာပေါ့။ အီးဗွီ လျှပ်စစ်ကားတွေ ပြည်တွင်းမှာ အံဝင်ဖို့ဆို အရေး ကြီးတာ နေရာတိုင်း  မီးမှန်ဖို့ လိုအပ်ပါတယ်။ ဆိုလိုတဲ့သဘောကတော့ လမ်းတွေမှာ အဲဒီ မီးပေးတဲ့ ဘုတ်လေးတွေရှိရင် ပိုကောင်းမှာပေါ့။  နာရီဝက်၊ တစ်နာရီလောက် သွင်းလို့ရအောင် ထောင်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အိမ် ကနေ မီးနဲ့သွင်းမယ် ဆိုရင်လည်း မီတာခကလည်း ရှိသေးတာပေါ့။ မီတာခနဲ့ ဆီဖိုးနဲ့ ပြန်ချိန်ရမယ့်သဘောရှိတာပေါ့။ ယနေ့ လျှပ်စစ်ကားတွေကို လက်ရှိကတော့ အခြေခံလူတန်းစား မစီးနိုင်သေးဘူးပေါ့။ အနိမ့်ဆုံး ကျပ်သိန်း ၁၅၀ဝ လောက်ရှိတယ်။ ဒီသိန်းထောင်ကျော်တဲ့ ဈေးကျတော့ သိပ်အဆင်မပြေနိုင်သေးဘူးပေါ့။
တိဗ္ဗ