Main menu

Background

ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် Senior Sales Executive ဦးအောင်ကိုကိုဆက်နှင့် တွေ့ဆုံမေးမြန်းခြင်း

Tue, 01/03/2023 - 11:52 -- journal_editor

ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပုသိမ်စက်မှုမြို့တော်သည် လေဆိပ်မှ ငါးမိုင်ခန့်၊ မြို့တော်ခန်းမမှ သုံးမိုင်ခန့်နှင့်ဘူတာရုံမှ နှစ်မိုင်ခန့်သာကွာဝေးပြီး ပုသိမ်မြို့နှင့် တစ်ဆက်တည်းဖြစ်သည့် ပုသိမ်-ငပုတောလမ်းမပေါ်တွင် တည်ရှိသည်။ နယ်သာလန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း အစရှိသည့် နိုင်ငံတကာအကြံပေးအဖွဲ့အစည်းများ ပူးပေါင်းကာ ဧက ၆၇၀ဝ အကျယ်အဝန်းတွင် နိုင်ငံတကာအဆင့်မီ ဖော်ဆောင်လျက်ရှိသည်။ ပုသိမ်စက်မှုမြို့တော်၏  အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သည့် ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်း(AIIP) တွင် နိုင်ငံတကာသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး နှစ်စဉ်ကွန်တိန်နာ TEU သုံးသိန်းထိ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ ပုသိမ်စက်မှုစီမံကိန်းနှင့်စပ်လျဉ်း၍ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်  Senior Executive ဦးအောင်ကိုကိုဆက်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ပုသိမ်စက်မှုစီမံကိန်းအကြောင်းလေး သိပါရစေ။

ဒီပရောဂျက်ကို စပြီးတော့ တည်ထောင်တာက ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီကနေပြီးတော့ အကောင်အထည်ဖော်နေတဲ့ စက်မှုဇုန်ဖြစ်ပါတယ်။ အဲဒါကိုမှ နိုင်ငံတကာ အကြံပေးအဖွဲ့အစည်းတွေဖြစ်တဲ့ နယ်သာလန်၊ ဟောင်ကောင်၊ ထိုင်း အစရှိတဲ့ နိုင်ငံတကာအကြံပေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ဧက ၆၇၀ဝ ကို အခြေခံပြီးတော့ နိုင်ငံတကာအဆင့်မီ ဖော်ဆောင်နေတဲ့ ပရောဂျက်ဖြစ်ပါတယ်။ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီကနေပြီး အကောင်အထည်ဖော်နေတဲ့ ပုသိမ်စက်မှုဇုန်မှာ အပိုင်းခြောက်ပိုင်း ခွဲပြီးတော့ ဖော်ဆောင်နေတာပေါ့။ ပထမဦးဆုံး အပိုင်း(၁)နဲ့ အပိုင်း(၂)မှာ အပိုင်း (၁)မှာကျတော့ စက်မှုဇုန်နဲ့ဆိပ်ကမ်းပေါ့။ အဓိကထားပြီး ဖော်ဆောင်နေပါတယ်။ တစ်ဆက်တည်းမှာပဲ  အပိုင်း(၂)မှာကျတော့ လူနေအိမ်ရာတို့၊ ဆိုင်ခန်းတို့ အဲဒါတွေကကျတော့ တစ်ဆင့်ပြီးတစ်ဆင့် သွားတာပေါ့။ အရင်ဦးဆုံး လုပ်ဆောင်နေတာကတော့ စက်မှုဇုန်နဲ့ ဆိပ်ကမ်းပေါ့။  အဲဒါကို အရင်ဦးဆုံး ဦးတည်ပြီးသွားနေတာပေါ့။

လက်ရှိဖော်ဆောင်နေတဲ့ စက်မှုဇုန်နဲ့ ဆိပ်ကမ်း အကြောင်းလေး ပြောပြပေးပါဦး။

ပုသိမ်စက်မှုဇုန်ထဲမှာ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းပေါ့။ အဲဒီမှာ သင်္ဘောတန်ချိန် တစ်သောင်းခွဲ အရွယ်အစားရှိတဲ့ နိုင်ငံတကာကုန်တင်သင်္ဘောတွေ တိုက်ရိုက်ဆိုက်ကပ်နိုင်မှာ ဖြစ်ပြီးတော့ နှစ်စဉ်ကွန်တိန်နာ TEU သုံးသိန်းလောက်ထိ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။ စက်မှုဇုန်မှာတော့ စက်ရုံရှစ်ရုံ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေလည်းရှိနေပါပြီ။ အခု လောလောဆယ်မှာ အထည်ချုပ်စက်ရုံ သုံးရုံ ရှိပါတယ်။ တစ်ဆက်တည်းမှာ ဆန်စက်တွေ သုံးရုံရှိနေပါပြီ။  ဒီနှစ်ထဲမှာ ကုန်စည်ဒိုင်လုပ်ဖို့ အတွက်လည်း ရှိပါတယ်။

ပုသိမ်စက်မှုမှာ ဘယ်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံနေပါသလဲ။

အခုလက်ရှိမှာကတော့ အထည်ချုပ်အနေနဲ့ဆိုရင်တော့ တရုတ်ပြည်က အထည်ချုပ်လုပ်ငန်းရှင်တွေပေါ့။ အရင်တုန်းကတော့ ရန်ကုန် လှိုင်သာယာမှာဖွင့်ထားတဲ့ စက်ရုံတွေပေါ့။ အဲဒါတွေကနေတစ်ဆင့်မှ ပုသိမ်စက်မှုဇုန်ဘက်ကို ပြောင်းရွှေ့ပြီးတော့ လာရောက်လုပ်ကိုင်နေတာပေါ့။ ဆန်စက်တွေကတော့ ပြည်တွင်းကပါ။ ဧရာဟင်္သာဆန်စက်တွေလည်း ရှိပါတယ်။ တခြားလုပ်ကိုင်နေတဲ့ ဆန်စက်ပိုင်ရှင်တွေလည်း လာရောက်ရင်းနှီးမြှုပ်နှံတာရှိပါတယ်။

ပုသိမ်စက်မှုရဲ့ စီမံကိန်းပြီးစီးမှု အခြေအနေလေး ရှင်းပြပေးပါဦး။

လက်ရှိစက်မှုဇုန်မှာ ဧက ၆၇၀ဝ မှာတော့ အပိုင်း ခြောက်ပိုင်းခွဲပြီးတော့ အပိုင်းတစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုအနေနဲ့က အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးလောက် ရှိနေပြီဖြစ်ပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှင်တွေ အသီးသီးရဲ့ ရင်းနှီးမြှုပ်နှံမှုက ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းအထက်မှာရှိပါတယ်။ စက်မှုဇုန်မှာတော့ Pharse တွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေတာဖြစ်ပါတယ်။ Pharse တစ်ခုကို နှစ်နှစ်ကနေ ငါးနှစ်လောက်အထိ အချိန်ယူပြီး ဖော်ဆောင်နေတာပေါ့။ Pharse တစ်ခုနဲ့တစ်ခုမှာဆိုရင်လည်း ဖော်ဆောင်ရတဲ့ဧက အရမ်းများတယ်။

ပုသိမ်စက်မှုရဲ့ ဆိပ်ကမ်းကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို ဆန်တိုက်ရိုက်တင်ပို့မှု အခြေအနေလေး ပြောပြပေးပါဦး။

အခုလက်ရှိ ဆိပ်ကမ်းကနေပြီးတော့ ဆန်တွေကို ဘင်္ဂလားဒေ့ရှ်ကို အဓိကထားပြီး G to G စနစ်နဲ့ တင်ပို့တာပေါ့။ တစ်နှစ်တည်းမှာ ဆန်တန်ချိန် သုံးသောင်းကို တင်ပို့ဖို့အတွက် လျာထားတာပေါ့။ လျာထားတဲ့အထဲမှာလည်း ပို့နေတာ ဆန်တန်ချိန် သုံးသောင်းပြည့်ပါတော့မယ်။  လက်ရှိမှာ ဆိုက်ကပ်နိုင်မယ့် တန်ချိန်သုံးထောင် အရွယ်အစားရှိတဲ့ ကုန်တင်သင်္ဘောတွေပဲ ဆိုက်ကပ်တာဖြစ်တဲ့အတွက် အခုဆိုရင် ဆန်တန်ချိန် သုံးသောင်းပြည့်ဖို့အတွက် အစီးရေ နှစ်စီး လောက်ပဲ လိုအပ်တော့တာပေါ့။  ပထမဦးဆုံးအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို စပြီးတင်ပို့တာတော့ ပထမအဆင့်အနေနဲ့ အောင်မြင်စွာတင်ပို့နိုင်ခဲ့တာပေါ့။ ဒုတိယအဆင့်အနေနဲ့ဆိုရင် ထိုင်းနိုင်ငံ ရနောင်းဘက်ကို ဆက်လက်ပြီးတော့ တင်ပို့ဖို့လည်းရှိပါတယ်။ တတိယအဆင့်အနေနဲ့ အိန္ဒိယပေါ့။ နောက် စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်ဘက်တွေကိုလည်း ဆိပ်ကမ်းကနေပြီး တိုက်ရိုက်တင်ပို့ဖို့လည်း လျာထားပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့တာ သင်္ဘောခုနစ်စင်းလောက်ကတော့ ထွက်ပြီးသွားပြီ။ တစ်စင်းကို ဆန်တန်ချိန် သုံးထောင်လောက်ရှိပါတယ်။  ဆန်တစ်ချိန် တစ်သောင်းကျော်လောက် ပို့ပြီးနေပြီဆိုတော့ မကြာခင်မှာ ဆန်တန်ချိန် သုံးသောင်းအပြည့် တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီစက်မှုမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့  အဆိုပြုထားတဲ့ ပြည်ပကုမ္ပဏီတွေ ရှိပါသလား။

ရှိပါတယ်။ ဒီပရောဂျက်က ၂၀၁၆ က MIC ပါမစ်ကျတယ်။ ကျပြီးတော့မှ Infrastructure တွေဖြစ်တဲ့ မီးတွေ၊ လမ်းတွေ၊ တံတားတွေ၊ မြောင်းတွေ ဒါတွေကို စတင်လုပ်ကိုင်တာဖြစ်ပါတယ်။ အဲလိုလုပ်ကိုင်တဲ့နေရာမှာ ပရောဂျက်အနေနဲ့  ပြင်ပကို ထိတွေ့ခဲ့တာတော့ ၂၀၁၉-၂၀၂၀ အကုန်လောက်ကမှ အပြင်လောကကို စထိတွေ့ခဲ့တာပေါ့။  အဲအချိန်မှာ နိုင်ငံတကာကိုသွားပြီး Event တွေလုပ်တယ်။ အဲတော့ နိုင်ငံပေါင်းစုံကနေပြီးတော့မှ ရင်းနှီးမြှုပ်နှံဖို့အတွက်   စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံအသီးသီးက ကုမ္ပဏီတွေကနေပြီးတော့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ လည်း ရှိပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

စက်မှုဇုန်ကို အဓိကဖော်ဆောင်ရတဲ့ အကြောင်းရင်းက ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူလူထုတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက် အဓိကထားပြီး ဖော်ဆောင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။ Pharse 1 ထဲမှာ စက်ရုံရှစ်ရုံရှိတာ အထည်ချုပ်နဲ့ ဆန်စက်တွေမှာဆိုရင် လုပ်ကိုင်နေတဲ့ အလုပ်သမား အနည်းဆုံး တစ်နေ့ကို သုံးထောင်ကျော် လေးထောင်လောက်ရှိနေပါပြီ။ ရေရှည်မှာတော့ အလုပ်အကိုင်အခွင့်အလမ်းတွေက စက်မှုဇုန်အပြည့်မှာ  အလုပ်အကိုင် အခွင့်အလမ်း ၁ ဒသမ ၅ သန်း ပေးနိုင်ဖို့အတွက် ဖော်ဆောင်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် စီမံကိန်း Pharse 1 ကို အဓိကထားပြီး ဖော်ဆောင်နေတာဖြစ်တဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေအတွက်ဆိုရင်တော့ ဖေ့စ်ဘွတ်ခ်မှာလည်း ပုသိမ်စက်မှုဇုန်နဲ့ပတ်သက်တဲ့ ပေ့ဂျ်လည်းရှိပါတယ်။ အဲဒီကနေလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ အထက်မြန်မာပြည် မန္တလေးမှာလည်း Sales Gallery ရှိပါတယ်။ အဲဒီမှာလည်း အသေးစိတ်အချက်အလက်တွေကို မေးမြန်းလို့ရပါတယ်။ စက်မှုဇုန်ဖြစ်တဲ့အတွက်ကြောင့်မို့ လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်းအကုန်လုံးကို ဖိတ်ခေါ်ပါတယ်။ အကုန်လုံးလာရောက်လုပ်ကိုင်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

တိဗ္ဗ