Main menu

Background

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

Mon, 02/06/2023 - 13:53 -- journal_editor

တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြောင်းအများဆုံးထွက်ရှိတဲ့ ဒေသတွေ ပြောပြပေးပါဦး။

လက်ရှိတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်နှစ်ကို ပြောင်းမစ်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းလောက် ထွက်ပါတယ်။ အများဆုံးထွက်တာကတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းကနေ ၇၀ ရာခိုင်နှုန်းလောက် ထွက်ပါတယ်။ ကျန်တဲ့ ဧရာတီတိုင်းဒေသကြီးကနေ ၁၀ ရာခိုင်နှုန်းလောက်ထွက်တယ်။ ကျန်တာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး တို့ကနေ ၂၀ ရာခိုင်နှုန်းက အနည်းငယ်စီထွက်တာပေါ့။

မြန်မာ့ပြောင်းကို ဘယ်နိုင်ငံတွေကို အများဆုံး တင်ပို့ပါသလဲ။

ပထမပိုင်းက ၂၀၁၈ ခုနှစ် မတိုင်ခင်က တရုတ်ပြည်ဈေးကွက်က အဓိကပို့တယ်။ ပြည်တွင်းမှာ လဲရောင်းတယ်ပေါ့။ ၂၀၁၈ ခုနှစ်ကျတော့ တရုတ်ပြည်က မဝယ်တော့ဘူး။ ကျွန်တော်တို့ GACC မရှိရင် မဝယ်ဘူးဆိုပြီးတော့ လုပ်လိုက် တဲ့အချိန်မှာ ကံကောင်းထောက်မစွာနဲ့ ထိုင်းလမ်းကြောင်း ပွင့်သွားတယ်။ မြန်မာနိုင်ငံက ထွက်သမျှ Export က မက်ထရစ်တန် နှစ်သန်း ကျော်လောက် ထွက်ပါတယ်။ အဲနှစ်သန်းရဲ့ ၈၅ ရာခိုင်နှုန်းလောက်က ထိုင်းတစ်နိုင်ငံတည်းက ဝယ်ပေးတာ။ ၂၀၂၁ ခုနှစ် တောက်လျှောက် ထိုင်းနိုင်ငံကပဲ ဝယ်ပေးတာ။ ပြီးခဲ့တဲ့နှစ်မှာတော့ အပြောင်းအလဲလေးတွေ အများကြီးဖြစ်လာတယ်။ ဖြစ်လာတာက တရုတ်နိုင်ငံကလည်း ပြောင်းတင်ပို့ခွင့် ပြန်ခွင့်ပြုလာတယ်။ GACC လျှောက်တော့ GACC ရတဲ့ ကုမ္ပဏီပေါင်း ၁၁၀ ပေါ်လာတယ်။ အဲဒီကုမ္ပဏီပေါင်း ၁၁၀ ကနေ ရောင်းတဲ့ပမာဏကလည်း အတိုင်းအတာတစ်ခုထိ ဖြစ်လာတယ်။ မကြာခင်မှာ တရုတ်ပြည်က တော်တော်များများ ပြန်ဝယ်မယ်လို့ သိရှိရတယ်။ တရုတ်ပြည်က မက်ထရစ်တန်ချိန် ငါးသောင်းနီးပါး ဝယ်ပြီးပြီလို့ ကျွန်တော်တို့တွက်တယ်။ နောက် ဒီနှစ်ထဲက ဗီယက်နမ်နိုင်ငံက မက်ထရစ်တန်ချိန် တစ်သိန်းနီးပါးလောက် ဝယ်ထားတယ်။ ဖိလစ်ပိုင်လည်း မက်ထရစ်တန်ချိန် တော်တော်များများ ဝယ်ထားတယ်။ ဒီနှစ်မှာတော့ ဝယ်လက်စုံမယ့်သဘောရှိပါတယ်။ ထိုင်းကလည်း ဖေဖော်ဝါရီ ၁ ရက်မှာ သူတို့ရဲ့ အကောက်ခွန်လွတ် ခုနစ်လ ဖွင့်ထားတယ်။ ထိုင်းဘက်ကလည်း ဝယ်ဖို့ ပြင်ဆင်နေကြတယ်။ ရန်ကုန်မှာလဲ ထိုင်းဘက်က တစ်ရက်ခြား တစ်ယောက်ရောက်ကြတယ်။ ရောက်ပြီးတော့ ဂိုဒေါင်တွေ လိုက်ကြည့်ပြီးတော့ ပစ္စည်းရှိတာ သေချာရင် စရံချမယ်ပေါ့။ ပြောရရင်တော့ ဒီနှစ်က ဝယ်လက်စုံမယ့်နှစ်လို့ ပြောလို့ရပါတယ်။

မြန်မာ့ပြောင်းကို ဘယ်နိုင်ငံတွေက အများဆုံး စိတ်ဝင်စားပါသလဲ။

မြန်မာ့ပြောင်းကတော့ စိတ်ဝင်စားမှုများတယ်။ ဂျပန်ဆိုလည်း ဝယ်ချင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဓာတ်ခွဲခန်းစမ်းသပ်ချက် အောင်ဖို့လိုတာပေါ့။ တစ်ခါတလေကျတော့လည်း တရုတ်ပြည်ကတောင်းတဲ့ Report ၊ ဂျပန်ကတောင်းတဲ့ Report တချို့ပေါ့။ အဲဒါကို ပြည်တွင်းမှာ စစ် ဆေးနိုင်တာမရှိသေးဘူး။ အဲဒီတော့ ဗန်ကောက် ကိုပို့ပြီး စစ်ရတယ်။ စစ်ရင်လည်း ကုန်ကျစရိတ် ကမသေးဘူး။  တစ်ခါစစ်ရင်  ကျပ်သိန်း ၈၀ လောက်ကျတယ်။  နောက်ပိုင်းကျရင် ဈေးပိုကောင်းတဲ့ ဂျပန်၊ ထိုင်ဝမ်ဈေးကွက်တွေရဖို့ဆိုရင် အများကြီးဓာတ်ခွဲစစ်ဆေးမှုတွေ ထပ်လုပ်ရမယ်။ မြန်မာ့ပြောင်းက တကယ်ကောင်းတယ် ဆိုတဲ့ဟာကိုပေါ့။ အဲဒါတွေတော့ သက်သေပြဖို့ လိုတာပေါ့။ လက်ရှိသွားနေတဲ့ ထိုင်းရယ်၊ ဗီယက်နမ်ရယ်၊ ဖိလစ်ပိုင်ရယ်၊ တရုတ်ဈေးကွက်ကတော့ အနိမ့်သွားနေတာပေါ့။ နောက်ပိုင်းကျရင်တော့ ဈေးလည်းပိုရတဲ့ ဈေးကွက်အမြင့်ကို သွားဖို့တော့ရှိပါတယ်။

ဒီနှစ် ပြောင်းထွက်ရှိမှု အခြေအနေအပေါ် ဘယ်လိုမြင်မိပါသလဲ။

ပြောင်းထွက်နှုန်းကတော့ လက်ရှိမှာ ကောင်းပါတယ်။ စိုက်ပျိုးရလည်း လွယ်တယ်။ သုံးလ လေးလလောက်ဆိုရင် ငွေပေါ်တယ်။ အရမ်းကြီး ဂရုစိုက်စရာမလိုဘူး။ အခြားတန်ဖိုးကြီး သီးနှံတွေဖြစ်တဲ့ သရက်၊ ထောပတ်၊ ငှက်ပျော တို့လောက် အရမ်းကြီး ဂရုစိုက်စရာမလိုဘူး။ အဲတော့ တိုးချဲ့စိုက်တာရှိတော့ရှိတယ်။ လက်ရှိ Export ထွက်နေတဲ့ ကုန်သွယ်ရေးဒေတာနဲ့ ပြည်တွင်းက အစာစက်တွေသုံးတဲ့ ဒေတာနဲ့ မှန်းကြည့်ရင်တော့ ပြောင်းထုတ်လုပ်မှုက ကျတဲ့ အနေအထားမရှိဘူး။ မက်ထရစ်တန် သုံးသန်းအထက်မှာ ရှိနေတယ်လို့ ယူဆရတယ်။ Export လည်း နှစ်သန်းကျော်ထွက်နေသလို ပြည်တွင်း အစာစက်ကလည်း တစ်သန်းနီးပါးလောက် သုံးနိုင်တယ်။ ကျွန်တော်တို့မှန်းတာတော့ ပြောင်းထုတ်လုပ်နိုင်မှုက သုံးသန်းလောက်မှာ ရှိနေတယ်လို့ ပြောလိုပါတယ်။ အာဆီယံမှာလည်း ပြောင်းပိုတဲ့နိုင်ငံက မြန်မာတစ်နိုင်ငံပဲရှိတယ်။ ဘယ်နိုင်ငံမှ ပြောင်းမပိုဘူး။ လိုတဲ့နိုင်ငံတွေ ချည်းပဲ။ ထိုင်းနိုင်ငံဆို တစ်နှစ်ကို မက်ထရစ်တန် သုံးသန်းလောက်လိုတယ်။ ဗီယက်နမ်နိုင်ငံဆို တစ်နှစ်ကို မက်ထရစ်တန် ၁၄ သန်းလောက်လိုတယ်။ ဖိလစ်ပိုင်နိုင်ငံဆို မက်ထရစ်တန် ရှစ်သန်းလောက်လိုတယ်။ တရုတ်နိုင်ငံက ခုနစ်သန်းလောက်လိုတယ်။ အဲတော့  မြန်မာပြည်ရဲ့ ပတ်ချာလည်မှာ ပြောင်းပိုတဲ့နိုင်ငံမရှိဘူး။ ပြောင်းလိုတဲ့ နိုင်ငံတွေချည်းပဲ။

ပြောင်းစိုက်ပျိုးတဲ့ တောင်သူတွေရဲ့ အခက်အခဲ တွေက ဘယ်လိုရှိပါသလဲ။

တစ်ခါတလေ မျိုးစေ့၊ မြေသြဇာတွေက ဈေးတွေများတယ်။ ဒေါ်လာနဲ့ သွင်းရတာဖြစ်တယ်။ ဥပမာ ဒေါ်လာဈေးအမြင့်နဲ့ တောင်သူက ဝယ်လိုက်ရတယ်။ သူတို့ရောင်းတဲ့ပြောင်းကျတော့ မူဝါဒအရ တစ်ဒေါ်လာ ၂၁၀ဝ နဲ့ တွက်ချက်ပြီး Exporter က ဝယ်တာ။ ကျွန်တော်တို့ဆို ပြောင်းပို့တဲ့သူပါ။ ပြောင်းပို့တော့ ကျွန်တော်တို့သည် မဖြစ်မနေ နိုင်ငံတော်ကို ၂၁၀ဝ နဲ့ သွင်းရတာ ဖြစ်တဲ့အတွက် သွင်းရမယ့်ပိုက်ဆံကို တောင်သူဆီက နုတ်ပြီးမှ ဝယ်ရတာ။ တကယ်တမ်းပြောရင်တော့ တောင်သူက ဒေါ်လာဈေး အပြည့်မရလိုက်ဘူးပေါ့။ အဲလို အခက်အခဲလေးတွေဖြစ်တယ်။ နောက်ပိုင်းညှိနှိုင်းပြီးတော့ မြေသြဇာကော်မတီဆိုလည်း မြေသြဇာကို နိုင်ငံတော်ကသတ်မှတ်တဲ့ တစ်ဒေါ်လာ ၂၁၀ဝ နဲ့ ရောင်းပေးနိုင်အောင်၊ ပြောင်းတွေကို ရွှေ့ဖို့အတွက် လိုအပ်တဲ့ဆီကိုလည်း တစ်ဒေါ်လာ ၂၁၀ဝ နဲ့ ရောင်းပေးနိုင်အောင် နိုင်ငံတော်ကတော့ လုပ်စရာရှိတာလေးတွေလုပ်တာပေါ့။ ဒါပေမဲ့ ဟန်ချက်မညီတဲ့အချိန်မှာတော့ အခက်အခဲလေးတွေ ဖြစ်သွားတာပေါ့။ ဘယ်လိုပဲဖြစ်စေ ပြောင်းလုပ်ငန်းကဏ္ဍက ဆက်လက်ပြီး တိုးတက်မယ့်လုပ်ငန်းဖြစ်ပါတယ်။ 

ပြည်ပနိုင်ငံတွေကို ပြောင်းတင်ပို့မှုကဏ္ဍကနေ ဝင်ငွေရရှိမှု အခြေအနေလေး ပြောပြပေးပါဦး။

ပြောင်းတင်ပို့မှုမှာ ၂၀၁၉ ခုနှစ်က ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ဝ လောက်ရတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၄၀ဝ၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ နီးပါးထိ ရခဲ့တယ်။ ဒီနှစ်လည်း သန်း  ၆၀ဝ အောက် လျော့မယ့်သဘောမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုကြောင့် ဈေးတွေက ဆက်တက်ဖို့ရှိတယ်။ ဒါကို ပိုပြီး အခွင့်အရေးယူပြီးတော့ ကုန်ကြမ်းတွေကို ထုတ်လုပ်အောင် ကြိုးစားလိုက်ရင် အခွင့်အရေးရနိုင်ပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ဒီနှစ်က အပြိုင်ဝယ်ကြမယ့်သဘောဖြစ်နေတယ်။ ဈေးကလည်း စံချိန်တင်ဈေးဖြစ်ဖို့ အလားအလာရှိနေတယ်။ တကယ်တမ်းပြောရင် ပြောင်းဈေးက တစ်ပိဿာ ကျပ် ၁၂၅၀ လောက် သာသာလေးဖြစ်နေပြီ။ ဒါတွေက ပြီးခဲ့တဲ့နှစ်မှာဆို ဇွန်လလောက်မှာဖြစ်တဲ့ အမြင့်ဆုံးဈေးတွေ။ အခုက ဇန်နဝါရီမှာ အဲဈေးဖြစ်နေပြီ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ထိုင်းမဖွင့်သေးဘူး။ ထိုင်းဖွင့်လိုက်ရင် ဈေးက ထပ်ခုန်လာမှာ။ ဆိုတော့ ဒီနှစ်က ဝယ်လက်စုံတယ်။ တရုတ်ပြည်ရဲ့ အနေအထားအရလည်း ယူနန်ပြည်နယ်က တရုတ်တစ်ပြည်လုံးမှာ ပြောင်းဈေးအမြင့်ဆုံး နေရာဖြစ်တယ်။ ကံကောင်းတာက ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ယူနန်ပြည်နယ်က ဆက်စပ်ပြည်နယ်ဖြစ်တယ်။ အဲတော့ အဲကနေ အနီးဆုံးနဲ့ ယူနန်ပြည်နယ်ထဲကို ပြောင်းကို ရွှေ့လို့ရတယ်။ ဒီနှစ်မှာ တရုတ်နှစ်ကူးရှိနေလို့ ခဏငြိမ်နေတယ်လို့ ယူဆလို့ရတယ်။ ဖေဖော်ဝါရီလလယ်လောက်ဆိုရင် ရှမ်းမြောက်ပြောင်းက အောက်ကိုဆင်းလာမယ်တောင် မထင်ဘူး။   အကုန်လုံးက ချင်းရွှေဟော်ကနေ GACC ကုမ္ပဏီတွေနဲ့ ထွက်သွားလိမ့်မယ်။ ချင်းရွှေဟော်နဲ့ ကျင့်စန်းကျော့ ကနေ ထွက်သွားမယ်လို့ထင်ပါတယ်။

တိဗ္ဗ