မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအနေဖြင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသည့် စားသောက်ကုန် လုပ်ငန်း များ ဘေးအန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းလတ်ဆတ်သည့် စားသောက်ကုန်များ၊ အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ စနစ်တကျ ထုတ်လုပ်နိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည့် သင်တန်းများလည်း ပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်၌ ထုတ်လုပ်လျက်ရှိသည့် စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းမှု၊ အရည်အသွေးပြည့်ဝမှု ဘယ်လောက်ထိရှိနေပါသလဲ။ စားသုံးသူများအနေဖြင့်လည်း စားသောက်ကုန် များအား မည်သို့ ရွေးချယ်စားသောက်သင့်ပါသလဲ ဆိုခြင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) စီအီးအို ဒေါ်ဇာဇာလှိုင်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက် ရပါသည်။
စားသောက်ကုန်ထုတ်လုပ်သူတွေအနေနဲ့ရော စားသောက်ကုန်တွေကို ဘယ်လိုမျိုး ထုတ်လုပ်သင့်ပါသလဲ။
စားသောက်ကုန် လုပ်တဲ့သူတွေအကုန်လုံးက ကိုယ့်ရဲ့ ကွာလတီကို အမြဲတမ်း စစ်သင့်တယ်။ပိုးတွေအကုန်လုံးက မျက်စိနဲ့မြင်နိုင်တာမရှိဘူး။ အညွှန်းမှာဆိုလို့ရှိရင်လည်း ပါဝင်တဲ့ Nutrition အမျိုးအစားတွေကိုတပ်သင့်တယ်။ ဥပမာ ဆီးချို ရှိတဲ့သူတစ်ယောက်က ဆိုဒီယမ်တွေအရမ်းများ နေတယ် မတည့်ဘူးဆိုတာ အလွယ်တကူသိနိုင် မှာဖြစ်ပါတယ်။ ရွေးချယ်စားသောက်ဖို့အတွက် ကိုလည်း အကြံဉာဏ်တွေအများကြီး ပေးဖို့လိုတယ်။ ကာဗွန်ဟိုက်ဒရိတ်တွေ အရမ်းများနေ မယ်ပေါ့။ ဒါတွေကိုလည်း သိနိုင်မယ်။ ဒီလိုတွေလုပ်မှပဲ ရွေးချယ်စားသုံးတတ်လာမှာ ဖြစ်ပါတယ်။ FDA အနေနဲ့လည်း အမြဲတမ်း ဒါတွေကို အများကြီး အသိပညာ ဗဟုသုတပေးသင့်ပါတယ်။ ကျန်းမာရေးဘက်က သက်ဆိုင်ရာဌာန တွေကလည်း အသိပညာ ပေးသင့်ပါတယ်။ စားသုံးသူရေးရာကလည်း အညွှန်းတွေကို မြန်မာလိုကပ်တာ အရမ်းကောင်းတယ်။ အရင်တုန်းကဆို ဆရာဝန်တွေဆီသာ သွားပြလိုက်ရတာ။ စားသောက်ကုန်တွေမှာ အညွှန်းတွေ ပြည့်စုံအောင်ကပ်သင့်တယ်။ ကပ်မှလည်း ဒါကို စားခြင်းဖြင့် Energy ဘယ်လောက်ရမလဲ။ ပရို တင်းဘယ်လောက်ရမလဲဆိုတာ သိသွားမယ်။နောက်ပြီး ထုတ်လုပ်သူတွေအနေနဲ့လည်း ကိုယ်ထုတ်တဲ့ ထုတ်ကုန်က ဘယ်လိုမျိုးလဲ။ တကယ်လို့ မြေကြီးထဲက ထွက်လာတယ်ဆို ပိုးမွှားတွေ များ၊ မများ စစ်သင့်တယ်။ ဆီသမား တွေဆိုလည်း ဆီချေးအနံ့တွေ နံလား၊ မနံလား စစ်သင့်တယ်။ အဲဒါတွေမှာက သတ်မှတ်ထားတဲ့ Limit ရှိတယ်။ အဲဒီ Limit ထက် ကျော်ပြီဆိုလို့ ရှိရင်တော့ ဒီထုတ်ကုန်က မကောင်းတော့ဘူးပေါ့။ စားသောက်ကုန်တွေ အကုန်လုံးက သန့်သန့်ပြန့်ပြန့်နဲ့တော့ ထုတ်သင့်တာပေါ့။ စားသောက်ကုန်တွေအကုန်လုံး Safety ဖြစ်ပြီး ကြာရှည်ခံဖို့အတွက်က သန့်သန့်ရှင်းရှင်းနဲ့ လုပ်မှအဆင်ပြေမယ်။ စားသောက်ထုတ်ကုန်တွေ ထုတ်နေတဲ့ ပတ်ဝန်းကျင်အနီးမှာ တိရစ္ဆာန်တွေ ရှိတာမျိုးတွေ မရှိသင့်ဘူး။ ထုတ်ကုန်က ကောင်းပေမယ့် အဲဒီအကျိုးဆက်ကြောင့် မကောင်းဘူး ဖြစ်သွားနိုင် တယ်။ စားသောက်ကုန် ထုတ်တဲ့နေရာတွေက အရမ်းအရေးကြီးတယ်။ ကောင်းကောင်းမွန်မွန်နဲ့ ရေရှည်ခံချင်တယ်ဆို သန့်သန့်ပြန့်ပြန့် ထုတ်သင့်ပါတယ်။ စားသောက်ကုန်လုပ်ငန်း လုပ်တဲ့သူတွေအနေနဲ့ လုပ်ငန်းလုပ်ကိုင် တဲ့နေရာ ပတ်ဝန်းကျင်ကောင်း တစ်ခုရှိဖို့ လိုအပ်တယ်။ အဲဒါမှ Safe ဖြစ်တဲ့ စားသောက်ကုန်တွေ ဖြစ်လာမှာပါ။
စားသုံးသူ တွေအနေနဲ့ စားသောက်ကုန်တွေကို ဝယ်ယူစားသောက်တဲ့အခါ ဘယ်လိုမျိုး ရွေး ချယ်စားသောက်သင့်ပါသလဲ။
စားသုံးသူတွေအနေနဲ့ကလည်း စားသောက်ကုန်တွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်သင့်တယ်။ ကိုယ်စားတဲ့ စားသောက်ကုန်သည် ဘယ်ကထုတ်တာလဲ၊ ဘယ်လို အရည်အသွေးတွေရှိလဲ၊ အဲဒီထဲမှာ ဘာတွေပါလဲ။ အညွှန်းတွေက ဘာတွေလဲ ဒါတွေကို သေချာဖတ်ပြီးမှ စားသောက်သင့်တယ်။ ကျန်းမာရေးနဲ့ မကိုက်ညီဘူး။ ဥပမာ သွေးတိုးရှိတဲ့သူဆို ဆိုဒီယမ်တွေအများကြီးပါတဲ့ စားသောက်ကုန်ဆို မစားသင့်ဘူး။ အဲအတွက်ကြောင့် စားသုံးသူတွေ အနေနဲ့ကလည်း ရွေးချယ်စားသောက်တက်ဖို့တော့ လိုမယ်။ အဲဒီအတွက် စားသောက်ကုန်တွေမှာ အညွှန်းတွေကို သေချာကြည့်ရမယ်။ ဒါမှ ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာဖြစ်သလို ကိုယ့်ကိုယ် ကိုယ်လည်း ဂရုစိုက်ရာ ကျမယ်။ ကျွန်မတို့နိုင်ငံမှာက ဘယ်လိုဖြစ်နေသလဲဆိုတော့ ဥပမာ ဂွတ်မောနင်းက ငါးရာတန်ပေါင်မုန့်နဲ့ အခြား ပေါင်မုန့်ငါးရာတန်နဲ့ဆို ဂွတ်မောနင်း ငါးရာတန်က သေချာ စစ်ဆေးထားတယ်။ HACCP လည်း ရထားတယ်။ ဒါပေမဲ့ အရွယ်အစားသေးတယ်။ အခြား ကျပ်ငါးရာတန်ပေါင်မုန့်က အကြီးကြီးပဲ ဘာပါလဲဆိုတော့ နာမည်လေးတစ်ခုပဲ တပ်ထားတယ်။ ဒါပေမဲ့ နိုင်ငံက ဆင်းရဲတော့ ဘာစားလဲဆိုတော့ ပေါင်မုန့်ကြီးတဲ့ဟာကို ရွေးစားတယ်။ နိုင်ငံအနေအထားအရလည်း ပေါင်မုန့်ဆို ကြီးတာနဲ့ သေးတာ ဘာစားမလဲဆို ကြီးတာ စားမှာပဲ။ ဗိုက်ပြည့်တာပဲ ရွေးစားတာပေါ့။ အဲလို ရွေးစားတော့ အရမ်း Safe ဖြစ်တဲ့ စားသောက်ကုန်တွေက အခွန်တွေလည်း ဆောင်ထားရ တော့ ကြာရင်ပျောက်သွားနိုင်တယ်။ ရေရှည် တောင့်ခံနိုင်ဖို့အတွက်က ကွာလတီ မကောင်းလို့မဟုတ်ဘူး။ အသေးစား၊ အလတ်စားတွေကို တိုးတက်အောင် လုပ်တာမှန်ပေမယ့် လုပ်ငန်းတွေကလည်း အရည်အသွေးမီမီနဲ့ တက်လာရမှာဖြစ်တယ်။
အသေးစား၊ အလတ်စား စားသောက်ကုန်ထုတ်တဲ့ လုပ်ငန်းတွေကိုရော ဘယ်လိုမျိုးထိန်းကျောင်း သင့်ပါသလဲ။
လုပ်ငန်းအကြီးတွေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေကို ထုတ်တဲ့ဥပဒေက တူသင့်တယ်။ လုပ်ငန်းကြီးတွေရဲ့ ဥပဒေက လုပ်ငန်းသေး တွေရဲ့ ဥပဒေနဲ့မညီရင် လုပ်ငန်းသေးတွေက လုပ်ငန်းကြီးတွေ ဖြစ်လာမှာမဟုတ်ဘူး။ ဒီ အတိုင်းပဲ တည်ရှိနေမှာပေါ့။စားသောက်ကုန် ထုတ်တဲ့နေရာမှာ ထုတ်ကုန်တစ်ခုက ဘယ် လောက်ခံမလဲ။ ထည့်လိုက်တဲ့ Limit ၊ ဘယ်လို ထားရမလဲ အဲဒါတွေအကုန်လုံးက ထိန်းသိမ်း သင့်တယ်။ Chemical တွေဆိုလည်း သေသေ ချာချာသုံးသင့်တယ်။ ထုတ်နေတဲ့ အသေးစား လုပ်ငန်းလေးတွေဆိုရင် မကောင်းဘူးဆိုပေမယ့်လည်း ထပ်ထည့်ထုတ်နေတာရှိတယ်။အဲတော့ တချို့ဟာတွေဆို စားရင်းနဲ့ မစားနိုင်တော့တာမျိုးဖြစ်တယ်။ တချို့ပေါင်မုန့်တွေ မှာက ပိုးရှိနေရင် ပိုးတွေသည် ရပ်သွားမှာမဟုတ်ဘူး။ ပိုးတွေက ဆတိုးနဲ့ များလာတာဆိုတော့ ပေါင်မုန့်တွေ အညိုကွက်တွေဖြစ်သွားတာက ပိုးတွေ ပိုများလာတာဖြစ်တယ်။ အဲလိုမျိုးတွေရှိတယ်။ အဲတော့ စားသောက်ကုန် ထုတ်တဲ့သူတွေ အနေနဲ့ သေချာစွာပဲ ထုတ်သင့်တယ်။ အရမ်းသေးတဲ့ ဟာလေးတွေကလည်း သေချာ ပိုင်ပိုင်နိုင်နိုင်လုပ်ပြီးမှပဲ ထုတ်သင့်တယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ထုတ်လုပ်တဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ ထုတ်ကုန်၊ အရည်အသွေးတွေ ကောင်းဖို့ အတွက်ကို အမြဲတမ်း ကုန်ကြမ်းကနေစပြီး စစ်ဆေးပြီးတော့ သေသေချာချာ ထုတ်သင့် တယ်။ ကိုယ့်ထုတ်ကုန်ရဲ့ အရည်အသွေးကို လည်း အမြဲတမ်း စစ်ဆေးနေသင့်တယ်။ ထုတ် တဲ့သူတွေကလည်း ကုန်ကြမ်းကနေစပြီးတော့ ကုန်ချောအထိ အရည်အသွေးကို သေချာလေး စစ်ဆေးပြီးတော့ ထုတ်ရမှာဖြစ်သလို စားသုံးသူ တွေကလည်းအညွှန်းတွေကို သေချာကြည့်ပြီး တော့ စားသုံးသင့်တယ်လို့အကြံပြုချင်ပါတယ်။
တိဗ္ဗ