Main menu

Background

ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပျားမွေးမြူရေးလုပ်ငန်း

Wed, 11/30/2011 - 07:40 -- Anonymous (not verified)

(ယခင်အပတ်မှ အဆက်)

ပျားစာကျွေးခြင်း

               ပျား၏ သဘာဝအစာမှာ ဝတ်ရည်နှင့် ဝတ်မှုန်တို့ဖြစ်ပါသည်။ ဝတ်ရည်ကို ပျားရည်အဖြစ် ပြောင်းလဲကာ ပျားအုံတွင် သိုလှောင်ထားပြီး အစာရှားပါးချိန်တွင် ပျားရည်ကို ရေနှင့်ရောကာ စားသုံး ကြပါသည်။ ဝတ်မှုန်ကို ပျားရည်နှင့်ရောကာ ပျားကိတ်အဖြစ် သိုလှောင်ထားကြသည်။ ဝတ်ရည်မှ ပျားတို့အတွက် ကာဘိုဟိုက်ဒြိတ်ရရှိပြီး ဝတ်မှုန်မှ ပရိုတိန်းဓာတ်ကိုရရှိသည်။ ပျားအုံများကို ပျားရည် အစား ပျားစာကျွေးပေးရမည့် အခြေအနေတွင် ပျားစာအဖြစ် သကြားကို သကြားမှုန့်၊ သကြားခဲ၊ သကြားရည်များပြုလုပ်၍ ကျွေးနိုင်ပါသည်။ ပျား စာကျွေးခြင်းကို မွန်းလွဲ၊ ညနေပိုင်းအချိန်တွင်သာ ပြုလုပ်ရမည်ဖြစ်သည်။ ပျားစာကျွေးပေးရန် လို အပ်သောအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
 
(က) ပျားအုံအသစ်များ စတင်ပြုလုပ်ခြင်းနှင့် ၎င်းပျားအုံအသစ်များတွင် ပျားသလက် ဘောင် တည်ဆောက်ရန်နှင့် သား လောင်းပေါက်ဖွားခြင်း။
(ခ) ပျားအုံများ ကိုင်တွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်ခြင်း။
(ဂ) ဝတ်ရည်ပေါများသော ရာသီဖြစ်သော် လည်း ရာသီဥတုဆိုးဝါးချိန် ပျားများ အပြင်သို့ အစာရှာ မထွက်နိုင်ချိန်နှင့် အစာပြတ်ချိန်တို့တွင် ဖြည့်စွက်စာ အဖြစ် ကျွေးရန်လိုအပ်ခြင်း။
 
ပျားစာကျွေးခြင်းအမျိုးအစားများ
 
              လှုံ့ဆော်စာ ကျွေးခြင်း(Simulative Feeding) မှာ ပျားအုံများကို သာမန်အခြေအနေ များထက်ပို၍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ကျွေးခြင်းဖြစ်သည်။ ကျွေးရမည့်ပမာဏမှာ ပြင်ပမှ အစာရရှိမှု၊ ပျားအုံအတွင်းရှိ ပျားဦးရေနှင့် သား လောင်းပေါက်ပွားမှု အခြေအနေတို့အပေါ်တွင် မူတည်ပါသည်။ သကြားရည်ဖျော်ရာ၌ သကြား ၁ ဆ၊ ရေ ၂ ဆအချိုးဖြင့် ဖျော်ရပါသည်။ ဖြည့်စွက်စာကျွေးခြင်း  (Supplementary Feeding)  ကို ပျားအုံအတွင်းရှိ ပျားစာပမာဏ နှင့် ပျားကောင်ရေညီမျှမှုမရှိသည့် အခြေအနေတွင် ကျွေးမွေးရပါသည်။ ကျွေးရမည့် ပမာဏမှာ ပြင်ပမှ အစာရရှိမှုနှင့် ပျားကောင်ရေပေါ်တွင် မူတည်၍ သကြားဖျော်ရည်အချိုးမှာ သကြား ၁ ဆ၊ ရေ ၁ ဆ အချိုးဖြစ်ပါသည်။ အစာပေါများချိန် ဖြစ်သော်လည်း ရာသီဥတုအခြေအနေအရ အပြင် ထွက် အစာမရှာနိုင်ချိန်တွင် ကျွေးပေးသင့်ပါ သည်။
                 ဆောင်းတွင်း အစာကျွေးခြင်(Winter Feeding or mass feeding)မှာ ရာသီဥတု အလွန်အေး၍ ပျားစာများ လုံးဝမရှိခြင်းနှင့် ပျားများ ပျားအုံပြင်ပသို့မထွက်နိုင်သည့် အခြေအနေ တွင် ကျွေးရခြင်းဖြစ်ပါသည်။ ကျွေးရမည့်ပမာဏ မှာ ပျားကောင်ရေ၊ ပျားအုံတွင်းရှိ အစာစုဆောင်းမှုအခြေအနေနှင့် နေရာဒေသတို့အပေါ်တွင် မူ တည်ပြီး သကြားဖျော်ရည်အချိုးမှာ သကြား ၂ ဆ၊ ရေ ၁ ဆ ဖြစ်ပါသည်။
        ပျားစာကျွေးခြင်း အမျိုးအစားကိုလိုက်၍ ပျားစာကျွေးကိရိယာများကို အသုံးပြုကြပါသည်။ ပျားစာကျွေးကိရိယာများမှာ Tray type feeder, Division board feeder နှင့် Friction top feeder တို့ဖြစ်ကြပါသည်။ ပျားအုံတွင်း၌ ပျား ဘုရင်မကို ဥ မအုစေချင်လျှင် အစာရှားပါးချိန်၌ ပျားဖယောင်း အခြေခံပြားများအား ဆက်၍ ဆောက်စေလိုလျှင် ပျားအိမ်၏ အပေါ်ဘက်တွင် အတွင်းဖုံးနေရာ၌ Tray type feeder ကို တင်၍ အသုံးပြုနိုင်ပါသည်။ ပျားဘုရင်မများအား မိတ်အောင်မြင်အောင် ပြုလုပ်ပေးသောပျားအိမ်များ၏ နေရာတွင် Division board feeder  ကို အသုံး ပြုနိုင်ပါသည်။ Friction Top feeder မှာ အများဆုံးအသုံးပြုသော ကိရိယာဖြစ်ပြီး ပျားအိမ်အမျိုး မျိုး၌ အသုံးပြုနိုင်ပါသည်။
           
ပျားများအား ရာသီအလိုက် ကိုင်တွယ်ထိန်းသိမ်းခြင်း
 
                 ပျားအုံများ ရာသီအလိုက် ကိုင်တွယ်ထိန်းသိမ်းခြင်းမှာ ခေတ်မီပျား မွေးမြူရေးအတွက် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ ပျားအုံ၏ လုပ်ငန်းများဖြစ်သော အစာစုဆောင်းခြင်း၊ ပျားအုံအင်အား တိုးပွားခြင်းနှင့် သင်းခွဲခြင်းများပြုလုပ် တတ်ကြသဖြင့် ပျားအုံအား စနစ်တကျ ရာသီ အလိုက် ကိုင်တွယ်ထိန်းသိမ်းတတ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ဆောင်းရာသီအခြေအနေ အရ ဒေသအများစု၌ ပျားများလုံးဝအစာပြတ်လပ် ချိန်ဟူ၍ သတ်မှတ်နိုင်သော အခြေအနေမျိုး မရှိ နိုင်ဘဲ မိုးနှင့် နွေတို့၌သာ အစာရရှိမှုနည်းပါးသွား ခြင်းသာ ရှိပါသည်။
                     မြန်မာနိုင်ငံတွင် ပျားစခန်းများကို ကုန်း မြင့်ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်နှင့် မြေပြန့်ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းတို့၌ တည်ထောင်ဖွင့်လှစ်ထားခြင်းကြောင့် ရာသီအလိုက် ကိုင်တွယ်ထိန်း သိမ်းမှုအား နှစ်မျိုးခွဲခြားထားပါသည်။ ကုန်းမြင့်ဒေသ၌ ဆောင်းရာသီမှာ ပျားရည်ထွက်ရာသီ (Honey flow period)  ဖြစ်ပြီး မိုး ရာသီမှာ အစာရှားပါးချိန်ဖြစ်သည်။ မြေပြန့်ဒေသ ၌မူ ဆောင်းရာသီ၌သာမကဘဲ ဒေသတစ်ခုချင်း အလိုက် စိုက်ပျိုးသီးနှံများ၊ ဥပမာ-နှမ်း၊ နေကြာ၊ ဆီးတို့ ဖူးပွင့်ချိန်တွင်လည်း ပျားရည်ထွက်ရာသီ ကဲ့သို့ပင် ပျားရည်ရရှိနိုင်မည်ဖြစ်သည်။ စိုက်ပျိုးပင်များ၊ ရိတ်သိမ်းစအချိန်၊ စိုက်ပျိုးစ အချိန်နှင့် သဘာဝပေါက်ပင်များမှ အစာရရှိမှုနည်းပါးသော နွေရာသီအချိန်များသည် အစာရှားပါးချိန် ဖြစ်သည်။ ပျားအုံတစ်အုံတွင် အင်အားပြုစုပျိုးထောင်ချိန်၊ ပျားရည်ထွက်ရာသီနှင့် အစာရှားပါးချိန်တို့ မှာ အစဉ်လိုက်ဖြစ်ပေါ်လျက်ရှိသဖြင့် ပြုပြင် ပြောင်းလဲမှုများအား ပျားမွေးမြူသူများက ဂရုတစိုက်လေ့လာ၍ အကောင်းဆုံးပံ့ပိုးပေးမှသာ ပျားအုံများမှ အကောင်းဆုံးအကျိုး တရားများ ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)